နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များ
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များ
Ministry of Information/ နေပြည်တော် / May 03, 2020
ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးဟူသော မျှော်မှန်းချက်နှင့်အညီ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ နိုင်ငံတော် အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးနှင့် ပြည်သူ ဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနပင်ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယခင် က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ရုံးအမိန့်အမှတ်(၁/၂၀၁၈)ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ လွှဲပြောင်း ဖွဲ့စည်းတာဝန်ထမ်းဆောင်စေခဲ့ သည်။
“ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က” ဆိုသည့်အတိုင်း ပြည်သူလူထုအတွက် ရိုးရှင်း လွယ်ကူသည့် စီမံခန့်ခွဲမှုစနစ်နှင့် ဝန်ဆောင်မှု ပုံစံဖြစ်ပြီး အချိန်ကုန်သက်သာရန်၊ ဝန်ထုပ် ဝန်ပိုးများ လျော့နည်းရန်၊ ဥပဒေနှင့်အညီ အားလုံးတန်းတူညီမျှရရှိနိုင်မည့်စနစ်နှင့် ပုံစံ ဖော်ထုတ် ပေးရန် တို့ကို ဦးစားပေးပြောင်းလဲရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မျှော်မှန်း ထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ကို စီမံရေးရာဌာန၊ အထွေထွေဌာန၊ မြေယာ ဌာန၊ ယစ်မျိုးနှင့်အခွန်ဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၊ နိုင်ငံတကာရေးရာဌာန စသည်ဖြင့် ဌာန ၇ ခု နှင့် အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်း ၁ ကျောင်းတို့ဖြင့် ဖွဲ့စည်းထားရှိပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကိုင်တွယ်ကျင့်သုံး လျက်ရှိသော ဥပဒေ ၁၉ ခု၊ နည်းဥပဒေ ၁၀ ခု၊ လုပ်ထုံးလုပ်နည်း ၂ ခုနှင့် ပြဋ္ဌာန်းချက် ၂ ခု ရှိ ကြောင်း သိရသည်။
အစိုးရအဖွဲ့မှ ချမှတ်ပေးသော လုပ်ငန်း တာဝန်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ပေးအပ်သော လုပ်ငန်းတာဝန် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် အခြားဝန်ကြီး ဌာနများမှ ပေးအပ်လာသော လုပ်ငန်းတာဝန် များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပင်မလုပ်ငန်းတာဝန်များဖြစ်သော မြေယာစီမံ ခန့်ခွဲခြင်းလုပ်ငန်း၊ ယစ်မျိုးစီမံခန့်ခွဲခြင်း လုပ်ငန်း၊ အခွန် (၄) မျိုး ကောက်ခံခြင်းလုပ်ငန်း၊ မြို့နှင့် ကျေးရွာများ စနစ်တကျဖွဲ့စည်းရေး လုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့် ပြုရေးလုပ်ငန်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း လုပ်ငန်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြေယာစီမံခန့်ခွဲရေးလုပ်ငန်းအနေဖြင့် မြေယာစီမံခန့်ခွဲမှုများ ဥပဒေနှင့်အညီဖြစ်စေ ရေးဟူသော ရည်မှန်းချက်နှင့်အညီ ဆောင်ရွက် လျက်ရှိသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြေယာစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ ဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြို့မြေ၊ ကျေးရွာမြေ၊ မြစ်ကမ်းသဲသောင်မြေ၊ ရေကန်မြေ၊ သုသာန် မြေ၊ ကျေးရွာဘုံမြေ၊ စားကျက်မြေနှင့် သာသနာမြေ (အခွန်လွတ်သာသနာ့မြေ၊ ဗဒ္ဓ သိမ်မြေ) များကို ဌာနဆိုင်ရာများအတွက် မြေသိမ်းပေးခြင်း၊ မြေလွှဲပေးခြင်း၊ သာသနာ ရေးနှင့် ဝင်ငွေမရှိသော လူမှုရေးလုပ်ငန်းများ အတွက် အခွန်လွတ်သာသနာ့ဂရန်၊ ဗဒ္ဓသိမ် ဂရန်ထုတ်ပေးခြင်း၊ မြေငှား လိုင်စင်ထုတ်ပေး ခြင်း၊ နှစ်တိုနှစ်ရှည်မြေငှားဂရန် ထုတ်ပေးခြင်း၊ သုဿာန်မြေသတ်မှတ်ခြင်းနှင့် ပယ်ဖျက်ခြင်း၊ စားကျက်မြေသတ်မှတ်ခြင်းနှင့် ပယ်ဖျက်ခြင်း၊ ကျေးရွာဘုံမြေသတ်မှတ်ခြင်းနှင့် ပယ်ဖျက် ခြင်း၊ မြေယာအငြင်းပွားမှုများ ဖြေရှင်း ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြားသားပိုင် မရွှေ့ မပြောင်းနိုင်သော မြေယာကိစ္စများကို ဆောင်ရွက်လျက်ရှိသည်။
