နေပြည်တော်ရှိ ဝန်ထမ်းများ အားကစားလေ့ကျင့်အသုံးပြုရန် GYM Fitness Centre ခန်းမပြင်ဆင်ထားရှိ
နေပြည်တော်ရှိ ဝန်ထမ်းများ အားကစားလေ့ကျင့်အသုံးပြုရန် GYM Fitness Centre ခန်းမပြင်ဆင်ထားရှိ
Ministry of Information/ နေပြည်တော် / October 09, 2019
နေပြည်တော် အောက်တိုဘာ ၈
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ထမ်းများ ကျန်းမာ ကြံ့ခိုင် စေရေး အတွက် အားကစား လေ့ကျင့် ခန်းများ အားလပ်ချိန်တွင် ပြုလုပ်နိုင်ရန်အတွက် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ရေကူး အားကစား ပြုလုပ်စေခြင်း၊ ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း စက်ဘီးများအား ဝန်ထမ်းကတ်ပြ၍ အခမဲ့ စီးနင်းစေခြင်း၊ အားကစားဝင်းအတွင်း လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများပြု လုပ်ရာတွင် Outdoor Fitness ကိရိယာများထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိသည့်အပြင် ယခုအခါ ဝန်ထမ်းများအားလပ်ချိန် GYM ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ လေ့ကျင့်မှုများပြုလုပ်နိုင်ရန် GYM Fitness Centre ကို ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း ပြင်ဆင်ထားရှိမှု အခြေအနေများအား ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် GYM Fitness Centre ခန်းမ၌ လေ့ကျင့်ခန်း စက်ကိရိယာများ ပြင်ဆင် ထားရှိမှု၊ နည်းပြကို အကူ သင်ကြားပြသရန် ပြင်ဆင်ထားရှိမှု တို့အား ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လိုက်လံ ရှင်းလင်းပြသပြီး အားကစားနည်း စက်ကိရိယာများ ကိုင်တွယ်လေ့ကျင့်ရန်အတွက် အားကစားနည်းအလိုက် နည်းပြများက စက်ကိရိယာများ ကိုင်တွယ်အသုံးပြုပုံကို သရုပ်ပြသခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက GYM Fitness Centre တွင် လေဝင်လေထွက်စနစ် ကောင်းမွန်မှုရရှိစေရန်၊ စက်ကိရိယာများကို ဝန်ထမ်းများ ကိုင်တွယ်အသုံးပြုရာတွင် လွယ်ကူမှုရှိစေရန်၊ စက်ကိရိယာ များ ပျက်စီး ဆုံးရှုံးမှု မရှိစေရေး၊ ဝန်ထမ်းများ လွယ်လင့်တကူ လာရောက် လေ့ကျင့်ခန်းပြုလုပ်နိုင်ရန်၊ ဝန်ထမ်းများ လေ့ကျင့် ရာတွင် အားကစား နည်း အလိုက် လိုသလိုအသုံးပြုနိုင်ရန်၊ လေ့ကျင့်ခွင့်ကတ်အား စနစ်တကျ မှတ်ပုံ တင်ပြီးမှ အခမဲ့ လေ့ကျင့်နိုင်စေရန်၊ လေ့ကျင့်ချိန်အား မနက် တစ်ကြိမ်၊ ညတစ်ကြိမ်ပြုလုပ်ပြီး လေ့ကျင့်ခွင့် ပေးရန်၊ လာရောက် လေ့ကျင့်သော ဝန်ထမ်းအင်အားအပေါ်မူတည်၍ လေ့ကျင့်ချိန်ကို လိုသလိုပြုပြင် ပြောင်းလဲတိုးချဲ့ နိုင်ရန်အတွက် နေ့စဉ်လာရောက် လေ့ကျင့် မှုအား မှတ်တမ်းတင်ထားရှိရန်၊ ဝန်ထမ်းများ အခမဲ့ လာရောက်လေ့ကျင့်နိုင်သည်ကို ဝန်ထမ်းများသိရှိနိုင်စေရန်အတွက် အသိပေးကြော်ငြာ ဆောင်ရွက်ရန်၊ လိုအပ် ပါက လေ့ကျင့်မှု အင်အားကိုမူတည်၍ စက်ကိရိယာများ တပ်ဆင်တိုးချဲ့ ဆောင်ရွက်ရန်တို့ကို မှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် GYM လာရောက် လေ့ကျင့်သော ဝန်ထမ်းများ အပန်းဖြေ စားသောက် နိုင်ရန်အတွက် ဖွင့်လှစ်ထားရှိသော စားသောက် ဆိုင်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ GYM Fitness Centre သည် အနံပေ ၆၀၊ အလျားပေ ၁၂၀ကျယ်ဝန်းသော အဆောက်အအုံ ခန်းမဖြစ်ပြီး အားကစား ခန်းမအတွင်း GYM လေ့ကျင့်ခန်း အသုံးပြုရာ တွင် နှလုံးလည်ပတ်မှု အားကောင်း စေရန် စက်ကိရိယာ အုပ်စု၊ ကြွက်သားများ ကြံ့ခိုင် သန်စွမ်းမှုရှိစေရန် စက်ကိရိယာအုပ်စု၊ အခြားအားကစား နည်းအလိုက် စွယ်စုံအသုံးပြုနိုင်သော စက်ကိရိယာအုပ်စုဟူ၍ ခွဲခြား ထားရှိကြောင်း၊ စက်ကိရိယာပစ္စည်း ၂၆ မျိုး ထားရှိပြီး စက်ကိရိယာပစ္စည်းတန်ဖိုး စုစုပေါင်း ခန့်မှန်းငွေကျပ် ၁၇၅၇ သိန်း၊ အဆောက်အအုံတန်ဖိုး ငွေကျပ် ၆၂၄၅ သိန်း ခန့် ကုန်ကျခဲ့ကြောင်းနှင့် အောက်တိုဘာ ၁၆ ရက်မှစ၍ GYM Fitness Centre ခန်းမအား ဝန်ထမ်းများအနေဖြင့် စနစ်တကျ မှတ်ပုံတင်ဝင်ခွင့် ကတ်ပြုလုပ်ပြီး အခမဲ့ လာရောက်လေ့ကျင့် နိုင်ကြောင်း သိရသည်။
သတင်းစဉ်
