နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / June 19, 2020
image_latest


နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် ဇွန် ၁၉

ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက် သည့် နိုင်ငံခြားရေးဝန်ကြီးဌာန/ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်ပြည်ထောင်စုရာထူးဝန်အဖွဲ့ တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ပြောင်းရွှေ့ခန့်ထားခြင်း၊ လေ့ကျင့်ပေးခြင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ သတ်မှတ်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အထောက်အကူပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးအတွက် နိုင်ငံ့ဝန်ထမ်းအရာထမ်း ၁၃၇၀ ကို ရွေးချယ်ခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ ယခုလျှောက်လွှာခေါ်ယူထားရှိသည့် လစ်လပ် ရာထူး (၂၂၇) နေရာအတွက် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအောက်နှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး / ပြည်နယ်များအလိုက် လိုအပ်သည့် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်ရာထူး ၁၃၀၃ နေရာကို တိုင်းဒေသကြီး/ပြည်နယ်သို့ သွားရောက်၍ ရွေးချယ်ခန့်ထားနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

စတုတ္ထ (၁) နှစ်တာကာလအတွင်း ပြန်တမ်းဝင်အရာရှိ စတင်ခန့်ရာထူးများသို့ ဝင် ရောက်ဖြေဆိုသူများမှ ရေးဖြေအောင်မြင်၍ လူတွေ့စစ်ဆေးခြင်း ခံယူမည့်သူများကို စိတ်အခြေအနေ စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများအနေဖြင့် ဝန်ထမ်းလောင်း ၁၃၆၃ ဦးတို့အား စိတ်အခြေအနေ စစ်ဆေးပေးနိုင်ခဲ့ပါကြောင်း။

ထို့အတူ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အကူအညီတောင်းခံမှုအရ စုစုပေါင်း ဝန်ထမ်း ၁၆၉၃ ဦးအား စိတ်အခြေအနေ စစ်ဆေးပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များမှ အမှုထမ်းများအား ပြန်တမ်းဝင် အရာရှိများအဖြစ်သို့ တိုးမြှင့်ခြင်းအနေဖြင့် ဌာနတွင်း ဝန်ထမ်းများ လုပ်သက်ပြည့် ရာထူးတိုးမြှင့်ပေးသူဦးရေ ၇၁၈၅ ဦးရှိပါကြောင်း၊ ဌာနတွင်း ဝန်ထမ်းများ လုပ်သက်လျှော့ အထူးကိစ္စဖြင့် ရာထူးတိုးမြှင့်ပေးသူ ဦးရေ ၁၀ ဦးရှိပါကြောင်း၊ ပညာအရည်အချင်း လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေးသူ ဦးရေ ၁၅ ဦးရှိပါကြောင်း၊ ဝန်ကြီးဌာန နှင့် အဖွဲ့အစည်း တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခြင်း ၁၅၂ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက် ဝန်ကြီးဌာန/အဖွဲ့အစည်း သို့ ပြောင်းရွှေ့ခြင်း ၂၃ ဦး၊ အရပ်ဘက် ဝန်ကြီး ဌာန/အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်တမ်းဝင်အရာရှိများ တောင်းခံခြင်း ၃၃ ဦး စုစုပေါင်း ၂၀၈ ဦးရှိပါကြောင်း။

ယခုအခါ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းများအတွက် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အကဲဖြတ်ခြင်း၊ တက်ကြွစွာ ပါဝင်ဆွေးနွေးမှု၊ စည်းကမ်း လိုက်နာမှုနှင့် စိတ်ဓာတ်တို့ကို အခြေခံ၍ အကဲဖြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း၊ အရာထမ်း အခြေခံသင်တန်း၊ အရာထမ်းလောင်းအခြေခံ သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ သင်တန်းများအတွက် သင်ယူကျက် မှတ် လေ့လာမှုအကဲဖြတ်ခြင်း၊ အချင်းချင်းအကဲဖြတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် စိတ်ဓာတ် တို့ကို အခြေခံ၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

အရာထမ်းငယ်အခြေခံသင်တန်း၊ စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း၊ စာရေး ဝန်ထမ်းအခြေခံ သင်တန်းများတွင် စာမေးပွဲ၊ အချင်းချင်းအကဲဖြတ်မှု၊ စည်းကမ်းနှင့် စိတ်ဓာတ်နှင့် လုပ်ငန်းခွင်ဆိုင်ရာ အရည်အသွေးများ တို့ကို အခြေခံပြီး အကဲဖြတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း။

နိုင်ငံတော်အစိုးရ၏ စတုတ္ထ ၁ နှစ်တာကာလအတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် လေ့ကျင့်ပေးနိုင်ခဲ့သည့် သင်တန်းသားဦးရေ ၁၈၂၇၃ ဦးရှိပါကြောင်း၊ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအနက် ရာထူးမှ ထုတ်ပယ် ခြင်းခံရသူ ၁၇၂၇ ဦးနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းခံရသူ ၈၀၅ ဦး စုစုပေါင်း ၂၅၃၂ ဦးရှိပါ ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းစနစ်ကို ရေးဆွဲနိုင်ခဲ့ ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မပေါင်း ၇ ခုကို ပြင်ဆင်ပေးနိုင်ခဲ့ပါ ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ တင်ပြရလျှင် နိုင်ငံခြား ပညာတော်သင်ဆိုင်ရာ ကိစ္စရပ်များအနေဖြင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများအား ကာလတို သင်တန်းများ၊ ဘွဲ့/ဒီပလိုမာ သင်တန်းများသို့ စုစုပေါင်း ၄၃၈၀ တို့ကို ခွဲဝေ ပေးခဲ့ပါကြောင်း။

အစိုးရဝန်ဆောင်မှုများအပေါ် ပြည်သူများ၏ သဘောထား အမြင်စစ်တမ်းကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အိမ်ထောင်စု ၂၅၂၀ သို့ စစ်တမ်း ကောက်ယူခဲ့ပြီး စစ်တမ်း အစီရင်ခံစာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ လမ်းညွှန်မှုနှင့်အညီ တရားဝင်ထုတ်ပြန် ကြေညာနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံ့ဝန်ထမ်းအဆင့်မြင့် စီမံခန့်ခွဲမှု အရာထမ်းခေါင်းဆောင်မှုဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်စာတမ်းကို မြန်မာ/အင်္ဂလိပ် (၂)ဘာသာဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ပြီး လမ်းညွှန်မှုနှင့် အညီ ဝန်ကြီးဌာန အသီးသီးသို့ ဖြန့်ဝေပေးခဲ့ပါကြောင်း။