စတုတ္ထ (၁) နှစ်တာကာလအတွင်း မြေလွှဲ ၁၇၄ ခုကို ဆောင်ရွက်နိုင်ခဲ့ပြီး အခွန်လွတ် သာသနာ့ဂရန် ၁၀၂ ခု၊ ဗဒ္ဓသိမ်ဂရန် ၅၂ ခု၊ နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် စားကျက်မြေပယ်ဖျက်ခွင့် ၁၇ ခု၊ ၅ ဧကနှင့် အထက် မြေငှားဂရန် ၃၁ ခု၊ ၅ ဧကအောက် မြေငှားဂရန် ၁၄၅၂၀ နှင့် ကျေးရွာမြေငှားဂရန် ၁၆၈၅ ခုတို့ကို ထုတ်ပေးနိုင်ခဲ့သည်။
ပြည်သူများအတွက် မြေငှားဂရန်များ ထုတ်ယူရရှိခြင်းဖြင့် ပိုင်ဆိုင်မှုအထောက် အထား ကင်းမဲ့စွာနေထိုင်ရခြင်းအစား ခိုင်မာ သည့် တရားဝင်အထောက်အထား မြေငှားဂရန် ရရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ပိုမိုရရှိခြင်းနှင့် စိတ်အေးချမ်းသာ စွာဖြင့် စီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင် သည့် အခွင့်အလမ်းများရရှိခြင်းစသည့် အကျိုး ကျေးဇူးများကိုရရှိကာ နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သော အခွန်ငွေများကို ရရှိလာ မည်ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေ ဖြင့် ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်းကို ယစ်မျိုး စီမံခန့်ခွဲမှု စနစ်တကျဖြစ်စေရေး ဟူသော ရည်မှန်းချက်ကို ချမှတ်ပြီး အရက်သေစာ သောက်စားမှု အလေ့အထပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်၊ သေရည်သေရက် ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင် ထုတ်လုပ် မှု၊ ရောင်းချမှုမရှိစေဘဲ အရက်များပေါ်တွင် အခွန်ကြီးမြင့်နိုင်သမျှ ကြီးမြှင့်ကောက်ခံရန်၊ မူးယစ်စေတတ်သော သေရည်သေရက်ကို ရောင်းချခြင်းမှ အခွန်ငွေရရှိစေရန်သာမက ၎င်းကို သောက်စားသုံးစွဲခြင်း ခေါင်းပါးစေရန် ရည်ရွယ်၍ သေရည် သေရက်ရောင်းချခြင်းကို အခွန်ကောက်ခံသည်ဟု အမြဲနှလုံးသွင်းရန် ဟူသော ယစ်မျိုးမူဝါဒကို ချမှတ်ဆောင်ရွက် လျက်ရှိသည်။
ပြည်ပမှတင်သွင်းလာသော အရက် (Imported Liquor) များထက် အခွန်နှုန်းမများ စေရန်နှင့် ခွင့်ပြုယစ်မျိုးဆိုင်အရေအတွက်ကို ကန့်သတ်ထားရန်ဟူသော ယစ်မျိုးဆိုင်ရာ အခြေခံမူများကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
တစ်နိုင်ငံလုံးတွင် ယစ်မျိုးလိုင်စင်အရေ အတွက် ၄၁၁၃၁ ခုကို ခွင့်ပြုပေးခဲ့ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန် ငွေများ အပြည့်အဝရရှိစေရန်၊ လိုင်စင်မဲ့ဆောင် ရွက်မှုများကို ဥပဒေနှင့်အညီ စနစ်တကျအရေး ယူနိုင်ရေးအတွက် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေး အဖွဲ့(Task Force)များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ဗဟိုအဆင့်များ ဖွဲ့စည်း၍ ပညာပေးဆွေးနွေးခြင်း နည်းလမ်း၊ စီမံခန့်ခွဲရေးနည်းလမ်းနှင့် အုပ်ချုပ်ရေး နည်းလမ်းတို့ဖြင့် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အခွန် (၄) မျိုးကောက်ခံခြင်းကို လျာထားချက် ပြည့်မီကျော်လွန်အောင် ကောက်ခံရေးဟူသော ရည်မှန်းချက်ကို ချမှတ်ပြီး ယစ်မျိုးခွန်၊ မြေခွန်၊ တာတမံခွန်နှင့် ဓာတ်သတ္တုခွန်များကို ကောက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယခု ဘဏ္ဍာ ရေးနှစ် ပထမ (၆) လပတ်ကာလအတွင်း ငွေကျပ် ၂၈၃၉၈ ဒသမ ၉၄၆ သန်း ကောက်ခံရရှိ ခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြို့နှင့် ကျေးရွာများ စနစ်တကျဖြစ်စေရေး လုပ်ငန်းအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ မြို့နှင့်ကျေးရွာ များ စနစ်တကျ ဖွဲ့စည်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ခရိုင် ၁ ခု၊ မြို့ ၅ ခု၊ ရပ်ကွက် ၃၉ ခု၊ ကျေးရွာအုပ်စု ၆ ခုနှင့် ကျေးရွာ ၃၁ ရွာကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးနိုင်ခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်ကြ သော လုပ်သားပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်း တိုးတက်မြင့်မားလာ စေရန်၊ လူအများ၏ အကျိုးကို မျှော်ကိုး၍ လူအများက စိတ်ပါဝင်စားစွာဖြင့် ကိုယ်ပိုင် ငွေအား၊ ကိုယ်ပိုင်ပစ္စည်းအား၊ ကိုယ်ပိုင်ဉာဏ စွမ်းအားတို့ဖြင့် ပူးပေါင်းဆောင်ရွက်လာစေ ရန်နှင့် နိုင်ငံသားတိုင်းသည် ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်၊ ကိုယ့်ဝန် ကိုယ်ထမ်းစိတ်ဓာတ်ဖြင့် မိမိတို့၏ သာယာဝ ပြောသော ဘဝသစ်ကို မိမိတို့ကိုယ်တိုင် ဖန်တီး လိုစိတ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စိုက်ပျိုး ရေးနှင့် လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊ ကျန်းမာ ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျေးရွာရေ ရရှိရေးလုပ်ငန်း၊ အခြားစီးပွားရေးဆိုင်ရာ လုပ်ငန်းနှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေအနေ ဖြင့် နိုင်ငံတော်အစိုးရမှ ခွင့်ပြုငွေကျပ် ၁၂၉ သန်း၊ ပြည်သူလူထုထည့်ဝင် ငွေကျပ် ၆၂ ဒသမ ၅ သန်းဖြင့် လုပ်ငန်းသစ် ၃၉ ခုနှင့် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း ၄ ခုတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေ ပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုး ရေးနှင့် လယ်ယာမြေဖော်ထုတ်ရေး၊ အခြား စီးပွားရေးလုပ်ငန်းများ အခြေအနေ ဖွံ့ဖြိုး တိုးတက်လာပြီး လူနေမှုဘဝ တိုးတက်မြင့်မား ရေးကို များစွာအထောက်အကူဖြစ်မည်ဖြစ် သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းကို သက်ဆိုင် ရာ ဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်စေ ရန် သာမက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်နိုင်စေရန်၊ အသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများအကျိုးကို အထောက်အကူပြုနိုင်စေရန်၊ အသင်းအဖွဲ့ များသည် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များထံမှ ဥပဒေနှင့်အညီ အကူအညီများရယူ နိုင်ရန်နှင့် လူမှုအဖွဲ့အစည်းများ ခိုင်မာ အားကောင်းလာစေရန်ရည်ရွယ်၍ ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ မှတ်ပုံတင် ရေးအဖွဲ့၊ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့နှင့် မြို့နယ် မှတ်ပုံတင်ရေးအဖွဲ့ဟူ၍ အဖွဲ့အဆင့် ၆ ဆင့်ကို ဖွဲ့စည်းထားရှိပြီး မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိသည်။ အစီရင်ခံသည့်ကာလအတွင်း ပြည်တွင်းအသင်းအဖွဲ့(NGO) ၃၄၂ သင်းနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ (INGO) ၃၅ သင်းတို့ကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မ လုပ်ငန်းတာဝန်တွင် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ထိုက်သူကို ချီးမြှင့်ရေးလုပ်ငန်းလည်း ပါဝင်သည်ဖြစ်ရာ အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲ စွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန် အရေး (၃) ပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ် များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုး ပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ် များ၊ နိုင်ငံနှင့် လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာ ပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင် ဖန်တီး စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနု သုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြ သော နိုင်ငံခြားခေါင်းဆောင်များ၊ နိုင်ငံခြား သံတမန်များနှင့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ပေးအပ်ဆောင်ရွက် လျက်ရှိသည်။
