နေပြည်တော်ရေပန်းဥယျာဉ်၌ Wedding Park ဖွင့်လှစ်မည်
နေပြည်တော်ရေပန်းဥယျာဉ်၌ Wedding Park ဖွင့်လှစ်မည်
Ministry of Information/ နေပြည်တော် / March 03, 2020

နေပြည်တော် မတ် ၂
နေပြည်တော် ရေပန်းဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်သူ များ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် အတွက် ထိုင်းနိုင်ငံ မှပညာရှင်များနှင့်ပူးပေါင်း၍ ပထမဦးဆုံးဖွင့်လှစ်မည့် Wedding Park ကို မကြာမီဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံပေါင်းစုံ ယဉ်ကျေးမှုများပါဝင်သော ပန်းဥယျာဉ်ကြီးများကို သက်ဆိုင်ရာနိုင်ငံများရှိ အထင်ကရအဆောက်အအုံပုံစံများ ထည့်သွင်း ပုံဖော် ဖန်တီးပြုလုပ်၍ နိုင်ငံတကာ ဥယျာဉ်ကြီးများသို့ အလည်အပတ်ရောက်ရှိနေ သည့်ပုံသဏ္ဌာန်အလား စီစဉ်ဆောင် ရွက်ထားခြင်းဖြစ်ကာ နေပြည်တော် ရေပန်းဥယျာဉ်အတွင်း၌ အင်္ဂလန်ပန်း ဥယျာဉ် (English Garden)၊ ဟော်လန် ပန်းဥယျာဉ် (Holland Garden)၊ ဂျပန် ပန်းဥယျာဉ် (Japanese Garden)၊ ပြင်သစ်ပန်း ဥယျာဉ် (French Garden)နှင့် အီတလီ ပန်းဥယျာဉ် (Italian Garden) များအပါအဝင် အခြားစိတ် လှုပ်ရှားဖွယ်ရာ ဆွဲဆောင်မှုများကို ပြည်တွင်း ပြည်ပ ပညာရှင်များဖြင့် ဖန်တီးပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံ၌ ပထမဦးဆုံးထူးခြားဆန်းကြယ်သည့် နိုင်ငံပေါင်းစုံမှ ယဉ်ကျေးမှုများပါဝင်သော ပန်းဥယျာဉ်ကြီးများပေါ်ထွက်လာမည်ဖြစ်ကြောင်းလည်း သိရသည်။
နေပြည်တော် ရေပန်းဥယျာဉ်အား နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှတစ်ဆင့် ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ နှစ်ရှည်အငှားချ ထားခြင်းကို ၂ဝ၁၉ ခုနှစ် အောက်တိုဘာ လကစတင်ခွင့်ပြုခဲ့ရာ တင်ဒါအောင် မြင်ခဲ့သော ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီမှ စတင်တာဝန်ယူ လုပ် ကိုင်နေပြီဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်က နှစ် ၂၀ ငှားရမ်းခွင့် ရရှိခဲ့သည့်အတွက် သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုရှိစေရန်အတွက်ဆွဲဆောင်နိုင်ရန် လျာထားကြောင်း၊ ရေပန်းအက (Water Dancing) အားပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းများ အပါအဝင် ရေပန်းဥယျာဉ်အတွင်းရှိ သုံးဆင့်ရေကစားသည့် ရေတံခွန်ကို ယခုနှစ်အတွင်း ပြန်လည်ပြုပြင်ဆောင်ရွက်ကာ ကလေးကစားကွင်းအတွက် ခေတ်မီသည့်ကစားစရာပစ္စည်းများကို ထပ်မံ ဖြည့်တင်း၍ ကစားနည်းအမျိုး အစား စုစုပေါင်း ၄၀ ကျော်ကို ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၌ ပထမဦးဆုံး အကြိမ်ပြုလုပ်နေသည့် နေပြည်တော် ပန်းပွဲတော်ကို နေပြည်တော်ရေပန်းဥယျာဉ်၌ ကျင်းပလျက်ရှိပြီး မတ် ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်