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အား ပြန်လည်သုံးသပ်ကာ ပိုမိုကောင်းမွန်အောင် ပြုစုပြီး နိုင်ငံ့ ဝန်ထမ်းများ လိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ အားပေးခြင်းစနစ်များနှင့် လုပ်ထုံး လုပ်နည်းများ အဆိုပြုတင်ပြခြင်းတို့ကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ပြီး တင်ပြချက်များနှင့် အညီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများသို့  သဘောထားမှတ်ချက် ပြန်ကြားပေးပို့ထားပါကြောင်း။

e-Government လုပ်ငန်းများ တိုးတက်ရေး အကောင်အထည်ဖော်‌ ဆောင်ရွက်မှုများ အနေဖြင့် ပြန်တမ်းဝင်အရာရှိ ဝင်ပေါက်ရာထူးများ လျှောက်လွှာတင်သွင်းရာတွင် Online Application System (OAS) စနစ်ဖြင့် Service ပေးခြင်း၊ အဖွဲ့၏ Website-  www.ucsb.gov.mm နှင့် Facebook Account- Union Civil Service Board Myanmar တွင် အဖွဲ့၏အချက်အလက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများ အပြင် Mobile App ဖြင့် ဝင်ပေါက်ရာထူးများဆိုင်ရာ အချက်အလက်များ ကြည့်ရှုနိုင်ရန် Application Package (APK) ရေးဆွဲ လွှင့်တင်ထားပါကြောင်း။

e-Library စနစ်ကို အဖွဲ့နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတွင် ဆောင်ရွက် ထားရှိခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများတွင် သင်ခန်းစာများကို Blended e-Learning System ဖြင့် ပို့ချသွားနိုင်ရေး ကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် သင်ကြားနေမှု Video Clip များ ရိုက်ကူး ကာ သင်တန်းသားများမှ  Wifi ဖြင့် Download ရယူ၍ ကြိုတင်ဖတ်ရှုလေ့လာနိုင်ရေး စီစဉ်ထားရှိခြင်း၊ Online ဖြင့် သင်တန်းသားအချင်းချင်း  အကဲ ဖြတ်အမှတ်ပေးစနစ်ကို အသုံးပြုခြင်း၊ Learning Management System (LMS)ကို အသုံးပြု နိုင်ရန် စီမံဆောင်ရွက်လျက်ရှိခြင်း၊ စာမေးပွဲများ ဖြေဆိုစေခြင်း၊ UN-APCICT မှ Module (1) မှ (10)အထိ အကြောင်းအရာ များကို သင်တန်းအလိုက် ICT သင်ခန်းစာများအဖြစ် ပြန်လည် ပို့ချခြင်းတို့ကို ဆောင်ရွက် ထားပါကြောင်း။

ထို့အတူ e-Government စီမံကိန်းဖြစ်သည့် e-Recruitment and Integrated Civil Service System ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများကို ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ယာယီပိတ်ထားခဲ့ပါကြောင်း၊ ကြားကာလတွင် အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချနိုင်ရန်အတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ရာ အသင့်ဖြစ်နေပြီဖြစ်ပါ ကြောင်း။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှ မျှော်လင့်ထားရှိ သည့် အကျိုးရလဒ်များကို တင်ပြရလျှင် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို အဆင်ပြေ ချောမွေ့စေရေး၊ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေးနှင့် အချိတ်အဆက်မိမိ လည်ပတ်နိုင် စေရေး ဆောင်ရွက်ပေးလိုသည့် နိုင်ငံ့ဝန်ထမ်းများအား ပြုစုပျိုးထောင် ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် သင်ယူမှုနှင့် သင်တန်း နည်းစနစ်များ၊ နည်းလမ်းများ နှင့်အတူ စိတ်ဓာတ်ခံယူချက်များ ပြောင်းလဲ လာကာ ခေါင်း ဆောင်မှု ပိုမို ခိုင်မာအားကောင်း လာစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကဏ္ဍသည် ပွင့်လင်းမြင်သာမှုရှိလာပြီး နိုင်ငံ့ဝန်ထမ်း များကို ပြည်သူများမှ ယုံကြည်အားကိုးမှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် သတင်းမီဒီယာများက လက်ရှိနိုင်ငံ့ဝန်ထမ်းအင်အား၊ နှစ်စဉ် အသစ်ခန့်အပ် သည့် ဝန်ထမ်းဦးရေ၊ အငြိမ်းစားယူသည့်ဦးရေနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့သည့် ဦးရေ မည်မျှရှိသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်မပါဝင်ဘဲ အရာထမ်းစုစုပေါင်း ၉၇၄၄၃ ဦးနှင့် အမှုထမ်းစုစုပေါင်း ၉၂၀၃၈၅ ဦးရှိပါကြောင်း၊ တစ်နိုင်ငံလုံး ၌ ခန့်ထားပြီး အရာထမ်းအမှုထမ်းစုစုပေါင်း ၁၀၁၇၈၂၈ ဦးရှိပါကြောင်း၊ တစ်နှစ်အတွင်း ရာထူးမှ ထုတ်ပယ်လိုက်သောဝန်ထမ်းနှင့် လျော့နည်းသွားသောဝန်ထမ်းစုစုပေါင်းမှာ ၂၅၃၂ ဦးရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ သတင်းမီဒီယာများက ဝန်ကြီးဌာနများ၌ နေ့စားအဖြစ် ကာလကြာ မြင့် နေသည့် ဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ရန် အစီအစဉ် ရှိ/မရှိ၊ ဌာနဆိုင် ရာ အကြံပေးခန့်အပ်မှုအခြေအနေ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများ ဝန်ကြီးဌာန၊ အဖွဲ့အစည်း တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မှု အခြေအနေ၊ ရာထူးအဆင့် သတ်မှတ်မှုနှင့် လစာနှုန်းထားများ၊ နိုင်ငံ့ဝန်ထမ်းတာဝန်နှင့် အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်ခြေရှိသည့် အခြေအနေတို့အပေါ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အနေဖြင့် သုံးသပ်ဆောင်ရွက်နေမှု၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားမှု ရှိ/မရှိနှင့် ချမှတ်သွားရန် ရှိ/မရှိ၊ တပ်မတော်မှ အရပ် ဘက်ဝန်ကြီးဌာနများသို့ နှစ်အလိုက် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ရာထူးခန့်အပ်မှု အခြေအနေ၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်းအပြင် ပြင်ပစီးပွားရေးတစ်ခုအား လုပ်ကိုင်နိုင်ခွင့် ရှိ/မရှိ၊ အသစ်ထုတ်ပြန်သည့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်စာအုပ်တွင် နိုင်ငံ့တာဝန်နှင့် အကျိုးစီးပွားကို တားဆီးနိုင်ရန်အတွက် မည်သည့်အချက်များ ထည့်သွင်းရေးသားထား သည်ကို သိရှိလိုကြောင်း မေးခွန်းများနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန တို့အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်နှင့်အညီ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံ၏ အကျိုးစီးပွား၊ ပြည်သူလူထု၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးကို ဆောင်ရွက် လျက်ရှိပါကြောင်း၊  “ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” နှင့်အညီ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်အပေါ် အခြေခံပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် စတုတ္ထ(၁)နှစ်တာကာလ အတွင်းဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းများကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် များ စီစဉ်ဆောင်ရွက်နိုင်ခဲ့ခြင်းကို ရှင်းလင်း ပြောကြားသွားမည်ဖြစ်ပါကြောင်း။

