နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား


Ministry of Information/ ​နေပြည်တော် / February 18, 2020


နေပြည်တော် ဖေဖော်ဝါရီ ၁၈

စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ e-Government ဦးဆောင် ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားမိန့်ခွန်းပြောကြား သည်။

အခမ်းအနားသို့ e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ e-Government ဦးဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့မှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ရှေးဦးစွာစတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲ အခမ်းအနားကို e-Government ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နာယက ဦးသိန်းဦး၊ ဥက္ကဋ္ဌဦးမင်းဇေယျာလှိုင်၊ Huawei Technologies (ရန်ကုန်) ကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိချုပ် Mr.Ding Zhao Yi ၊ MyanTel Holdings ဥက္ကဋ္ဌဒေါက်တာကျော်ထူးလင်းနှင့် Oracle Corporation အကြီးတန်းဒုတိယဥက္ကဋ္ဌ Mr.Chung Heng Han တို့က open ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် Augmented Reality ကွန်ပျူတာနည်းပညာဖြင့် ဖန်တီးပုံဖော်ထားသော ကနောင်မင်းသား၏ ပုံရိပ်များကို လက်ရှိအပြင်ကမ္ဘာနှင့် ရောယှက်ကာ ပုံဖော်ထားသည့် နည်းပညာကိုပြသသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နာယက ဦးသိန်းဦးနှင့် ဥက္ကဋ္ဌဦးမင်းဇေယျာလှိုင်၊ Augmented Reality ကွန်ပျူတာ နည်းပညာဖြင့် ပုံဖော်ထားသည့် ကနောင်မင်းသား ပုံရိပ်နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် e-Government ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် “ကျွန်မတို့ရဲ့ စတုတ္ထအကြိမ်မြောက် အီလက်ထရောနစ် အစိုးရညီလာခံနှင့် အိုင်စီတီပြပွဲ (နေပြည်တော်) အခမ်းအနားကို ကြွရောက်လာတဲ့ ဧည့်သည်တော်များအားလုံးကို ကြိုဆိုနှုတ်ခွန်း ဆက်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်မပထမဦးဆုံး ပြောရမယ်ဆိုရင် ကျွန်မတို့ အခုနည်းပညာတွေနဲ့ပတ်သက်လို့ တတ်နိုင်သမျှ မြန်မာမှုပြုတာကို လိုလားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအင်္ဂလိပ်ဘာသာ စကားနဲ့ အများကနေ သုံးနေတယ်ဆိုတာ လက်ခံပါတယ်။ တစ်ကမ္ဘာလုံးကလည်း ဒီလိုပဲသုံးနေတာပါ။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပြည်သူလူထုအနေနဲ့ ဒါတွေနဲ့ ပတ်သက်လို့ အဓိပ္ပါယ်ကို နားလည်စေချင်ပါတယ်။ အဓိပ္ပါယ်ကို နားလည်မှ တကယ်ပဲ ပါဝင်နိုင်မှာလို့ ကျွန်မဒီလိုပဲယူဆပါတယ်။ တတ်နိုင်သရွေ့တော့ ကျွန်မတို့က မြန်မာမှုပြုစေချင်ပါတယ်။ အခုချက်ချင်း သိပ်ပြီးတော့ တိကျပြီးမှန်ကန်တဲ့ ဝေါဟာရရှာလို့ မတွေ့ဘူးဆိုရင် သုံးရင်းနဲ့ တဖြည်းဖြည်း ထပ်ပြီး ပြုပြင်လို့ရပါတယ်။ အဲဒါကိုတော့ အားလုံးကို အားကိုးချင်ပါတယ်။ ဒီဟာကို တိုက်တွန်း ချင်ပါတယ်။ မြန်မာမှုပြုပါ။ ဒါမှ ကျွန်မတို့ပြည်သူတွေ အားလုံးကနေ တဖြည်းဖြည်း နည်းပညာတွေနဲ့ ယဉ်ပါးလာအောင် ပညာတတ်တွေ၊ ကျွမ်းကျင်သူတွေအတွက်သာ မဟုတ်ဘူး။ ပြည်သူအားလုံးအတွက် ဖြစ်တယ်ဆိုတာကို ထင်ရှားစေချင်ပါ တယ်။
အီလက်ထရောနစ်အစိုးရ(e-Government)ကို အကျိုးတရားများစွာကို ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ငန်းလုပ်ဆောင်မှုများ လွယ်ကူလျှင်မြန်လာစေဖို့၊ လုပ်ငန်းများ ပိုမိုတွင်ကျယ်စေဖို့၊ ဆုံးဖြတ်ချက်များ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ချနိုင်ဖို့၊ ဝန်ဆောင်မှုပေးရာမှာ တိုးတက်ကောင်းမွန်လာစေဖို့၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာမှာ ပွင့်လင်းမြင်သာမှုရှိစွာ၊ တုံ့ပြန်မှုအားကောင်းစွာနဲ့ လျှင်မြန်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်စေဖို့၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးလာစေဖို့ဖြစ်ပါတယ်။ e-Government ကို အကောင်အထည်ဖော်ခြင်းဖြင့် အစိုးရနဲ့ ပြည်သူ၊ အစိုးရနဲ့ စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနအချင်းချင်း၊ အစိုးရနဲ့နိုင်ငံ့ဝန်ထမ်းများအကြား ဝေးကွာမှုတွေ လျော့ကျလာပြီး အစိုးရဌာနများနဲ့ ဆက်ဆံဆောင်ရွက်တဲ့ကိစ္စတွေ လွယ်ကူလျှင်မြန်လာစေမှာဖြစ်ပါတယ်။