စတုတ္ထ (၁) နှစ်တာကာလအတွင်း သရေ စည်သူဘွဲ့ ၁ ဦး၊ သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၃ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၁၁ ဦး၊ အလင်္ကာ ကျော်စွာဘွဲ့ ၁ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၃ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၉ ဦး၊ မြန်မာ နိုင်ငံ စစ်မှုထမ်းသင်္ဂဟတံဆိပ် ၁၅၄၈ ဦး၊ စစ်မှု ထမ်းကောင်းတံဆိပ် ၂၃၃၃ ဦး၊ ပြည်သူ့ သားကောင်းတံဆိပ် ၁၆၃ ဦး၊ ရဲဗလတံဆိပ် ၅ ဦး၊ ရဲသူရိန် တံဆိပ် ၈ ဦး၊ ရဲကျော်စွာတံဆိပ် ၇ ဦး၊ ရဲမှုထမ်းကောင်းတံဆိပ် ၂၂၃ ဦး၊ နိုင်ငံတော်ရဲမှုထမ်း တံဆိပ် ၈၄၀ ၊ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ၁၃၀၀၄ ဦး၊ ပြည်သူ့ ဝန်ထမ်းတံဆိပ် ၃၀၀၉၈ ဦးနှင့် ငြိမ်ဝပ် ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် ၆၉၅၄၇ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား သွက်လက် ထက်မြက်စေရန်အတွက် စံ ၅ ရပ်နှင့် ပြည့်စုံ သော ဝန်ထမ်းကောင်းများဖြစ်အောင် အမြဲ မပြတ်လေ့ကျင့်ပေးရေး၊ နိုင်ငံတော်မှ ချမှတ် ထားသောမူဝါဒ၊ အခြေခံသဘောတရား၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ပြုစု ပျိုးထောင်ပေးရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းစွမ်းဆောင်ရည် တိုးမြှင့်ရေး၊ ခေါင်းဆောင်မှုပညာ၊ အုပ်ချုပ်ရေးပညာ၊ စီမံ ခန့်ခွဲရေးပညာရပ်များနှင့် ကျွမ်းကျင်ပြည့်စုံ သော အုပ်ချုပ်ရေးမှူးကောင်းများကို လေ့ကျင့် သင်ကြားမွေးထုတ်ပေးနိုင်ရေးကို ရည်ရွယ်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်းနှင့် အခြားဝန်ကြီး ဌာနမှ ဖွင့်လှစ်သော သင်တန်းများသို့ တက်ရောက်စေလျက်ရှိသည်။
စတုတ္ထ (၁) နှစ်တာကာလအတွင်း ဗဟို ဝန်ထမ်းတက္ကသိုလ်တွင် ဖွင့်လှစ်သော ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း တစ်ကြိမ်၊ အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း လေးကြိမ်၊ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း လေးကြိမ်၊ အရာထမ်းအခြေခံသင်တန်း ခြောက်ကြိမ်၊ အရာထမ်းငယ်အခြေခံသင်တန်း လေးကြိမ်၊ စာရေး ဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း လေးကြိမ်၊ စာရေးဝန်ထမ်းအခြေခံသင်တန်း ၇၅ ကြိမ် စသဖြင့် သင်တန်းများသို့ ဝန်ထမ်း ပေါင်း ၁၈၉၃ ဦး စေလွှတ်ခဲ့ပြီး ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည်။
ထို့အတူ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း(မင်္ဂလာဒုံ)တွင် ဖွင့်လှစ်သော နယ်နိမိတ်ရေးရာနှင့် နယ်စပ်ရေးရာ ပူးပေါင်း ဆောင်ရွက်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်း တစ်ကြိမ်၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် ၁ လုပ်ငန်းခွင်ဝင်သင်တန်း နှစ်ကြိမ်၊ မြို့အုပ်ချုပ် ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း တစ်ကြိမ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး များ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း နှစ်ကြိမ်၊ ပြည်သူ့ဝန်ဆောင်မှုရုံးများ (OSS) ကြီးကြပ်သူ အရာရှိလုပ်ငန်းကျွမ်းကျင်မှု ရက်တိုသင်တန်း နှစ်ကြိမ်တို့တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသင်တန်းသား ၁၀၃၈ ဦး တက်ရောက်စေကာ စွမ်းရည်မြှင့်တင်ပေးနိုင်ခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနမှ
ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပြောင်းရွှေ့ပြီးနောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) ရုံးအဆောက် အဦ ပြောင်းရွှေ့ခြင်း၊ ဌာနအလံနှင့် ရင်ထိုး တံဆိပ်များကို ပြောင်းလဲသတ်မှတ်အသုံးပြု ခြင်းများ ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီးနောက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ရေး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီး များ၊ နယ်ပယ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများပါဝင်သော ပထမ အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည် တော်တွင် ကျင်းပခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြုပြင် ပြောင်းလဲရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြ ရာ ရလဒ်များအနေဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်း ချက် (Mission) (၄)ရပ်နှင့် စံတန်ဖိုး (Value) (၆)ချက်တို့ကို ဖော်ထုတ်နိုင်ခဲ့သည်။