စတုတ္ထ(၁) နှစ်တာအတွင်း နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ပခရီးစဉ် ၃-ခု သွား ရောက်ခဲ့ပြီး ပထမခရီးစဉ်သည် ဗီယက်နမ်နိုင်ငံသို့ ၂၀၁၉ ခုနှစ် မေလ ၁၀ရက်မှ ၁၄ ရက်အထိ အလုပ်သဘောခရီးစဉ်နှင့် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားသို့ တက်ရောက်သည့် ခရီးစဉ်ဖြစ် ပါကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ၂၀၁၉ ခုနှစ် မေ ၃၀ မှ ၃၁ရက် အထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆  ရက်မှ ၂၉ ရက်အထိ  လည်းကောင်း သွားရောက်ခဲ့ပါကြောင်း။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ပခရီးစဉ် ၈-ခု သွားရောက်ခဲ့ပါ ကြောင်း၊ ဒုတိယအကြိမ် BRI ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်မှ ၂၇ရက် အထိလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ  ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၇ ရက်မှ ၂၈ ရက်အထိ လည်းကောင်း၊ ချက်သမ္မတနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်မှ ၄ ရက်အထိလည်းကောင်း၊ ဟန်ဂေရီနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်မှ ၇ ရက်အထိလည်းကောင်း၊(၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ထိုင်းနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိလည်းကောင်း၊ ဂျပန်နိုင်ငံ ဧကရာဇ်သစ် နန်းတက်ပွဲတက်ရောက်ရန် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၀ မှ ၂၄ ရက်အထိလည်းကောင်း၊(၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ထိုင်းနိုင်ငံသို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိလည်းကောင်း၊ ကိုရီးယားနိုင်ငံသို့ အာဆီယံ-ကိုရီးယား နှစ် (၃၀) ပြည့် ထိပ်သီးအစည်းအဝေးနှင့် ကိုရီးယား-မဲခေါင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိလည်းကောင်း သွားရောက်ခဲ့ပါကြောင်း။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တက်ရောက်ရန် တရုတ်နိုင်ငံသို့  ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ရက်မှ ၂၂ ရက်အထိ သွားရောက်ခဲ့ပါကြောင်း။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒိုနီးရှားသမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့  ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ရက်မှ ၂၁ ရက်အထိလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် 2nd Asia-Pacific Summit တက်ရောက်ရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ၂၁ ရက်အထိလည်းကောင်း၊ ကိုရီးယားနိုင်ငံတွင်ကျင်းပသည့် The World Peace Summit တက်ရောက်ရန် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိလည်းကောင်း သွားရောက်ခဲ့ပါကြောင်း ။

နိုင်ငံတော်အဆင့်လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်များ အနေဖြင့် ကိုရီးယား သမ္မတ နိုင်ငံသမ္မတ မွန်ဂျေအင်းနှင့် ဇနီး တို့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်လာရောက်ခဲ့ပြီး နီပေါနိုင်ငံ သမ္မတ ဘီဒီယာဒေဗီ ဘန်ဒရီသည်  ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ ၂၀ အထိလည်းကောင်း၊ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်စွမ်းဖု သည်  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိလည်းကောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ  ၁၇ရက်မှ -၁၈ ရက်အထိလာရောက်ခဲ့ပြီး  ၂၀၀၁ ခုနစ် ကျန်ဇီမင်းခရီးစဉ်နောက်ပိုင်း နှစ် (၂၀) အတွင်း ပထမဆုံး ခရီးစဉ်ဖြစ်ကာ သံတမန် ဆက်ဆံရေး နှစ် (၇၀) ပြည့်တွင် လာသည့်ခရီးစဉ်ဖြစ်ပါကြောင်း၊ထို့အတူ ဆေရှဲလ်နိုင်ငံ ဒုတိယသမ္မတ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ခရီးစဉ်များလည်း ရှိခဲ့ပါ ကြောင်း။

ပူးပေါင်းဆောင်ရွက်မှုအရှိန်ကို မြှင့်တင်နိုင်ခဲ့သည့်လုပ်ငန်းစဉ်များ ကို တင်ပြလိုပါကြောင်း၊ ချစ်ကြည်ရေးခရီးစဉ်များမှ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ သာဓကအချို့ကို ထုတ်နုတ်ဖော်ပြရမည် ဆိုပါက နိုင်ငံတော်သမ္မတ၏  အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း  နှစ်နိုင်ငံ အကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်(၁၀)ခု လက်မှတ်ရေးထိုးနိုင်ခဲ့ ပါကြောင်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် (၅)နှစ်ဖွံ့ဖြိုးမှု  အစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် (၄) ခု၊ စုစုပေါင်းစာချုပ် (၅) ခုအား လက်မှတ် ရေးထိုး နိုင်ခဲ့ပါကြောင်း။

နီပေါနိုင်ငံသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ခရီးသွားလာရေး ကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်   (၂) ခု ကို လက်မှတ်ရေးထိုးလဲလှယ်နိုင်ခဲ့ပါကြောင်း။

ကိုရီးယားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူ စာချုပ်နှင့် ကုန်သွယ်ရေး၊ စက်မှု၊ သိပ္ပံနှင့် နည်းပညာ၊ စီးပွားရေးလုပ်ငန်းသစ်များကို တီထွင်ဆန်းသစ်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ များကို လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာနှင့် စာလွှာ စုစုပေါင်း (၃၃) ခုကို လက်မှတ်ရေးထိုး လဲလှယ်နိုင် ခဲ့ပါကြောင်း။

သံတမန်အဆက်အသွယ် တိုးချဲ့ ထူထောင်လျက်ရှိရာ ၂၀၁၉ ခုနှစ် အတွင်း ဘီနင်သမ္မတနိုင်ငံ၊ တိုဂိုသမ္မတနိုင်ငံတို့နှင့် သံတမန်ဆက်သွယ်မှု တိုးချဲ့ထူထောင်နိုင်ခဲ့ ခြင်းကြောင့် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃) နိုင်ငံ အနက် နိုင်ငံပေါင်း (၁၂၃) နိုင်ငံနှင့် သံတမန် ဆက်သွယ်မှု ထူထောင်ထားရှိပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် အိမ်နီးချင်း (၅) နိုင်ငံနှင့် နယ်နိမိတ်အရှည် စုစုပေါင်း မိုင်(၄,၀၀၀) နီးပါးရှိပြီး ကမ်းရိုးတန်းအရှည် မိုင် (၁၂၀၀) ကျော်ရှိပါကြောင်း။ မပြီးပြတ်သေးသည့် နယ်နိမိတ်ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နောင်လာနောက်သားများ ကို ကောင်းမွန်သည့် အမွေအနှစ်များပေးနိုင်မည်ဖြစ်သည့် အတွက် အိမ်နီးချင်းနိုင်ငံ များနှင့် ဆက်ဆံရေးအကောင်းဆုံး ရောက်ရှိနေသည့် ယခုအချိန်အခါတွင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနှင့် ထိုင်းနယ်နိမိတ်သည် (၁၃၁၈) မိုင်ရှည်လျားပြီး လက်ရှိတွင် အရှည် (၃၆) မိုင်ရှိသည့် မဲဆိုင်-မဲဟောက်ချောင်းနယ်နိမိတ်ကိုသာ ပုံသေနယ်နိမိတ် (Fixed Boundary) အဖြစ် ၁၉၉၁ ခုနှစ်တွင် သတ်မှတ်နိုင်ခဲ့ပါကြောင်း၊ နယ်နိမိတ်မှတ်တိုင် (၄၉၂) တိုင်စိုက်ထူထားပြီး  မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား နယ်နိမိတ် မြစ်၊ ချောင်းများတွင် မြေထိန်းနံရံများ ဆောက်လုပ်ရာ၌ ပွင့်လင်းမြင်သာမှုရှိရန်နှင့် အငြင်းပွားမှုများမရှိစေရန် နှစ်ဖက်လေးစား လိုက်နာရမည့် Technical Guidelines ကို ရေးဆွဲသဘောတူညီမှု ရယူနိုင်ခဲ့သည့်အပြင် မဲဆိုင်-မဲဟောက်ချောင်း ပုံသေနယ်နိမိတ် တစ်လျှောက်တွင် နယ်နိမိတ် ရှင်းလင်းထင်ရှားစေ ရန် ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈-၂၀၁၉ ကွင်းဆင်းရာသီ တို့တွင် နယ်နိမိတ် မှတ်တိုင်များ ပူးတွဲစစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ လိုအပ်သည့် နေရာများတွင် ထပ်တိုးမှတ်တိုင် များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မြန်မာနှင့် အိန္ဒိယနယ်နိမိတ်အရှည်သည် (၉၀၇) မိုင်ရှိကာ မှတ်တိုင် (၂၃၈) တိုင်စိုက်ထူထားကြောင်း၊ မပြီးပြတ်သေးသည့် ၂-နေရာရှိပြီး မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံ ဆုံမှတ်နေရာ (၇၉) မိုင်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကဘော်ချိုင့်ဝှမ်းဒေသ နယ်နိမိတ်မှတ်တိုင် (၉) တိုင် ၂၄ မိုင်ဖြစ်ပါကြောင်း၊  နှစ်နိုင်ငံပူးတွဲ၍ မြန်မာ- အိန္ဒိယ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၄၅ နှင့် ၁၄၆ ကြားတွင်  ထပ်တိုး မှတ်တိုင် ၃၈ တိုင်၊ မှတ်တိုင်အမှတ် ၈၀ နှင့် ၈၂ ကြားတွင် ထပ်တိုးမှတ်တိုင် ၃၆ တိုင်၊ မှတ်တိုင်အမှတ် ၁၀၂ နှင့် ၁၀၃ အကြား၌ ထပ်တိုး မှတ်တိုင် ၄ တိုင် တို့ကို အသီးသီး စိုက်ထူနိုင်ခဲ့ပါကြောင်း။