e-Government ဟာ တိုင်းပြည် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ စွမ်းဆောင်ပေးနိုင်တဲ့အရာ (Enabler) တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့လိုအပ်နေတဲ့ နိုင်ငံရဲ့ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုကိုရရှိဖို့၊ ဆင်းရဲမှုတွေလျော့ချနိုင်ဖို့အတွက် e-Government အကောင်အထည်ဖော် မှုများက အလွန်အရေးပါပါတယ်။ e-Government ရဲ့ အကျိုးသက်ရောက်မှုကလည်း အလွန်ပဲများပါတယ်။ ဒါကြောင့် e-Government ကဏ္ဍ တိုးတက်မှုမရှိရင် ပြည့်စုံတဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုလို့ ပြောလို့မရတော့ပါဘူး။ အခုဆိုရင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က e-Government ဖွံ့ဖြိုးတိုးတက်မှုကို၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ကို တိုင်းတာတဲ့ ဖွံ့ဖြိုးမှု ညွှန်းကိန်း (development indicator) တစ်ခုအဖြစ် သတ်မှတ်ထား ပါတယ်။ အဲဒီ e-Government ဖွံ့ဖြိုးမှုညွှန်းကိန်းကို အွန်လိုင်းဝန်ဆောင်မှုများညွှန်းကိန်း၊ ဆက်သွယ်ရေး တယ်လီကွန်မြူနီကေးရှင်း အခြေခံအဆောက်အဦ ဆိုင်ရာ ညွှန်းကိန်းနဲ့ လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းဆိုတဲ့ ညွှန်းကိန်း(၃)ခုကို အသုံးပြုပြီး တိုင်းတာတွက်ချက် တာကို တွေ့ရှိရပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကိုကြည့်ရင် ၂ဝ၁၆ ခုနှစ်က နိုင်ငံပေါင်း (၁၉၃)နိုင်ငံအနက် အဆင့်(၁၆၉)၊ ၂ဝ၁၈ ခုနှစ်မှာ အွန်လိုင်းဝန်ဆောင်မှုများနဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေ အထူးသဖြင့် မိုဘိုင်းဆက်သွယ်ရေးမှာ တိုးတက်လာလို့ (၁၅၇)အဆင့်ကို တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် ညွှန်းကိန်း တန်ဖိုးတွေဟာ အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဒေသရဲ့ပျမ်းမျှအောက်ရောက်နေသေးတာကို တွေ့ရှိရပါတယ်။ ကျွန်မတို့ ဒီထက်ပိုပြီး အရှိန်အဟုန်နဲ့ ကြိုးပမ်းကြဖို့ လိုသေးတယ်ဆိုတာကို ပြသနေတာပါ။

