နှာခေါင်းစည်းတပ်ရမလား၊ မတပ်ရဘူးလား
နှာခေါင်းစည်းတပ်ရမလား၊ မတပ်ရဘူးလား
Ministry of Information/ နေပြည်တော် / April 05, 2020
ကျွန်မ စက်မချုပ်ဖူးပါဘူး။ ငယ်ငယ်တုန်းက ဆေးကျောင်းမှာတုန်းက နှာခေါင်းစည်းဆိုတာ ဝယ်ရတဲ့ အရာလို့တောင် မသိခဲ့ဘဲ ပတ်တီးလိပ်အစတွေကိုပဲ နှစ်လွှာသုံးလွှာထပ်တွဲ၊ ကိုယ့်ဟာ ကိုယ်လက်နဲ့ ချုပ်ပြီး ဆေးရုံဝါ့ဒ်တွေကို သွားခဲ့ရတဲ့အဖြစ်ကို မှတ်မိနေပါတယ်။ အဲဒီတုန်းကတော့ သွေးနဲ့ တံတွေး ကနေကူးစက်မယ့် ပိုးမွှားတွေကို ကိုယ့်ဆီကူးမှာထက် ကိုယ့်ဆီကပိုး လူနာတွေဆီ မကူးဖို့ကို ပိုပြီးအာရုံ ထားခဲ့တာပါ။
ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ရိုးရိုးကို သာမန်ပြည်သူတွေ တပ်စရာမလိုဘူးလို့ ကပ်ရောဂါ ဖြစ်စ ပထမပိုင်းမှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက အသိပေးခဲ့ပါတယ်။
အကြောင်းတစ်ခုက ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းက အန် ၉၅ အသက်ရှူကိရိယာလို ဗိုင်းရပ်စ်ပိုးကို (၉၅ ရာခိုင်နှုန်း) တားဆီးကာကွယ်မပေးနိုင်လို့ပါ။ နောက်တစ်ခုက အဲဒီ သာမန်ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ကိုပဲ လုံလုံလောက်လောက် မရနိုင်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို ဦးစားပေး သုံးကြဖို့ပါ။ အဲဒီတုန်းက အဝတ်စနဲ့ ပြုလုပ်တဲ့ နှာခေါင်းစည်းတွေကို လုံးဝအားမပေးခဲ့ပါဘူး။ ရက်လုပ် ထားတဲ့ ချည်ထည်မှန်သမျှ (Any Woven Cloth) ဗိုင်းရပ်စ်ကို မကာကွယ်ပါဘူးလို့ အတိအလင်း ပြောခဲ့ကြတယ်။
အခုတော့ အာရှနဲ့ယှဉ်လိုက်ရင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ကူးစက်နှုန်း သိပ်မြန်နေတာဟာ နှာခေါင်းစည်းတပ်ခြင်း၊ မတပ်ခြင်းနဲ့ ဆိုင်သလားလို့ မေးခွန်းတွေ ထွက်လာခဲ့တယ်။
မက်ဆာချူးဆက်တက္ကသိုလ်မှာ နောက်ထပ် စစ်ဆေးချက်တွေအရ ချောင်းဆိုးတဲ့အခါ အမှုန်အမွှားတွေ က ခြောက်မီတာအကွာအထိ ရောက်နိုင်ပြီး နှာချေရင်တော့ ရှစ်မီတာ အကွာအထိ ရောက်နိုင်တယ်တဲ့။
ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေတောင် လုံလောက်မှုမရှိတာကြောင့် အခုတော့ အဝတ်နဲ့ပဲ ကိုယ့်ဟာ ကိုယ် DIY (Do It Yourself) နှာခေါင်းစည်း တွေပြုလုပ်ပြီး တပ်ကြဖို့ အကြံပြုလာ ပြန်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆို လည်စည်းပဝါ (Scarf) တွေကို မျက်နှာမှာ စည်းနှောင်သွားဖို့ သမ္မတ ထရမ့်က တိုက်တွန်းနေပါတယ်။