ထို့ပြင် ၂၀၁၉-၂၀၂၀ ခုနှစ်ကွင်းဆင်းရာသီ၌ အိန္ဒိယနိုင်ငံနှင့်ပူးတွဲ၍ နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်များ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ ထပ်တိုးမှတ်တိုင်များ စိုက်ထူခြင်း နှင့် အဆောက်အဦမဆောက်လုပ်ရဇုန် ပူးတွဲစစ်ဆေးခြင်းတို့ကို  ၂၀၁၉ခုနှစ် နိုဝင်ဘာ၂၈ ရက် မှ ၂၀၂၀ ခုနှစ် မတ် ၂၀ ရက်အထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မြန်မာ-တရုတ် နယ်နိမိတ်အရှည်သည် (၁၃၈၄) မိုင်ရှိကာ ၁၉၆၀ ပြည့်နှစ်တွင် ဘဘ စစ်ဆင်ရေးဖြင့် တိုင်းတာသတ်မှတ်ခဲ့ပါကြောင်း၊ နယ်နိမိတ်မှတ်တိုင် (၄၉၈) တိုင် စိုက်ထူထားပြီး နယ်နိမိတ်အခြေပြစာချုပ်ကို ၁၉၆၁ ခုနှစ်တွင် ချုပ်ဆိုခဲ့ပါကြောင်း၊  ပထမအကြိမ်ပူးတွဲ ၁၉၈၆ ခုနစ် နှင့် ဒုတိယအကြိမ်ပူးတွဲ ၁၉၉၅ခုနစ်တွင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံနယ်နိမိတ်ပူးတွဲ စစ်ဆေးမှုကို မပြုလုပ်နိုင်ခဲ့သည်မှာ (၂၅) နှစ် ကြာမြင့်ပြီဖြစ်ခြင်းကြောင့် တတိယ အကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့် ညှိနှိုင်း အစည်းအဝေးများကို နှစ်နိုင်ငံ တစ်လှည့်စီ ကျင်းပလျက်ရှိရာ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အစည်းအဝေး (၅) ကြိမ်ကျင်းပနိုင်ခဲ့ပြီး ကောင်းကင် ဓာတ်ပုံ ပူးတွဲရိုက်ကူးမှု (၉၄ရာခိုင်နှုန်း) ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း။

မြန်မာနှင့် လာအိုနယ်နိမိတ်အရှည် မဲခေါင်မြစ် (၁၄၉) မိုင်ရှိပြီး ၁၉၉၁-၉၃ ခုနစ် အတွင်း တိုင်းတာ သတ်မှတ်ခဲ့ပါကြောင်း၊ ရည်ညွှန်းမှတ်တိုင် (၈၆) တိုင်စိုက်ထူထားပြီး ပုံသေနယ်နိမိတ် သတ်မှတ်ခြင်း စာချုပ်ကို ၁၉၉၄ ခုနစ်တွင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အရှည် (၁၆၉) မိုင်ရှိပြီး  နတ်မြစ် (၃၉ဒသမ၈ မိုင်)နှင့် နတ်မြစ်မြောက်ဖက်ကုန်းပိုင်း (၁၂၉ ဒသမ၂ မိုင်) ရှိပါကြောင်း၊ နတ်မြစ်၏ အဓိကရေနက် စီးကြောင်း ပုံသေနယ်နိမိတ်အဖြစ် သတ်မှတ်ခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို ၁၉၆၆ ခုနစ် တွင်လက်မှတ်ရေးထိုးခဲ့ပြီး ပုံသေနယ်နိမိတ်အမှတ်ပေါင်း (၃၀) ရှိကာ နှစ်နိုင်ငံပူးတွဲ ကွင်းဆင်းစစ်ဆေးပြုပြင်ခြင်းကို ၂၀၀၅ ခုနစ်တွင် ဆောင်ရွက်ခဲ့ပါ ကြောင်း။

နတ်မြစ်မြောက်ပိုင်း ကုန်းပိုင်းနယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ် ကို ၁၉၉၈ ခုနစ်တွင်လက်မှတ် ရေးထိုးခဲ့ပြီး နယ်နိမိတ်မှတ်တိုင်ပေါင်း (၅၃) တိုင် စိုက်ထူ ထားကာ  နှစ်နိုင်ငံပူးတွဲ ကွင်းဆင်းစစ်ဆေးပြုပြင်ခြင်းကို ၂၀၀၅ ခုနစ်တွင် ဆောင်ရွက်ခဲ့ပြီး နတ်မြစ်မြောက်ပိုင်း ကုန်းပိုင်းနယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၈ ခုနစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အတည်ပြုစာချွန်လွှာကို ၂၀၁၇ ခုနှစ်တွင် လဲလှယ်ခဲ့ပါကြောင်း။

ကောင်စစ်ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများမှ နိုင်ငံတော်ဝင်ငွေကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်း ရှာဖွေပေးလျက်ရှိရာ စတုတ္ထ (၁) နှစ်တာကာလအတွင်း ကောင်စစ် ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပြည်ဝင်ဗီဇာ၊ ဝင်ငွေခွန်၊ နိုင်ငံကူးလက်မှတ် ဆောင်ရွက်ခနှင့် အခြားဆောင်ရွက်ပေးမှုများမှ ကျပ် ၃၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၆ သန်း) ကို ရှာဖွေပေးနိုင်ခဲ့ပါကြောင်း။