အဲဒီဟာကတော့ ကျွန်မတို့ဒီကဏ္ဍမှာတင်မဟုတ်ပါဘူး။ ဥပမာ ပညာရေးတို့၊ တခြားကဏ္ဍမှာလည်း ကမ္ဘာ့အဆင့် တက်လာတယ်ဆိုပေမယ့် အာဆီယံအဆင့်မှာကျတော့ ကျွန်မတို့ မတက်လာတဲ့အပြင် တစ်ခါတစ်လေ ကျတောင်ကျသွားတာကို တွေ့ရပါတယ်။ အဲဒါ ဘာကိုပြနေသလဲဆိုတော့ ကျွန်မတို့အိမ်နီးချင်းနိုင်ငံတွေက ကျွန်မတို့ထက် တိုးတက်မှုမြန်တယ် ဆိုတာကို ပြနေတာပါ။ ကျွန်မတို့က တိုးတက်ရုံနဲ့ မလုံလောက်ဘူး။ တိုးတက်မှုမြန်ဆန်ဖို့ရာ အရေးကြီးပါတယ်။ အဲဒီဟာအတွက်လည်း e-Government အစီအစဉ်ကနေပြီးတော့ အထောက်အကူပေးလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။

 e-Government ဝန်ဆောင်မှုတွေပေးရာမှာလည်း အားလုံးတန်းတူ အသုံးပြုနိုင်ခွင့် ရရှိဖို့ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဝေးလံခေါင်ဖျား ကျေးလက်ဒေသများအတွက် မိုဘိုင်းနဲ့ အင်တာနက် ဆက်သွယ်မှုရရှိနိုင်အောင် စနစ်တကျသုံးစွဲတတ်အောင်၊ သုံးစွဲနိုင်စွမ်းရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း e-Government ဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ မြန်မာနိုင်ငံအနေနဲ့ ဒီခရီးရှည်ကြီးကို အောင်မြင်စွာ သွားနိုင်ဖို့အတွက် ခေတ်အဆက်ဆက် နိုင်ငံဦးဆောင်သူများရဲ့ အမြော်အမြင် (vision)နဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှု(leadership)က အလွန်အရေးကြီး ပါတယ်။ လိုအပ်တဲ့အဖွဲ့အစည်းများ ဖွဲ့စည်းတည်ဆောက်မှု တွေကိုလည်း လုပ်ဆောင်ဖို့လို တာကြောင့် e-Government ဦးဆောင်ကော်မတီ၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီနဲ့ လုပ်ငန်းအလိုက် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။ e-Government အကောင်အထည်ဖော်ရာမှာ အစိုးရပိုင်းသာမက ပုဂ္ဂလိကဘက်ကလည်း ပါဝင်ကူညီနိုင်အောင် လုပ်ငန်းကော်မတီများဖွဲ့စည်းရာ မှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နဲ့ တက္ကသိုလ်များကိုလည်း ပါဝင်ဖွဲ့စည်းပေးခဲ့ပါတယ်။