အလားတူ ဖွံ့ဖြိုးမှုအစီအစဉ်တစ်ခုဖြစ် သော One State One Township Project ချမှတ်ဆောင်ရွက်ရေး၊ ပြဋ္ဌာန်းသတ်မှတ်ချက် များ ပြန်လည်သုံးသပ်ရေးအဖွဲ့ (Regulatory Review Unit - RRU) ဖွဲ့စည်းဆောင်ရွက်ရေး၊ အုပ်ချုပ်စီမံပုံ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ငန်းလမ်းညွှန်များ ပြုပြင်ပြောင်းလဲရန် Managerial Reform Unit - MRU ဖွဲ့စည်းရေး နှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်စသော နယ်ပယ်အလိုက် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်များကို ဖော်ထုတ်ခဲ့သည်။
ထို့အပြင် အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှု သင်တန်းကျောင်း (IDA) ပြုပြင်ပြောင်းလဲရေး၊ အသွင်သဏ္ဍာန် ပြုပြင်ပြောင်းလဲရေးနှင့် အနှစ်သာရ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ကြားကာလများတွင် ရုံးအဆောက်အဦပိုင်း ဆိုင်ရာများ ပြောင်းရွှေ့ရေး၊ ရုံးလုပ်ငန်းစနစ် များ ပုံမှန်လည်ပတ်နိုင်ရေးနှင့် ပိုမိုထိရောက် သော ဝန်ဆောင်မှုများပေးနိုင်ရေးကို ဦးတည် ဆောင်ရွက်ခဲ့ကြသည်။
ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနစ် ဩဂုတ် ၂၉ ရက်မှ ၃၀ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲတွင် မူဝါဒပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေး၊ လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် နည်းစနစ်ကောင်းများ တည်ဆောက် ရေးစသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (၃) ရပ်ကို အခြေခံ၍ လုပ်ငန်းစဉ်များအလိုက် ပါဝင်မည့် နယ်ပယ်ခြောက်ခု ပိုင်းခြားဆွေးနွေး ခဲ့ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့သော နယ်ပယ်များ၌ နယ်ပယ်(၁)တွင် ပြဋ္ဌာန်းချက်များ ပြုပြင်ပြောင်းလဲရေး၊ နယ်ပယ် (၂)တွင် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေး၊ နယ်ပယ်(၃)တွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး၊ နယ်ပယ်(၄)တွင် အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းအဆင့်မြှင့်တင် ရေး၊ နယ်ပယ်(၅)တွင် ပြည်သူလူထုပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု၊ နယ်ပယ်(၆)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို ထောက်ကူခြင်းစသော နယ်ပယ် တို့ဖြစ်သည်။
ယင်းနယ်ပယ်များတွင် အတည်ပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစား အရာရှိကြီးများ၊ နယ်ပယ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ နေပြည်တော်နှင့် တိုင်းဒေသ ကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင် အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြ ပြီး အတည်ပြုနိုင်ခဲ့သည်။ ယခုအခါ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များကို နယ်ပယ်များအလိုက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေ ဖြင့် အခြားဝန်ကြီးဌာနမှ ပေးအပ်လာသော လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက် လျက်ရှိရာ အဓိကအနေဖြင့် စတုတ္ထ (၁) နှစ် တာ ကာလအတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) မူဘောင်နှင့်အညီ ဆောင်ရွက်မည့် မွေးဖွားမှုနှင့် သေဆုံးမှု စာရင်းအချက်အလက် များ ကောက်ယူရေးလုပ်ငန်းများ၊ လူကုန်ကူးခံ ရသူများ ပြန်လည်လွှဲပြောင်းလက်ခံခြင်းနှင့် မိဘရပ်ထံ ပြန်လည်အပ်နှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ အရွယ် မရောက်သေးသူစစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး လုပ်ငန်းများနှင့် အလုပ် သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ နယ်နိမိတ်ရေးရာနှင့် နယ်စပ် ရေးရာ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်မြှင့်တင် ရေးလုပ်ငန်းများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊ ရွေးကောက် ပွဲအတွက် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအတွင်း