Youtube မှာ နှာခေါင်းစည်း ချုပ်နည်းတွေ များစွာတွေ့ရမှာဖြစ်ပေမယ့် ကျွန်မကတော့ ကျန်းမာရေး အဖွဲ့တစ်ခုခုက ညွှန်းတာကို ပိုအားကိုးချင်ပါတယ်။ ဒါကြောင့်လည်း ကပ်ဘေးဆိုင်ရာ ဆေးပညာနဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့ (Disaster Medicine and Public Health Preparedness (Cambridge University) က ထုတ်ပြန်တဲ့ နှာခေါင်းစည်းဆိုင်ရာ သတင်းကို ဖတ်မိတဲ့အခါ ကိုယ့်မိတ်ဆွေတွေကို ဝေမျှချင်လာပါတယ်။ တပ်ရမလား၊ မတပ်ရဘူးလား အတိအကျ မဝေခွဲနိုင် တော့ ကျွမ်းကျင်သူတွေရဲ့ ထင်မြင် ယူဆချက်ကို သိချင်မိပါတယ်။ မတပ်တာနဲ့စာရင် တပ်တာက ပိုကောင်းပါတယ်တဲ့။ နှာခေါင်း စည်းတွေ လိုချင်တိုင်း ဝယ်မရတဲ့ အခုနေအခါမှာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဦးစားပေး လိုက်ပြီးတော့ ကိုယ့်အတွက်ကိုတော့ ကိုယ်တိုင်ပြုလုပ်ဖို့ အားပေးရမယ်လို့ သူတို့အဖွဲ့က ယူဆပြီး လုပ်ပုံလုပ်နည်းပြောပါတယ်။
ဘယ်လိုအစမျိုးကို အသုံးပြုရမလဲ။
ကိုရိုနာဗိုင်းရပ်စ်ထက် ငါးဆလောက် သေးငယ်တဲ့ အမှုန်ကလေးတွေကို ဘယ်လောက်စစ်ပေးနိုင်လဲ ဆိုတဲ့ စမ်းသပ်ချက်ကို ၂၀၁၃ ခုနှစ်တုန်းက စမ်းသပ်အဖြေရှာထားတာကိုလည်း ပုံနဲ့တကွ ဖတ်လိုက် ရတာ စိတ်ဝင်စားစရာပါ။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကို စံပြုပြီးတော့ ဖော်ပြပေးပါတယ်။ အဲဒီအစ မျိုးက ၈၉ ရာခိုင် နှုန်းစစ်ပေးတယ်တဲ့။ သူ့ထက် တစ်ဆင့် နိမ့်တာကတော့ ဖုန်စုပ်စက်မှာ သုံးတဲ့ အိတ် (Vacuum Cleaning Bag) ပါတဲ့။ ကျွန်မတို့ဆီမှာသုံးကြလား ကျွန်မမသိ။ ကျွန်မအိမ်မှာတော့ မရှိပါဘူး။ သူက ၈၆ ရာခိုင်နှုန်း စစ်ပေးနိုင်ပါ တယ်တဲ့။
နောက်တစ်ဆင့်နိမ့်တာကတော့ သူတို့ဆီက ပန်းကန်သုတ်တဲ့ ပဝါ (Dish Towel) တဲ့။ ကျွန်မတို့ဆီက ချည်ကြမ်းပဝါတွေနဲ့ မတူလောက်ဘူးထင်တယ်။ ချည်ကြမ်းပဝါတွေက ချည်ကြီးကြီးကို ခပ်ကျဲကျဲ ရက်ထား တာမို့ပါ။ တကယ်တော့ စိပ်စိပ်လေး ရက်တာ ပိုစိတ်ချရမှာပါ။ စစ်ပေးနိုင် မှုကတော့ ၇၃ ရာခိုင်နှုန်းတဲ့။
နောက်တစ်ဆင့်နိမ့်က Cotton Blend Cloth လို့ ပြောပါတယ်။ အကောင်းစား ချည်အိပ်ရာဖုံးအစ။ ၇၀ ရာခိုင်နှုန်းတဲ့။ နောက် တစ်ဆင့်နိမ့်က ပိုးသတ်ထားတဲ့ Antimicrobial ခေါင်းအုံးစွပ်အစမျိုး၊ စစ်ပေး နိုင်စွမ်း ၆၈ ရာခိုင်နှုန်းတဲ့။ နောက်တစ်ဆင့် နိမ့်တာက လီနင်သားအစတဲ့။ ၆၂ ရာခိုင်နှုန်းတဲ့။