အခုဆိုရင် e-Government အကောင်အထည်ဖော်ဖို့လိုအပ်တဲ့ အခြေခံအဆောက်အဦ များကိုလည်း တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ဝန်ကြီးဌာနများ အချင်းချင်းချိတ်ဆက်ထားတဲ့ ဆက်သွယ်ရေးကွန်ရက်ကိုလည်း တည်ဆောက်ထားပြီးပါပြီ။ အစိုးရဝန်ကြီးဌာနများရဲ့ အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းထားနိုင်ဖို့၊ ဝန်ဆောင်မှုများပေးနိုင်ဖို့ အစိုးရဒေတာ စင်တာတစ်ခု တည်ဆောက်သွားနိုင်ဖို့လည်း စီမံဆောင်ရွက်နေပါပြီ။ အရေးကြီးတဲ့ ဥပဒေပိုင်းမှာလည်း e-Government အတွက် လိုအပ်နေတဲ့ ဥပဒေတချို့ကို ပြဋ္ဌာန်းထားပြီး ဖြစ်သလို ဆိုက်ဘာပြစ်မှုများဆိုင်ရာဥပဒေ၊ ဒေတာလုံခြုံရေး ဆိုင်ရာဥပဒေ စတဲ့ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြပါပြီ။ e-Government အကောင်အထည် ဖော်ရာမှာ ဌာနများအလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် ဆောင်ရွက်နေတာ တွေရှိသလို အစိုးရဝန်ထမ်းများရဲ့ အိုင်စီတီ ကျွမ်းကျင်တတ်မြောက်မှုစွမ်းရည်ကို ဖြည့်ဆည်းပေးဖို့အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီတို့ကလည်း ဝန်ထမ်းများကို အခြေခံအိုင်စီတီ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပို့ချပေးနေပြီ ဖြစ်ပါတယ်။ အထူးပြုနည်းပညာ ကျွမ်းကျင်မှုများအတွက်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှာ အထူးပြု သင်တန်းတွေကို အခါအခွင့်သင့်သလို ပို့ချဆောင်ရွက် ပေးနေပါတယ်။ အစိုးရဌာန အသီးသီး အနေနဲ့ e-Government ကို အကောင်အထည်ဖော်ရာမှာ အစိုးရရဲ့ လုပ်ငန်းစဉ်များနဲ့ အလုပ်လုပ်ကိုင်တဲ့ ပုံစံတွေကိုလည်း တိုးတက်နေတဲ့ နည်းပညာ များနှင့်အညီ လိုက်လျောညီထွေဖြစ်တဲ့ ပုံစံတွေနဲ့ပြောင်းလဲသွားကြရမှာပါ။ ဒီလို လိုက်လျောညီထွေဖြစ်အောင် မပြောင်းလဲနိုင်ရင် e-Government မအောင်မြင်နိုင်ကြောင်း သတိပြုကြဖို့ မှာကြားလိုပါတယ်။

အများပြောနေကြတဲ့ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲခြင်း (Digital Transformation) ဆိုတာက ကျွန်မတို့အခုနေထိုင်နေတဲ့ လူမှုပတ်ဝန်းကျင်မှာ ဒစ်ဂျစ်တယ်နည်းပညာကိုသုံးပြီး လုပ်ငန်းတွေ ပိုမိုမြန်ဆန်အဆင်ပြေချောမွေ့ဖို့ ဆောင်ရွက်တာဖြစ် ပါတယ်။ အခုဆိုရင် လူတိုင်းနီးပါး Smart Phone တွေ သုံးလာနိုင်တဲ့အတွက် ဖုန်းကနေ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်တယ်၊ သတင်းအချက်အလက်တွေ ပို့နိုင်တယ်၊ ရောင်းတာ၊ ဝယ်တာတွေ လုပ်နိုင်တယ် စသည်ဖြင့် နေ့စဉ် လူမှုဘဝလုပ်ငန်း တော်တော်များများကို ဖုန်းတွေနဲ့ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ ဆောင်ရွက်လာနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ အခုဆို Smart Phone တွေဟာ စံလို့ ပြောမထားပေမယ့် စံတစ်ခုဖြစ်နေတဲ့ လက်တွေ့အားဖြင့် ပကတိအရှိတရား(de-facto) Digital Platform တစ်ခုဖြစ်လာပြီး Smart Phone တွေကို အသုံးချပြီး အစိုးရဝန်ဆောင်မှုတွေကို ဘယ်လို လွယ်ကူ လျင်မြန်စွာ ပေးနိုင်မလဲဆိုတာကို စဉ်းစားပြီး e-Government လုပ်ငန်းတွေ Digital Platform ပေါ်ရောက်အောင် ရွေ့ပြောင်းကြဖို့ မှာကြားလိုပါတယ်။