ကိုဗစ်-၁၉ စတင် ဖြစ်ပွားပြီးနောက် မြန်မာအစိုးရသည် ပြည်ပနိုင်ငံများတွင် အကြောင်း အမျိုးမျိုးနှင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ပါ ကြောင်း၊  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန်မြို့တွင် ပညာသင်ကြား နေကြ သည့် မြန်မာနိုင်ငံသား ပညာသင် ၅၉ ဦးကို အထူးလေယာဉ်စေလွှတ်ပြီး ပြန်လည် ခေါ်ဆောင်ခဲ့ပါကြောင်း။

၂၀၂၀ ခုနှစ် ဇွန် ၁၈ ရက်အထိ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြည်ပနိုင်ငံ အသီးသီးမှ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံသားစုစုပေါင်း (၄,၅၈၇) ဦးရှိပါ ကြောင်း၊  ထိုင်းနိုင်ငံ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ သည့် မြန်မာနိုင်ငံသား စုစုပေါင်း (၃၁,၀၀၀) ရှိပါကြောင်း၊ တရုတ်နိုင်ငံ၊ နယ်စပ်ဂိတ် များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံသားစုစုပေါင်း (၉,၇၁၂) ဦး ရှိပါကြောင်း။

ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု၏ အခြားတိုးတက်မှု ရလဒ် များကိုလည်း ရရှိခဲ့ပါကြောင်း၊ အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အကောင် အထည်ဖော်မှုလုပ်ငန်းအစီအစဉ် (IAI) အောက်မှ စင်ကာပူနိုင်ငံ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မြန်မာ-စင်ကာပူ သင်တန်းကျောင်းတွင် သင်တန်းပေါင်း (၄၇၀) ခုကို ဖွင့်လှစ်ပို့ချခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ မတ်လအထိ (၄) နှစ် ကျော် ကာလအတွင်း မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်း သင်တန်းသား (၁၁,၇၄၀) ဦးအား စွမ်းဆောင် ရည်မြှင့်တင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့ပါကြောင်း။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၀) နှင့် ဝန်ကြီးဌာန (၁၀)ခုမှ အကောင်အထည်ဖော်မည့် စီမံကိန်း(၂၂)ခုအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ(၆ဒဿမ၇)သန်းခန့်အား ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သကဲ့သို့ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုဖြင့် “မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ (Mekong- ROK Biodiversity Center)” အား မြန်မာနိုင်ငံတွင် ထူထောင်နိုင်ရန် အဖွဲ့ဝင် နိုင်ငံများမှ သဘောတူညီမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ပြည်ပမှ စွပ်စွဲနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိရေး ကိစ္စရပ်ကို ကိုင်တွယ် ဆောင်ရွက်နိုင်ရန် ဖိလစ်ပိုင်နိုင်ငံမှ သံအမတ်ကြီး Manalo ဦးဆောင် သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)ကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ၂၀-၁-၂၀၂၀ ရက်နေ့တွင် ICOE ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံသို့ အပြီးသတ်အစီရင်ခံစာကိုပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း။           

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားရန်  ကော်မရှင်၏ အစီရင်ခံစာ အပြည့်အစုံကို နောက်ဆက်တွဲများနှင့်အတူ နိုင်ငံတော် သမ္မတက ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ပေးပို့ ထားပါကြောင်း။

ထိုကဲ့သို့ ဘက်ပေါင်းစုံမှ အားထုတ်ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၌ မြန်မာ နိုင်ငံအပေါ် ဖိအားပေးကြိုးပမ်းနေမှုများကို ယနေ့အချိန်ထိ ဟန့်တားထားနိုင်ခဲ့ပါ ကြောင်း။

ထိုသို့ဟန့်တားနိုင်မှုကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံ က “မြန်မာနိုင်ငံအား လူမျိုးသုဉ်းမှု တားဆီးရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သည်” ဟူသည့် စွပ်စွဲချက်နှင့် ဖိအားပေးလာသည့်အတွက် ICJ ၌ စနစ်တကျ ဖြေရှင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း။

ယင်းတရားစွဲဆိုမှုနှင့်ပတ်သက်ပြီး ကြားနာပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ  ဒီဇင်ဘာ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ ၌ ပြုလုပ်ခဲ့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အနေဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် အရေးကိစ္စတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပကတိအခြေအနေ မှန်များကို ဆွေးနွေး ရှင်းလင်းပြောကြားခဲ့ပါကြောင်း။

ICJ က ချမှတ်ခဲ့သည့် ယာယီအစီအမံများနှင့်ပတ်သက်၍ အစီရင်ခံစာတင်သွင်း ရေး၊ တရားစီရင်မှု ရင်ဆိုင်ရေးကိစ္စများတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသို့ လိုအပ် သည့် အကူအညီများ ပံ့ပိုးပေးလျက်ရှိပါကြောင်း။

မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံးများက ချစ်ကြည်ရင်းနှီးသည့် နိုင်ငံ များသို့ သံတမန်နည်းအရ စည်းရုံးချဉ်းကပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ ၂၀၁၉ ခုနှစ် ဇွန် ၃၀ မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွင် သတ်မှတ်ခံရပါကြောင်း။

မြန်မာသံတမန်ဝန်ထမ်းများ လုပ်ငန်းတာဝန်များကို အပြည့်အဝ အလေးထား အာရုံစိုက်လျက် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ ပံ့ပိုးပေးမှု တွင် ထူးခြားသော တိုးတက်မှုအဖြစ် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် မရှိမဖြစ် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာ အထောက်အပံ့များနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စရပ် များကို သိသိသာသာ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

ကျန်းမာရေးအာမခံချက်ရှိရေးအတွက် စတုတ္ထ(၁) နှစ်တာကာလအတွင်း ပြည်ပရှိ မြန်မာသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး စုစုပေါင်း(၁၀) ရုံး ရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအာမခံထားရှိခွင့်ကို ဆောင်ရွက် ပေးနိုင်ခဲ့ခြင်း ကြောင့် ပြည်သူ့အစိုးရ၏ (၄) နှစ်တာကာလအတွင်း မြန်မာသံရုံး/ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး စုစုပေါင်း(၂၉) ရုံးအတွက် ကျန်းမာရေး အာမခံများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

မိမိတို့ဝန်ကြီးဌာန(၂)ခုအနေဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်များ ပြီးမြောက် အောင်မြင် စေရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဘက်မှ ပံ့ပိုး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများက ကိုဗစ်ကာလတွင် နေရပ်ပြန်မည့် မြန်မာနိုင်ငံ သားများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှုနှင့် အထောက် အထားမဲ့ မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန်ကြုံတွေ့နေရသည့် အခက်အခဲများကို ဝန်ကြီးဌာန အနေဖြင့် ကူညီဆောင်ရွက်ပေးနေမှုတို့နှင့် စပ်လျဉ်း၍ မေးမြန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံသားများ၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်အကြီးအကဲများက လမ်းညွှန် ထားပါကြောင်း၊ မည်သည့်နိုင်ငံသို့ မည်သည့်ပုံစံဖြင့် တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် ရောက်ရှိနေပါက နိုင်ငံသားများကို မိမိတို့အနေဖြင့် ကူညီရမည့် တာဝန်ရှိပြီး မြန်မာသံရုံး အားလုံးသို့လည်း ညွှန်ကြားချက်ထုတ်ပြန်ကာ ကူညီဆောင်ရွက် လျှက်ရှိပါကြောင်း။