ပြီးတော့ ရိုးရိုးခေါင်းအုံးစွပ် အသား။ ဒါကတော့ ၅၇ ရာခိုင်နှုန်း စစ်ပေးပါတယ်တဲ့။ နောက်တစ်ဆင့် နိမ့်တာက ပိုးစ၊ သူကတော့ ၅၄ ရာခိုင် နှုန်း၊ နောက်တစ်ဆင့်က ၁၀၀ ရာခိုင်နှုန်း ချည်စစ်စစ်၊ သူကတော့ ၅၁ ရာခိုင်နှုန်း စစ်ပေးနိုင်တယ်တဲ့။ နောက်ဆုံး အဆင့်ကတော့ လည်စည်းပဝါစ(Scarf) သူကတော့ ၄၉ ရာခိုင်နှုန်း စစ်ပေးနိုင်ပါတယ်တဲ့။ ကပ်ဘေးဆိုင်ရာ ဆေးပညာ နဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့ (Disaster Medicine and Public Health Preparedness (Cambridge Uni- versity) ရဲ့ ညွှန်းဆိုမှုအရ ပြောရင် လည်း ခွဲစိတ်ခန်းသုံး နှာခေါင်း စည်း ပြီးရင် ဖုန်စုပ်စက်မှာသုံးတဲ့ အိတ်အစ၊ ချည်စိပ်စိပ် အိပ်ရာဖုံး စွပ်စ၊ ပန်းကန်သုတ်တဲ့ အဝတ်စနဲ့ ၁၀၀ ရာနှုန်းပြည့် ချည်စစ်စစ် ရှပ်အင်္ကျီစတွေက အကောင်းဆုံးပါလို့ ပြောပါတယ်။ လည်စည်းပဝါသားအစကလွဲရင် အားလုံးက စစ်ပေးနိုင်စွမ်း ၅၀ ရာခိုင်နှုန်းတော့ ကျော်တာချည်းပါပဲ။
ပြီးတော့ လုပ်ပုံလုပ်နည်းနဲ့ အဝတ်စကိုက်ဖြတ်ဖို့ နမူနာ Template ကို ပြပေးပါတယ်။ တစ်လွှာတည်း မရပါဘူး။ နှစ်လွှာ ထပ်ရမှာပါတဲ့။ အဝတ်စကို အရောင် မတူတဲ့နှစ်စ ရွေးဖို့ပါ။ ဒါမှ ဘယ်ဟာက အတွင်း၊ ဘယ်ဟာက အပြင်ဆိုတာ မှတ်မိမှာပါ။ ခေါင်းနောက်ထိ ဆွဲချည်ဖို့ ကြိုးအဖြစ်တော့ အီလတ်စ်တစ် အသားတစ်စကို ထပ်ရွေးရမှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အဝတ်စ သုံးစလိုအပ်ပါတယ်။
ပုံစံနမူနာနဲ့ ချုပ်ကြည့်ဖို့ သူတို့ ပြပေးထားပါတယ်။
နှာခေါင်းစည်း တပ်ပြီးတာနဲ့ လုံခြုံပြီလို့ မှားယွင်းစွာယူဆပြီး ပေါ့ဆသွားမှာကို သူတို့သိပ်စိုးရိမ် ပါတယ်။ နှာခေါင်းစည်းက ရာနှုန်း ပြည့် အာမခံလို့ မရတာကြောင့် ကျွန်မတို့အနေနဲ့ အဓိကကာကွယ် နည်းအဖြစ် ၁။ အပြင်မထွက်ဖို့၊ ၂။ အပြင်ကို ထွက်ခဲ့ရရင် တစ်ယောက်နဲ့ တစ်ယောက် သုံးပေ အကွာခြားဖို့၊ ၃။ လက်မဆေးရသေးခင်မှာ မိမိ မျက်နှာကို မထိမိဖို့၊ ၄။ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ အကြာ စနစ်တကျဆေးဖို့၊ အဲဒီနည်းတွေကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်အသိုင်းအဝိုင်း ကိုပါ ကာကွယ် ကြရမယ်လို့ ပြောပါတယ်။ ။
ဂျူး
