နှစ်သစ်ကူးသို့ မေတ္တာရေစင်
နှစ်သစ်ကူးသို့ မေတ္တာရေစင်
Ministry of Information/ နေပြည်တော် / April 18, 2020

မုတ်သုန်ကို ကင်းထောက်လို့
ပိတောက်မှာ သန္ဓေဝင်
ချမ်းမြတ်ရေစင်
မုတ်သုန်ကဆင်၊ ပြည်ခွင်နှံ့ကြွေး။
ပိတောက်ကရွင်၊ ပြည်ခွင်နှံ့မွှေး။
မြတ်ရေစင် တစ်ပေါက်သွန်းလျှင်
ကျွန်းခွင်လုံးအေး။ ။
မင်းသုဝဏ်
ဆရာကြီးမင်းသုဝဏ်ဘိလပ်မှာ ပညာသင်စဉ် (၁၉၃၇) စိန့်ဒိုင်းနီးယား စာကြည့်တိုက်မှာ စာကြည့်ရင်း အထက်ပါ ကဗျာကို ရေးဖွဲ့ခဲ့ခြင်း ဖြစ်၏။ ကဗျာခေါင်းစဉ်က မြတ်ရေစင်ဟူ၏။
နိုင်ငံတစ်ခွင်အေးဖို့၊ ကမ္ဘာတစ်ခွင်ငြိမ်းဖို့ မေတ္တာရေစင်တစ်ပေါက်သာ လို၏ဟု ခံစားမိသည်။ မေတ္တာတရားကသာ လောကအလုံး ငြိမ်းချမ်းရေး ကို သယ်ဆောင်ပေးနိုင်မည်သာ။
ယနေ့ဆိုလျှင် မြန်မာတို့၏ အယူအားဖြင့် နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးကာ နှစ်သစ်တစ်နှစ်ဆီသို့ ကူးခဲ့ပြီ။ အစဉ်အလာ ထုံးဓလေ့တို့အတိုင်း စိတ်ဟောင်းစိတ်ညစ်တို့ကို စွန့်ပစ်ကြကာ စိတ်ကောင်းစိတ်မြတ်များ မွေးမြူကြရင်း နှစ်သစ်ကို ကြိုဆိုကြပြီတည်း။ ။
ယခုနှစ်က နှစ်သစ်ကူးချိန် အခါသမယမှာ ကမ္ဘာ့ကပ်ရောဂါ ဝင်ရောက်မွှေနှောက်နေသည်နှင့် ကြုံနေရသည့်အတွက် နိုင်ငံသူ နိုင်ငံသားတို့ မိမိတို့နေအိမ်ထဲတွင် ငြိမ်ဆိတ်စွာ ဧကစာကျင့်ရင်း နှစ်ဦးကာလကို ဖြတ်သန်းနေကြသည်။ ။
အနှီ ကိုဗစ် - ၁၉ ရောဂါပိုးက ကူးစက်ပြန့်ပွားမှုနှုန်း မြန်ဆန်စွာဖြင့် ကမ္ဘာပတ်နေတာဖြစ်သည်။ ဆင်းရဲချမ်းသာမရွေး၊ ဘာသာလူမျိုးမရွေး၊ ရာထူးကြီးငယ်မရွေး၊ တော်ဝင်မင်းသားရယ် လက်လုပ်လက်စား ရယ်ခွဲခြားမနေဘဲ မည်သူ့ကိုမဆို ကူးဝင်ထိခိုက်သွားနိုင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်၏။ ကမ္ဘာ့နိုင်ငံအသီးသီး၏ စာရင်းဇယားများပေါ်က တဖြည်းဖြည်းချင်း တိုးမြင့်များပြားလာနေသည့် ပိုးကူးစက်သူများ၊ ပိုးကြောင့်ရောဂါ ဖြစ်ပွားကြသူများ၊ ပျက်စီးဖိတ်စင်မှုများ စသည်တို့က ကမ္ဘာကြီးကိုတပ်လှန့်လိုက်၏။
ကမ္ဘာတစ်ဝန်းလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍ အသီးသီးကို ကမောက်ကမ ဖြစ်သွားစေခဲ့၏။ ဤဗိုင်းရပ်စ်ပိုး ပြန့်ပွားကူးစက်မှုကို ရပ်တန့်သွားအောင် ကာကွယ်ထိန်းချုပ်နိုင်ဖို့၊ ရောဂါဖြစ်ပွားမှုကို ကုသနိုင်ဖို့ နိုင်ငံတကာက ဝိုင်းဝန်းအားထုတ် ကြိုးပမ်းနေကြ၏။