ဒီနေရာမှာ တစ်ဆက်တည်း ပြောချင်တာကတော့ အခုလို Smart Phone တွေနဲ့ အင်တာနက်ကို သုံးစွဲတဲ့နေရာမှာ အသုံးပြုနေကြတဲ့ Mobile SIM Card ကိစ္စပဲ ဖြစ်ပါတယ်။ Online ဝန်ဆောင်မှု တွေကိုသုံးစွဲကြတဲ့အခါ Mobile ဖုန်းနံပါတ်ကို အသုံးပြုပြီး Authenticate သုံးစွဲသူ မှန်ကန်ကြောင်း စိစစ်သက်သေခံတဲ့ လုပ်ငန်းစဉ်တွေကို ပြုလုပ်ကြရပါတယ်။ ဒီလိုအသုံးပြုကြ ရတဲ့အခါမှာ မိမိဖြစ်ကြောင်း မဖော်ပြဝံ့သူ၊ အဖျက်အမှောက် လုပ်ငန်းဆောင်ရွက်လိုသူ၊ ဆိုက်ဘာ ပြစ်မှုကျူးလွန်လိုသူတွေက SIM Card Registration လုပ်ငန်းစဉ်ရဲ့ အားနည်းချက်ကို အသုံးချပြီး သတင်းတု သတင်းမှားတွေ ဖြန့်ဝေခြင်း၊ အမုန်းစကားတွေ ဖြန့်ဝေခြင်း၊ ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်း စတာတွေကို ကျူးလွန်နေ ကြပါတယ်။ ဒီလိုဖြစ်စဉ်တွေကို ထိန်းကျောင်းဖို့ SIM Registration လုပ်ငန်းစဉ်ကို ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ စီမံဆောင်ရွက်လျက်ရှိပါတယ်။ အသိအမြင်နဲ့ တာဝန်ခံမှုရှိတဲ့ တာဝန်သိ ပြည်သူတွေအနေနဲ့ SIM Registration လုပ်ငန်းစဉ် တွေမှာ ပူးပေါင်းဆောင်ရွက်ကြစေလိုပါတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ပါမှ တရားဥပဒေစိုးမိုးရေးအပါအဝင် နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ တိုးတက်ရေး တွေအတွက် အထောက်အကူဖြစ်မှာမို့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်တာ ဖြစ်ပါတယ်။

တစ်ခါတည်းပြောရမယ်ဆိုရင် ကိုယ်ကအပြစ်မလုပ်ထားဘူး၊ မဟုတ်တာ မလုပ်ထားဘူးဆိုရင် အခုစည်းမျဉ်း၊ စည်းကမ်း တွေကို လိုက်နာဖို့ရာ ဘာမှဝန်လေးစရာမလိုပါဘူး။ ကိုယ်ဟာဘယ်သူလဲဆိုတာ ဖုံးဖိထားဖို့ ရည်ရွယ်ချက်ရှိတယ်။ ဖုံးဖိထားဖို့လိုနေပြီ ဆိုကတည်းက တစ်ခုခုတော့ မမှန်ဘူးဆိုတာ ကျွန်မတို့ ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့်မို့လို့ အပြစ်မရှိတဲ့ ပြည်သူများ၊ ရိုးရိုးသားသား ဖုန်းတွေကို သုံးစွဲနေတဲ့ ပြည်သူများအနေနဲ့ အခုကျွန်မတို့ရဲ့ ထုတ်ထားတဲ့ ညွှန်ကြားချက်နဲ့ ကိုက်ညီစွာ SIM Card တွေကို မှတ်ပုံတင်ပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။

အစိုးရကနေ နိုင်ငံသားတွေသိသင့်တဲ့ အချက်အလက်တွေ၊ အကျိုးကျေးဇူးရရှိစေမယ့် အချက်အလက်တွေကို အများသိအောင် ထုတ်ပြန်ပေးတဲ့စနစ် (Open Data System) ကိုလည်း ရှေ့ဆက်ပြီး အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အွန်လိုင်းမှာ အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ သက်သေခံလက်မှတ်အဖြစ် အသုံးပြုနိုင်မယ့် အီလက်ထရောနစ် သက်သေခံလက်မှတ် (Certification Authority - CA, Digital Signature) ကိုလည်း မကြာမီ ထုတ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ် မှတ်ပုံတင်ခြင်း လုပ်ငန်းကို သတင်းအချက်အလက်နည်းပညာ အသုံးပြုပြီး နံပါတ်သတ်မှတ် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း အကောင်အထည်ဖော်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီလိုစနစ်တွေကို အကောင်အထည်ဖော်နိုင်ခြင်းဖြင့် e-Government လုပ်ငန်းစဉ်များအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အတည်ပြုခြင်း(Verification)၊ သတ်မှတ်ခြင်း (Identification) နဲ့ခွင့်ပြုခြင်း( Authentication) တို့ကို ဒစ်ဂျစ်တယ်နည်းပညာ နဲ့ လျင်မြန်တိကျ လုံခြုံစွာ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