 ထို့ကြောင့် ကိုဗစ် -၁၉ ကာလအတွင်း နိုင်ငံတိုင်းသည် ယင်းကပ်ရောဂါကို ခံစားနေရပြီး ယင်းနိုင်ငံများတွင်လည်း နိုင်ငံအလိုက်ချမှတ်ထားသည့် အကန့်အသတ်များရှိသည့်အတွက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး နိုင်ငံတိုင်းရှိ မြန်မာသံအမတ်ကြီးများက သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံကာ  ဆွေးနွေးညှိနှိုင်းရပါကြောင်း၊ သတိထားနေရသည်မှာ မိမိနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေရပါကြောင်း၊ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက အမြဲတမ်းညှိနှိုင်း ဆောင်ရွက်ရပါကြောင်း။

ပြန်လည်ဝင်ရောက်လာမည့်သူများကို Quarantine Centre တွင် ထားရန်မှာ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ရန် ကြိုးစားနေချိန်တွင် နိုင်ငံတွင်းရှိ ၅၂ သန်းသော ပြည်သူများက ရောဂါပိုးမကူးစက်ရန် အစိုးရက ဦးစားပေး ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် ပြန်လည်ဝင်ရောက်မည့်သူများ သတ်မှတ်ထားသည့် နေရာများမှ ဝင်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းနေပါကြောင်း။

သို့ရာတွင် တရားဝင်သွားရောက်လုပ်ကိုင်နေသည့် သူများနှင့် တရားမဝင် သွားရောက် လုပ်ကိုင်နေသည့်သူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကူညီ ဆောင်ရွက်ရာတွင် မတူညီပါကြောင်း၊ တရားမဝင်သွားရောက်သူများသည် အထောက် အထားမရှိသည့်အတွက် ယင်းနိုင်ငံမှ မိမိတို့နိုင်ငံထဲသို့ခိုးဝင်သဖြင့် လူဝင်မှုကြီးကြပ် ရေးဉပဒေကို ချိုးဖောက်သည့် အတွက် ပုံမှန်အားဖြင့် ယင်းနိုင်ငံ၏ တရားစီရင်ရေးကို ခံကြရပါကြောင်း။

 သို့သော် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပရောက်နိုင်ငံသားအားလုံး ပြန်လည် ခေါ်ဆောင်ရန် ပြင်ဆင်နေပါကြောင်း၊ ထို့သို့စီစဉ်ရာတွင်လည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်မှုဖြင့် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများအား သတ်မှတ် သည့်ကာလပြီး သွားချိန်တွင် ပြန်ပို့ရန်ရှိပါကြောင်း၊ အကျဉ်းကျနေရင်း မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အခြေအနေ ပေးသူများမှာ ၃၀၀၀ ခန့်ရှိပြီး မခေါ်ဆောင်နိုင်သေးပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပို၍ အခက်အခဲရှိနေသည့်သူများအား ကူညီဆောင်ရွက်ပေးနေရမှုများရှိပါကြောင်း။

သို့သော်ကိုဗစ် -၁၉ ကာလတွင် မလေးရှားနိုင်ငံတွင် ကန့်သတ် သတ်မှတ်ချက်များ ရှိပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းများရပ်ဆိုင်းသွားသည့် အတွက် အလုပ်လက်မဲ့ဖြစ်သွား သူများမှာ စားရေးသောက်ရေး အခက်အခဲများ ရှိကြပါကြောင်း၊ ထို့ကြောင့် စိတ်ဓာတ် ကျနေသူများလည်းရှိပါကြောင်း။

မြန်မာနိုင်ငံမှ ပရဟိတအဖွဲ့များမှလည်း တတ်စွမ်းသမျှကူညီဆောင်ရွက်နေပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်နေပြီး တရားဝင်စာဖြင့် အကြောင်းကြားထားပြီး ဖုန်းဖြင့်လည်း မကြာခဏ အသိပေးပါကြောင်း၊ သံရုံးများ အနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း နိုင်ငံသားအားလုံးကို ပြန်လည်ခေါ်ဆောင်ရန် စီစဉ် ဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး ( International Court of Justice – ICJ ) မှ ချမှတ်ထားသည့် ကြားဖြတ်အစီအမံများကို ဝန်ကြီးဌာနအနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ICJ ဒုတိယအကြိမ်အစီရင်ခံစာသည် နိုဝင်ဘာတွင် တင်ရမည် ဖြစ်ပြီး ရွေးကောက်ပွဲကာလဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင် ဆောင်ရွက် ထားရှိမှု၊  ကိုဗစ်ကာလဖြစ်သည့်အတွက် အထောက်အထားမဲ့ နိုင်ငံသားများ နေရပ်ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာသံရုံးများကို ညွှန်ကြားထားမှု၊ ကူညီဆောင်ရွက်ပေးနေမှု နေရပ်ပြန် ရန်လိုအပ်နေသည့် ပြည်ပမှ အထောက်အထားမဲ့ နိုင်ငံသားအရေအတွက်၊  ပြည်ထောင်စု လွှတ်တော်တွင် ICJ အတွက် ဘတ်ဂျက်တောင်းခံမှု၊ ဘတ်ဂျက်ထဲမှ ရှေ့နေငှားရမ်းခအနေဖြင့်  သုံးစွဲခွင့်၊ ရှေ့နေငှားရမ်းခ ပေးဆောင်နေမှု အခြေအနေ၊ နိုင်ငံကိုအကျိုးပြုလိုသည့် ပြည်  ပရောက် မြန်မာနိုင်ငံသားဟောင်းများ ဖိတ်ခေါ်ခဲ့သည့် အခြေအနေ၊ လျှောက်ထားသည့်ဦးရေ၊  သံတမန်ကျင့်ဝတ်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦး က ဥပဒေများ စိစစ်အကြံပြုရေးဦးစီးဌာနအနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဥပဒေ (မူကြမ်း) ၁၇၈ ခု၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း ၄၃၇ ခုကို စိစစ်အကြံပြုခြင်း၊ ပြဋ္ဌာန်းပြီးဥပဒေ ၃၈ ခုနှင့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ၂၆ ခုတို့ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနအနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေရေးရာနှင့် သက်ဆိုင်သည့်ကိစ္စ ၉၅၂ ခု၊ အစိုးရ ဌာနများနှင့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများချုပ်ဆိုသော စီးပွားရေးစာချုပ်စာတမ်း ကိစ္စ ၁၂၆၇ ခုနှင့် အထွေထွေဥပဒေအကြံပေး ၆၅၄ ခုတို့ကို စိစစ်အကြံပြုပြန်ကြားနိုင်ခဲ့ပါ ကြောင်း။

တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနအနေဖြင့် စတုတ္ထ (၁) နှစ်တာကာလတွင် ရာဇ၀တ် အယူခံမှု ၅၀၈ မှု၊ ရာဇ၀တ်အထူးအယူခံမှု ၂၅  မှု၊ ရာဇ၀တ်ပြင်ဆင်မှု ၉၀၉ မှု၊ သေဒဏ် အတည်ပြုမှု ၃၈ မှု၊ ရာဇ၀တ်အထွေထွေ လျှောက်ထားမှု ၁၁ မှုနှင့် ရာဇဝတ် အထွေထွေ လျှောက်ထားမှု (အထူး) ၃၅ မှု ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ သည့်အပြင် စာချွန်တော်အမိန့် လျှောက်ထားမှုများတွင် နိုင်ငံတော်ကိုယ်စား အမှု ၃၉ မှု လက်ခံ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တရားမစွဲမီ ဥပဒေအကြံဉာဏ်ပေးခြင်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စတုတ္ထ (၁) နှစ်တာကာလတွင် ရာဇဝတ်အမှုပေါင်း  ၂၃၈ မှု ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

စီမံရေးရာဦးစီးဌာနအနေဖြင့် ဥပဒေအရာရှိများအတွက် မွမ်းမံသင်တန်း ၄ ကြိမ် ဖွင့်လှစ်ခြင်း၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ၆၅ ခု ကျင်းပခြင်း၊ ၂၀၁၈ခုနှစ် ဥပဒေများ၊ နည်းဥပဒေများစာအုပ်၊ ဥပဒေဂျာနယ် အတွဲ ၁၁၊ အမှတ် (၂)၊ ဥပဒေရုံးများရည်ညွှန်းစာစောင်များ၊ ဥပဒေဘာသာပြန်စာအုပ်အမှတ် (၃)၊ (၄)၊ (၅)၊ (၆) နှင့် (၇)၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေ၊ တရားလွှတ်တော်ရှေ့နေများ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ စာအုပ်တို့ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးရှိ အဆင့်ဆင့်သော ဥပဒေရုံးများသို့ ဖြန့်ဝေခဲ့ပါကြောင်း။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ထူးခြားသော လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာနှင့်  ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး ဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပါ ကြောင်း၊ အဆိုပါအဖွဲ့တွင် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊  ဒုတိယ ရှေ့နေချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဒုတိယဥက္ကဋ္ဌများ အဖြစ်လည်း ကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲများ ဖွဲ့စည်းပြီး ဥပဒေအသိပညာပေးရေး၊ တရားမျှတမှုကို အားလုံး လက်လှမ်းမီရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ယခုစတုတ္ထနှစ် ကာလတွင် ၃ နှစ် ပြည့်ပြီဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့ကို ဖွဲ့စည်းပြီး နှစ်နှစ်တာကာလအတွင်း တရားမျှတမှုဆိုင်ရာ တင်ပြစာပေါင်း ၇၃၁ စောင် ရှိခဲ့ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ပြည်သူ့အတွက် တရားမျှတမှု” မဟာဗျုဟာစီမံကိန်း (၂၀၁၉ - ၂၀၂၃)ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်နိုင်ခဲ့ပြီး အဖွဲ့ခွဲများမှ ကျင်းပသည့် အသိပညာပေးဆွေးနွေးပွဲ  ၃၄  ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း။

တရားလွှတ်တော် ရှေ့နေများကောင်စီအနေဖြင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးကို စတုတ္ထ (၁) နှစ်တာကာလတွင် ၃ ကြိမ်ကျင်းပနိုင်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလအတွင်း တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားသူ ၁၁၁၅ ဦး၏ တရားလွှတ်တော် ရှေ့နေ ဝင်ခွင့်ကို စိစစ်၍ ထောက်ခံကြောင်း သဘောထားမှတ်ချက်ကို ပြည်ထောင်စုတရားလွှတ် တော်ချုပ်သို့ ပေးပို့ခဲ့ပါကြောင်း။

တရားလွှတ်တော်ရှေ့နေများကောင်စီ၏ တရားလွှတ်တော်ရှေ့နေများ မှတ်ပုံတင်ကဒ် ပြားကို Smart Card  ပြုလုပ်ပေးလျက်ရှိပါကြောင်း၊  ၂၀၁၉ ခုနှစ် ဇွန်လတွင် တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဌာန်းခဲ့ပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင် ရာ နည်းဥပဒေများနှင့် တ ရားလွှတ်တော်ရှေ့နေများကောင်စီက ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို  ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေ ၄ (က) အရ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကောင်စီအဖွဲ့ဝင် ၁၅ ဦးတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော တရား လွှတ်တော်ရှေ့နေ ၁၁ ဦး ပါဝင်မည်ဖြစ်ပါကြောင်း။

ဥပဒေဘာသာပြန်ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၆/၂၀၁၆ ဖြင့်ဖွဲ့စည်းခဲ့ပြီး အမိန့် ကြော်ငြာစာအမှတ်၊ ၃၁/၂၀၁၇ ဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့ပါကြောင်း၊ ဥပဒေဘာသာပြန် ကော်မရှင်တွင် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်က ဥပဒေဘာသာ ပြန်ဆိုရမည့် ဥပဒေ ၈၁ ခုအနက် ဥပဒေ ၂၄ ခု ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ ဥပဒေစာအုပ်အမှတ်စဉ် ၇ အထိ အတည် ပြုထုတ်ပြန်ခဲ့ပါကြောင်း။

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့ အ နေဖြင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံ  ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀  ရက်တွင် တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၁  ရက်စွဲဖြင့် ရခိုင်ပြည်နယ်ဖြစ်စဉ် နှင့်စပ်လျဉ်းသည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားရန်နှင့် အထောက်အထားများ ခိုင်လုံပါက တရားစွဲဆိုမှု များ ပြုလုပ်သွားရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ညွှန်ကြားခဲ့ပါကြောင်း။

 

အဆိုပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၂၄ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ဥက္ကဌ အဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၁၀ ဦးဖြင့် “ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့” ကို ဖွဲ့ စည်းပေးခဲ့ပါကြောင်း၊ ယင်းအဖွဲ့ဝင်များတွင် သက်ဆိုင်ရာဌာနများမှ ဒုတိယဝန်ကြီးများ၊ ဒုတိယစစ်ဥပဒေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယရဲချုပ်တို့ ပါဝင်ပါကြောင်း၊ ယင်း အဖွဲ့၏ အစည်းအဝေးကို ၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်အထိ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးဖြစ်ပါကြောင်း။

နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit)အနေဖြင့် ရခိုင်ပြည်နယ် ဖြစ်စဉ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအပေါ် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက  ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် “နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေး ဆိုင်ရာ အထူး အဖွဲ့”ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်၍ ဥပဒေ ဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

အာဆီယံ ဥပဒေပညာရှင်များအသင်း (ASEAN Law Association - ALA) အနေဖြင့် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ အာဆီယံ ဥပဒေပညာရှင် များအသင်းကို အာဆီယံနိုင်ငံများအကြား ဥပဒေရေးရာကိစ္စများတွင် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်း တည်ထောင်ခဲ့ပါကြောင်း၊ ယင်းအဖွဲ့သို့ မြန်မာနိုင်ငံက ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး အာဆီယံဥပဒေပညာရှင် များအသင်း(မြန်မာ)ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၉ ဦးဖြင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၁/၂၀၁၉ ဖြင့် ကော်မတီကို ထပ်မံ၍ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီအသစ်၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အဆင့်မြင့်အရာရှိများသည် မြန်မာကိုယ်စားလှယ်များ အဖြစ် အာဆီယံ ဥပဒေပညာရှင်များအသင်း အစည်းအဝေးများသို့ နှစ်စဉ်တက်ရောက် ပါဝင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း။