ပြန့်ပွားမှုမရှိစေရေး ဆက်စပ်ဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကဏ္ဍများ တွင် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ပြည်သူဗဟိုပြု သောပြုပြင်ပြောင်းလဲမှု၊ အစိုးရဌာနများ၏ စီမံအုပ်ချုပ်မှုတိုးတက်ရေးနှင့် ကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှု စွမ်းရည်မြှင့်တင်ရေး ဟူသော မဟာဗျူဟာ (၃) ရပ်ချမှတ်ပြီး ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance)နှင့် သန့်ရှင်းသောအစိုးရ (Clean Government) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ဒေသန္တရအုပ်ချုပ်မှု ပိုမိုအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် “Good Local Governance and People Centered Services” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေး ပွဲကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် နေပြည်တော် MICC II ၌ ကျင်းပခဲ့သည်။
ထိုအလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာ သည့်ရလဒ်များ၊ အကြံပြုချက်များနှင့် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များအရ ဒေသန္တရအုပ်ချုပ်မှု လေ့လာဆောင်ရွက်ခြင်း လုပ်ငန်းစဉ် (Local Governance Mapping) များကို အပိုင်း ၃ ပိုင်းခွဲ၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာ လမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ဆောင်ရွက် ခဲ့ပြီး ၂၀၁၅ ခုနစ် မေလတွင် နေပြည်တော် MICC II ၌ မြန်မာနိုင်ငံကောင်းမွန်သော အုပ်ချုပ်မှုလုပ်ငန်းစဉ်ဆိုင်ရာဖိုရမ် “Myanmar Good Governance Forum”ကို ကျင်းပနိုင်ခဲ့ သည်။
အဆိုပါ Forum ၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်အဖြစ် မြန်မာနိုင်ငံ၏ ကောင်းမွန် သော အုပ်ချုပ်မှုလုပ်ငန်းစဉ်တစ်ရပ်၏ အစိတ် အပိုင်းဖြစ်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များ (One Stop Shops)ကို ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင် မှုများပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှုအလေ့အကျင့် များကို ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများ က အစိုးရနှင့် ဌာနဆိုင်ရာများအပေါ် အားကိုး ယုံကြည်မှု တိုးပွားစေရန်နှင့် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဦးစီးဌာန များအလိုက် အပြန်အလှန်ထိန်းကျောင်းမှု များပြုနိုင်ရေး အထောက်အကူပြုရန် ရည်ရွယ် ချက် (၄)ရပ်ဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံးများကို ၂၀၁၅ ခုနစ် ဇူလိုင် ၇ ရက်တွင် စတင်ဖွင့်လှစ် ခဲ့သည်။
ထို့ပြင် ၂၀၁၅ ခုနှစ် မေ ၂၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှု ရုံးများ ထူထောင်ဖွင့်လှစ် အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်(OSS)ရုံးများ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး ဆပ်ကော်မတီများကို ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးမှ ဖွဲ့စည်းပေးခဲ့သည်။ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် တို့တွင် ခရိုင်/မြို့နယ် ဆပ်ကော်မတီများ ဖွဲ့စည်း ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန လက်အောက်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops) များ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အတွင်းရေးမှူးတာဝန်ယူ၍ သက် ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများ ပါဝင်သော အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။
ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံးများကို ပထမအဆင့် အနေဖြင့် ခရိုင်ရုံးစိုက်ရာ မြို့နယ် ၇၂ မြို့နယ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ကျန်မြို့နယ်များ၌ ဆက်လက်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ တွင် နယ်မြေ အခြေအနေနှင့် ဒေသအနေအထားအရ မဖွင့် လှစ်နိုင်သည့် ၁၄ ရုံးမှအပ စုစုပေါင်း ၃၁၆ ရုံး ဖွင့်လှစ်နိုင်ခဲ့သည်။
ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးများတွင် ပြည်သူတို့အတွက် အခြေခံလိုအပ်သည့် ထောက်ခံချက်များ (နေထိုင်ကြောင်း၊ အကျင့် စာရိတ္တကောင်းမွန်ကြောင်း၊ ကျန်းမာကြောင်း)၊ အိမ်ထောင်စုဇယား ပြောင်းဝင်/ ပြောင်းထွက် ခြင်း၊ မွေးဖွားသူစာရင်းတိုးခြင်းနှင့် သေဆုံးသူ စာရင်းပယ်ဖျက်ခြင်းလုပ်ငန်းများ၊ ပွဲကျင်းပမိန့် ခွင့်ပြုချက် တောင်းခံခြင်းလုပ်ငန်းများ၊ ငွေကျပ် ၁၀၀၀ တန်နှင့် အောက်တံဆိပ်ခေါင်း ရောင်းချခြင်းလုပ်ငန်းများ၊ အလုပ်သမားမှတ်ပုံ တင်ခြင်း (လေဘာကတ်) လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ အသက် ၁၆/၁၈ နှစ်ပြည့် ပြီးသူများအတွက် မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် အသစ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။
ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shops) များတွင် ဝန်ဆောင်မှုပေးနေသောဌာန ၂၇ ခု နှင့် ဝန်ဆောင်မှုအမျိုးအစား ၁၅၆ မျိုးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဝန်ဆောင်မှု အနေဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လမှ ၂၀၁၆ ခုနှစ် အထိ ၁၅၅၇၇၆၁ ခု၊ ၂၀၁၇ ခုနှစ်တွင် ၁၂၃၉၅၉၁ ခု၊ ၂၀၁၈ ခုနှစ်တွင် ၁၄၁၁၄၅၆ ခု နှင့် ၂၀၁၉ ခုနှစ်တွင် ၁၃၉၉၀၇၄ ခု ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ၁၉၇၁၃၁ ခုဖြင့် အများ ဆုံးဝန်ဆောင်မှု ပေးနိုင်ခဲ့ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၁၉၄၀၅၄ ခုဖြင့် ဒုတိယအများဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။
ပြည်သူများလိုအပ်သည့် ဝန်ဆောင်မှု လုပ်ငန်းများကို တတ်နိုင်သလောက်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ပြည်သူ လူထုမှ အသိအမှတ်ပြုအားကိုးလာပြီး ပြည်သူ ကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သည့် OSS ရုံးများကို မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ပေးအပ်သည့် ပြည်သူ့ဝန်ဆောင်မှုရုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဆုများ ကို ပေးအပ်ချီးမြှင့်လျက်ရှိသည်။
ပြည်သူ့ဝန်ဆောင်မှုရုံးရှိ ဌာနများမှ ဦးဆောင်၍ Mobile Service Delivery ဖြင့် ရပ်ကွက်/ ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ကွင်းဆင်း အကြိမ်အရေအတွက် ၁၈၆၅ ကြိမ် ရှိပြီး ဝန်ဆောင်မှုအရေအတွက် ၁၉၆၁၁၅ ခု ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအချိန်ကုန်၊ ငွေကုန်သက်သာစေ ခြင်း၊ ပြည်သူများထံ သွားရောက်ဆောင်ရွက် ပေးခြင်းဖြစ်၍ ပြည်သူများ စိတ်ကျေနပ်မှုရရှိ စေခြင်း၊ ပြည်သူများ၏ လိုလားချက်များ ကြားသိရခြင်း၊ အစိုးရနှင့် ဌာနဆိုင်ရာများ အပေါ် ပြည်သူများမှ အားကိုးယုံကြည်မှု ပိုမို ရရှိလာစေခြင်း၊ ဌာနပေါင်းစုံ ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်၍ ပြည်သူများ ဗဟုသုတ ပိုမိုရရှိ စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။
ပြည်သူ့ဝန်ဆောင်မှုရုံးများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် UNDP နှင့် ပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲများကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး၊ မွန်ပြည်နယ် သထုံမြို့နယ် ပြည်သူ့ဝန်ဆောင် မှုရုံး၊ နေပြည်တော်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ သည်။
မြန်မာနိုင်ငံရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops) များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာအတွေ့အကြုံရရှိရန်အတွက် UNDP အကူအညီဖြင့် One Stop Shop လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် မွန်ဂိုလီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ One Window Service Office များသို့ သွားရောက် လေ့လာခဲ့သည်။