အခုဆို ကမ္ဘာရဲ့အရွေ့က စတုတ္ထမြောက် စက်မှုတော်လှန်ရေး (Industry Revolution 4.0) ကိုသွားနေပြီ။ အချက်အလက် အစုအဝေး(Big Data)ကိုသုံးပြီး အချက်အလက်များကို သရုပ်ခွဲခြင်း (Analysis) လုပ်တာတွေ ဆောင်ရွက်နေကြပြီ။ အမျိုးမျိုးသော အာရုံခံကိရိယာ (Sensor) တွေကိုအသုံးပြုပြီး အင်တာနက်ကနေတစ်ဆင့် အချက်အလက်တွေ အလိုအလျောက် ကောက်ခံတာတွေ လုပ်နေကြပါပြီ။ အားလုံးက (Smart Factory)၊ စမတ်ကား၊ Smart ဖြစ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ (Smart HealthCare)၊ အပူချိန်၊ စိုထိုင်းဆ၊ ရေပေးမှု၊ ပိုးသတ်ဆေးဖြန်းတာ စတဲ့လုပ်ငန်းများကို sensor များ အသုံးပြုပြီး အလိုအလျောက် ဆောင်ရွက်ပေးမယ့် Smart Farming ဆိုတဲ့ စိုက်ပျိုးရေးနည်းသစ်တွေ၊ မြို့နေပြည်သူတွေ အေးချမ်းသာယာမှုကို ဖန်တီးပေးနိုင်ဖို့ Smart City တွေ တည်ထောင်နေကြတဲ့ခေတ်မှာ နောက်ကသာ အမှီမလိုက်နိုင်ခဲ့ရင် လူမှုရေး၊ စီးပွားရေးဆက်လက်ပြီး နောက်ကောက်ကျ ကျန်ခဲ့မှာ အသေအချာပါပဲ။

ကျွန်မတို့ အမှီလိုက်နိုင်တဲ့ အရည်အချင်းတွေလည်းရှိပါတယ်။ မန္တလေးမှာဆိုရင် Smart City အနေနဲ့ သတ်မှတ်တာကို အများသိပြီးသားဖြစ်မှာပါ။ ဒီလိုပဲ ကျွန်မတို့အနေနဲ့ ကြိုးစားသွားမယ် ဆိုရင် အမှီလိုက်နိုင်ပါတယ်။ ဒါပေမယ့် နောက်ကျန်ခဲ့တဲ့ နိုင်ငံမို့လို့ ပိုပြီးတော့ တခြားနိုင်ငံ တွေထက် လျင်မြန်စွာတိုးတက်နိုင်အောင်လို့ ကြိုးစားဖို့တော့ ကျွန်မသတိပေးချင်ပါတယ်။

အခုကြိုးစားအကောင်အထည်ဖော်နေကြတဲ့ Industry 4.0 ဆိုတာ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲခြင်း (Digital Transformation) ပြုလုပ်ပြီးတော့ ကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းအစကနေ လုပ်ငန်းစဉ်အဆုံးအထိကို အိုင်တီနည်းပညာ သုံး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကြောင့် IR 4.0 အရ ကြုံတွေ့လာမယ့် အခြေအနေတွေအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိဖို့ လိုပါတယ်။ အစိုးရလုပ်ငန်းတွေမှာ အိုင်စီတီ နည်းပညာသုံးတဲ့ e-Government ကို အသွင်ကူးပြောင်းဖို့ ယခုထက်ပိုပြီး ကြိုးစား လုပ်ဆောင်ကြဖို့၊ အရှိန်မြှင့်ကြဖို့လိုနေပြီလို့ ပြောကြားချင်ပါတယ်။ အချင်းချင်း ပူးပေါင်း ပြီးတော့ နည်းလမ်းတွေ ရှာကြဖို့လိုပါတယ်။ ယခု ကျင်းပတဲ့ ဒီ e-Government conference မှာ ကျွန်မတို့ ရှာဖွေနေတဲ့ လိုချင်နေတဲ့ အဖြေတွေကို ဆွေးနွေးတိုင်ပင်နိုင်ပြီး အကြံဉာဏ် ကောင်းတွေရလာဖို့ မျှော်လင့်ပါတယ်။