ယခုချိန်ထိ ကာကွယ်ဆေး၊ ကုသဆေးတို့ တိတိပပ မပေါ်ထွက် သေးသော်လည်း မကြာမီတွင် ဤရောဂါကို ထိန်းချုပ်နိုင်ရမည်ဟူသည့် မျှော်လင့်ချက်အလင်းရောင်တို့ကား မှေးမှိန်ခြင်းမရှိ။
ကမ္ဘာနှင့်ချီ၍ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကြီးဖြစ်ရကား မြန်မာနိုင်ငံသည်လည်း ရှောင်လွှဲလို့မရ။ နိုင်ငံ၏ လက်တွေ့ အနေအထား၊ အခြေအနေတို့ကို ချိန်ဆကာ အကောင်းဆုံးပြင်ဆင် စီမံဆောင်ရွက်နေကြ၏။ ပြည်သူလူထု၏ အသိစိတ်၊ ဆင်ခြင်ဉာဏ်၊ ညီညီညွတ်ညွတ် ဝိုင်းဝန်း ဆောင်ရွက်မှု စသည့်အင်အားတို့ဖြင့် ကပ်ရောဂါကို ရင်ဆိုင်နေကြ၏။
ကိုဗစ် - ၁၉ ရောဂါပိုး ပျံ့နှံ့ကူးစက်မှုကို ကာကွယ်ထိန်းချုပ် နိုင်ရေး၏ အခြေခံအကျဆုံးဖြစ်သည့် လူချင်းတွေ့ဆုံ ထိစပ်ဆက်ဆံမှု နည်းနိုင်သမျှနည်းအောင် နေထိုင်ကြရေးအတွက် အိမ်တွင်းမှာ ခြေချုပ်ချခြင်းဖြင့် အကောင်အထည် ဖော်နေကြ၏။ မဖြစ်မနေအိမ်မှ ထွက်ရမည်ဆိုလျှင်လည်း နှာခေါင်းစည်းမျက်နှာဖုံး တပ်ဆင်ကြ၏။ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိမကိုင်မိအောင် သတိထားနေထိုင်ရင်း ဆပ်ပြာဖြင့် မကြာခဏ လက်ဆေးနေကြ၏။
ထို့ကြောင့်ပင် နေအိမ်ပြင်ပမထွက်ကြဘဲ နှစ်ဟောင်းကိုထားခဲ့ကာ နှစ်သစ်ကို ကြိုဆိုနေကြပြီး မြန်မာတို့၏ ရိုးရာလေ့ထုံးတမ်း အစဉ်အလာတို့အတိုင်း ပြုနိုင်သမျှသော ကုသိုလ်ကောင်းမှုတို့ကို ပြုမူကြရင်း နှစ်ဦးကို ကြိုဆိုနေကြမည်။ နှစ်ဟောင်းက အညစ်အကြေးများ၊ မကောင်းမှုများကို နှစ်ဟောင်းမှာပဲ ထားရစ်ခဲ့တော့မည်။ ကောင်းမွန်သည့် စိတ်ထား ကောင်းမွန်သည့်ဆိုစကား၊ ကောင်းမွန်သည့် အပြုအမူတို့ဖြင့် နှစ်ဦး ကုသိုလ်ဖြစ်ရေးအတွက် ကိုယ်တိုင်အားထုတ် ကျင့်ကြံရင်း နှစ်သစ်ကို ကြိုဆိုကြမည်။ ။
ပြုမူနေကျဖြစ်သည့် လမ်းပေါ်ထွက် ရေလောင်းရေပက်ခြင်း တို့အစား၊ အိမ်တွင်းမှသာ မေတ္တာပို့သသည့်နည်း၊ ကရုဏာပို့သသည့်နည်းတို့ဖြင့် မြတ်ရေစင်ပို့သ ဖျန်းပက်ကာ ကမ္ဘာတစ်ခွင်ပျံ့နှံ့ စိုစွတ်စေသတည်း။ လောကဓာတ်တစ်ခုလုံး ငြိမ်းချမ်းပါစေသတည်း။ ။