မြန်မာဥပဒေသတင်းအချက်အလက်စနစ်ကို (www.mlis. gov.mm) website တွင် KOICA ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်မှ စတင်၍ အောင်မြင်စွာ လွှင့်တင် နိုင်ခဲ့ပြီး  ဥပဒေများ၊ တစ်ဆင့်ခံ ဥပဒေများ၊ စီရင်ထုံးများနှင့် မြန်မာနိုင်ငံက ပါ၀င်လက်မှတ် ရေးထိုးထားသော Convention များ အပါအဝင် ဥပဒေသတင်း အချက်အလက် စုစုပေါင်း ၉၁၀၀ ကျော်ကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်လျက်ရှိပါကြောင်း။

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သောဥပဒေရုံးများကို ပြည်သူများက ယုံကြည်မှု တိုးတက်လာစေရေးအတွက် ဥပဒေအရာရှိကျင့်၀တ်ဆိုင်ရာ လက်စွဲစာအုပ်ကို ထုတ်ဝေခဲ့ပြီး သင်တန်းများတွင် ဘာသာရပ်တစ်ခုအဖြစ် ပို့ချခဲ့ပါကြောင်း။

အမှုတွဲစီမံခန့်ခွဲခြင်း နှင့် စာရွက်စာတမ်းစီမံခန့်ခွဲခြင်းစနစ်ကို USAID ၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး အမှုများမှန်ကန်မြန်ဆန်ရေး အတွက်လည်း ရှေ့ပြေး ဥပဒေရုံး ၈ ရုံးကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုခင်းများ လိုက်ပါဆောင်ရွက်ရာတွင် အမှုလိုက်ပါ ဆောင်ရွက်မှုစွမ်းရည်နှင့် အမှုတည်ဆောက်ခြင်း ဆိုင်ရာ အယူအဆများ မြင့်မားတိုးတက်စေရန် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် ဥပဒေအရာရှိ ၂၄ ဦးဖြင့်  Special Prosecution Unit  ကိုဖွဲ့စည်း၍ အမေရိကန် ပြည်ထောင်စု တရားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကျင်းပသော အလုပ်ရုံဆွေးနွေးပွဲ ၇ ကြိမ် ကျင်းပနိုင်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရဲအရာရှိ များကို စွမ်းရည်မြှင့်တင်နိုင်ခဲ့ပါကြောင်း။

လိုအပ်သော ဝန်ထမ်းအင်အားများကို နှစ်စဉ်ဖြည့်ဆည်းခန့်ထားခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်သင်တန်းများနှင့် မွမ်းမံသင်တန်းများကျင်းပပေးခြင်း၊ ဥပဒေ ရေးဆွဲခြင်း၊ စာချုပ်စာတမ်းစိစစ်ခြင်းနှင့် ဥပဒေဘာသာပြန်ကိစ္စရပ်များအတွက် သင်တန်းများ ပေးခြင်း၊ သင်ရိုးညွှန်းတမ်းများပြင်ဆင်ရေးဆွဲခြင်း၊ ရာဇဝတ် ကျင့်ထုံးဥပဒေ လုပ်ငန်းဝင် သင်ရိုးညွှန်းတမ်းထုတ်ပြန်ခြင်း၊ သင်တန်းဆရာများ လေ့ကျင့်မွေးထုတ်ပေးခြင်းနှင့် လုပ်ငန်း ခွင်သာယာရေးကို အလေးထားဖန်တီးပေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများက နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူး အဖွဲ့၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ICJ ကိစ္စ နှင့်ပတ်သက်၍ အကူအညီများနှင့် အကြံဉာဏ်ပေးခြင်းများ မည်သို့ဆောင်ရွက်လျက်ရှိ သည်ကို မေးမြန်းရာ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးက နိုင်ငံတကာရာဇဝတ် တရားစီရင်ရေး နှင့်ပတ်သက်၍ အတွေ့အကြုံ၊ ဗဟုသုတ လိုအပ်နေသည့်အတွက် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့က သုတေသနစာတမ်းများကို ပြုစုပါကြောင်း၊ အကြံပြုချက်များ ပေးပါကြောင်း၊ ပထမဆုံးအနေဖြင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE) အစီရင်ခံစာကို အကောင်အထည်ဖော်ရေးကိစ္စတွင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးက ဦးဆောင်၍ အဖွဲ့ဖွဲ့စည်းထားပါကြောင်း၊ ယင်းအဖွဲ့အစည်းအောက်တွင် Task Force အဖွဲ့ဖွဲ့စည်းပါကြောင်း၊ ယင်းအဖွဲ့များကို အထူးအဖွဲ့က မည်သည့်ဒေသတွင် ဦးစားပေး ဆောင်ရွက်သင့်သည်၊ မည်သည့်မဟာဗျူဟာများဖြင့် မည်သို့ချဉ်းကပ်သင့်သည်တို့ကို အကြံ ဉာဏ်ပေးပါကြောင်း၊ ICJ သို့ သွားရောက်သည့်ကိစ္စများတွင် အထူးအဖွဲ့က Research Paper များ ရေးသား၍ အဆင့်ဆင့် တင်ပြခြင်းများ ဆောင်ရွက်နေပါကြောင်း။

ICJ နှင့် ပတ်သက်၍ ဦးဆောင်ကော်မတီများ၊ လုပ်ငန်းကော်မတီများ စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနေဖြင့် ယင်း ကော်မတီများတွင် ပါဝင်ပါကြောင်း၊ ထို့ပြင် ယင်းကော်မတီများတွင် သွားရောက်တာဝန် ထမ်း ဆောင်နေသည့် ဝန်ထမ်းများလည်းရှိပါကြောင်း၊ Provisional measures အရ လိုအပ်သည့် အစီရင်ခံစာများ ရေးသားခြင်း၊  ဘာသာပြန်ခြင်း၊ လိုအပ်ချက်များကို မှတ်ချက်ပြုပေးခြင်းများ ကို ဆောင်ရွက်နေပါကြောင်း၊ အမုန်းစကား မပြန့်ပွားရေး၊ Genocide Convention ပါ အချက် များလိုက်နာရေး၊ သက်သေခံပစ္စည်း မဖျောက်ဖျက်ရေး စသည့် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်ထုတ်ပြန်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဘာသာပြန်ခြင်း၊ အမိန့် ညွှန်ကြားချက်များ ရေးဆွဲခြင်းနှင့် တည်းဖြတ်ခြင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ သတင်းမီဒီယာများက ဌာနဆိုင်ရာအကြီးအကဲများ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တွင် ဒါရိုက်တာအဖြစ် ပါဝင်နေမှု နှင့်ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ၏ သဘောထားမှတ်ချက်ပြန်ကြားခဲ့မှု အခြေအနေ၊ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိက အကျိုးစီးပွား ဆိုင်ရာ အခွင့်အရေးများ နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆောင်ရွက်နေမှု ရှိ/မရှိ၊ ဉပဒေများ ကို ဘာသာပြန်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် သာသာပြန်ပြီးသည့် ဉပဒေအရေအတွက်၊ ပြင်ပ ရှေ့နေများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ စသည်တို့ကို မေးမြန်းရာ ပြည်ထောင်စုရှေ့နေချုပ် ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦး နှင့်တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့် ပတ်သက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန တို့၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။ ဟန်မျိုးစိုး၊ ကေတာ