ကျွန်မတို့နိုင်ငံနဲ့ သင့်တော်မယ့် အကြံဉာဏ်ကောင်းတွေကို စဉ်းစားပါ။ အခြားနိုင်ငံတွေ လုပ်တာချည်းပဲ ကျွန်မတို့လိုက်ပြီး လုပ်ဖို့မလိုပါဘူး။ အဲဒီလိုလုပ်ရုံနဲ့လည်း လုံလောက်မှာ မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံအတွက် အထူးလိုအပ်ချက်တွေကို သတိပြုပြီးတော့ ကျွန်မတို့ မြန်မြန်ဆန်ဆန်တိုးတက်နိုင်ဖို့ကို ကြိုးစားစေချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဒီ “e-Government Conference and ICT Exhibition” ပြပွဲဟာ မြန်မာနိုင်ငံရဲ့ e-Government အကောင်အထည်ဖော်ခြင်း လုပ်ငန်းအတွက် အရေးပါတဲ့ ညီလာခံ၊ အရေးပါတဲ့ပြပွဲတစ်ခု ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။ အိုင်စီတီ ပြခန်းများလည်း ပါဝင်ပြသတာဖြစ်လို့ e-Government ဆိုင်ရာစနစ်များ၊ နည်းပညာ များကို တစ်နေရာတည်းမှာ လေ့လာနိုင်အောင် ဖန်တီးပေးထားတာဖြစ်လို့ အင်မတန်မှ ကောင်းမွန်ပါတယ်။ အခုလို စတုတ္ထအကြိမ်မြောက်အထိ ဒီပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြပါသော e-Government ဦးဆောင်ကော်မတီ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ကို အထူးကျေးဇူး တင်ပါကြောင်း ပြောကြားလိုပါတယ်။

e-Government စနစ်များ အောင်မြင်ဖို့အတွက် အားလုံးက e-Government မျှော်မှန်းချက် တွေကို နားလည်သဘောပေါက်ပြီး အောင်မြင်အောင် ဆောင်ရွက်မယ်လို့ တကယ့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ခံယူကြိုးစားကြဖို့ လိုအပ်ပါတယ်။ အမှန်တကယ် ဒီလိုခံယူချက် မရှိရင် မအောင်မြင်နိုင်ပါဘူး။ အားလုံးလို့ဆိုရာမှာ နိုင်ငံအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ် ကျေးရွာအဆင့်ဆင့်မှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းများ အားလုံး၊ စီးပွားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ အသိပညာရှင်များ၊ နိုင်ငံသားများအားလုံး ပါဝင်ကြပြီး ထက်သန်တဲ့စိတ်နဲ့ ဝိုင်းဝန်းပံ့ပိုး ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြပါလို့ မှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတနှင့် ဧည့်တော်များသည် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များနှင့် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် လည်းကောင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတနှင့် ဧည့်သည်တော်များအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ဧည့်ခန်းမ၌ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌဒေါက်တာ ထွန်းသူရသက်က စတုတ္ထစက်မှုတော်လှန်ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်နှင့် စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတနှင့် ဧည့်သည်တော်များသည် ဝန်ကြီးဌာနများ၊ အသင်းချုပ်များနှင့် နည်းပညာကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ e-Government ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က e-Government ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ကွန်ပျူတာအသင်းချုပ်၏ လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့အကြား “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအရ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ရေး” နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့ကလည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့အကြား “ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာအရ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ရေး” နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့် တို့ကလည်းကောင်း လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် ပညာရှင်များက“ဒီဂျစ်တယ်အစိုးရသို့” ခေါင်းစဉ်စကားဝိုင်းကိုလည်းကောင်း၊ “မြန်မာစတုတ္ထ စက်မှုတော်လှန် ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်” ခေါင်းစဉ်ကိုလည်းကောင်း ဆွေးနွေးကြသည်။

e-Government ဆိုင်ရာဆွေးနွေးပွဲကိုဖေဖော်ဝါရီ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Ref; Myanmar State Counsellor Office