ထို့ပြင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)များရှိ ကြီးကြပ်သူအရာရှိများ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးအတွက် သင်တန်း ခြောက်ကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှု ရုံးများ ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ပြည်သူ့ဝန်ဆောင်မှုရုံးများကို ပြည်သူများ အသုံးပြုခြင်းဖြင့် ပြည်သူများအတွက် အချိန် နှင့် ငွေကြေးသက်သာစွာဖြင့် တစ်နေရာတည်း မှ ဝန်ဆောင်မှုရယူနိုင်စေခြင်း၊ ဝန်ဆောင်မှု ရယူရန်အတွက် ပိုမိုလွယ်ကူကောင်းမွန်လာ ခြင်း၊ အဂတိလိုက်စားမှုနှင့် ကြိုးနီစနစ်ကို လျော့ကျသွားစေခြင်း၊ သတင်းအချက်အလက် များ ပိုမိုပွင့်လင်းမြင်သာမှုရှိလာစေခြင်း၊ ဗဟို ချုပ်ကိုင်မှုစနစ်ကို လျော့ကျသွားစေခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက် များပေးခြင်း၊ ကောင်တာနှင့် မျက်နှာချင်းဆိုင် ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူလူထု၏ တောင်းဆိုမှုများကို အတတ်နိုင်ဆုံးဆောင် ရွက်ပေးခြင်း၊ ပြည်သူလူထု၏ သဘောထား အမြင် ကောင်းမွန်လာခြင်း၊ ဝန်ထမ်းများ၏ အရည်အသွေးနှင့် တာဝန်ယူနိုင်မှု တိုးတက် လာခြင်း၊ အစိုးရအဖွဲ့အစည်းများအတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ခြင်းဖြင့် ဌာနများ၏ ဂုဏ်သိက္ခာတိုးတက် ကောင်းမွန် လာခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ် သည်။
ယခုအခါ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ပြည်သူ့ဝန်ဆောင်မှုရုံးများကို ပြည်သူ များ သိရှိနိုင်ရေးအတွက် လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရုံးများတွင် ကြော်ငြာဆိုင်းဘုတ်များ ထားရှိ ခြင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် သက်ဆိုင်ရာဌာနအလိုက် ဝန်ဆောင်မှုပေးနေ သည့် လုပ်ငန်းစဉ်များ ဗီနိုင်းချိတ်ဆွဲအသိပေး ထားခြင်း၊ ရပ်ကွက်/ ကျေးရွာများအထိ ပြည်သူ များလက်လှမ်းမှီစေရန် Mobile Service Delivery ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ထို့ပြင် ပြည်သူ့ဝန်ဆောင်မှုရုံးလုပ်ငန်း လမ်းညွှန်စာအုပ် ထုတ်ဝေပြီးစီးပါက သတင်း အချက်အလက်များကို အများပြည်သူများ အကြား အလွယ်တကူ သိရှိရောက်ရှိစေရန် Mobile Phone Application ဖြင့် ဖြန့်ဝေခြင်း များ စီမံဆောင်ရွက်သွားမည်ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေ ဖြင့် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ ပြည်သူဗဟိုပြု ပြည်သူ့အကျိုးပြု လုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များ ဥပဒေနှင့်အညီ စနစ်တကျ ဖွဲ့စည်းရေးတို့ကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် တိုင်ကြားလာသည့် တိုင်ကြားစာ များအပေါ် ဘက်လိုက်မှုကင်းစွာ၊ အဂတိကင်း စွာ စိစစ်သုံးသပ်တင်ပြနိုင်ရေး၊ ပြည်သူလူထု အား ဝန်ဆောင်မှုပေးရာတွင် စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် အချိန်ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူများထံမှ သဘောထားတုံ့ပြန်မှုများ ရယူနိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များဖြစ်သော သတင်းစုံစမ်းရေးနှင့် တားဆီးကာကွယ်ရေး အဖွဲ့၊ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၊ ပညာ ရေးပေးရေးနှင့် မှတ်တမ်းတင်အစီရင်ခံရေး အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူ နှင့်အတူ “Together with the People” ဟူသော ဆောင်ပုဒ်နှင့်အညီ ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်စေရေး အောက်ခြေအဆင့်ဝန်ထမ်း များကို စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ပေးပြီး ကောင်းမွန်သောအုပ်ချုပ်မှု စနစ် ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုကို ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဆောင်းပါး - နန္ဒာဝင်း၊ ဓာတ်ပုံ - တာရာ
