ပညာရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် တီထွင်ရေးဆွဲထားသော 360ed Universe Learning Platform မိတ်ဆက်ပွဲနှင့် M Pride Company မှ အခြေခံပညာသင်ရိုးသစ် Grade-2 နှင့် Grade-3 အင်္ဂလိပ်စာဘာသာရပ် အခမဲ့သင်ထောက်ကူ Application များ လှူဒါန်းမှုအခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / June 19, 2020
image_latest


နေပြည်တော်  ဇွန်  ၁၉

ပညာရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့်တီထွင်ရေးဆွဲထားသော 360ed Universe Learning Platform မိတ်ဆက်ပွဲနှင့် M Pride Company မှ အခြေခံပညာသင်ရိုးသစ် Grade-2 နှင့် Grade-3 အင်္ဂလိပ်စာဘာသာရပ် အခမဲ့ သင်ထောက်ကူ Application များ လှူဒါန်းမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀ ရာစု အလယ်ပိုင်း ကာလအထိ သင်ယူမှုအခွင့် အလမ်းများကို သင်ရိုးညွှန်းတမ်းအရ ပုံနှိပ်ထားသော ကျောင်းသုံး ဖတ်စာအုပ်များအသုံးပြုပြီး ကျောင်းစာသင်ခန်းများတွင် သင်ကြားသင်ယူမှုနည်းလမ်းများဖြင့်သာ  အများဆုံး ရရှိနိုင်ပါကြောင်း၊ သင်ယူမှုအရင်း အမြစ် ဆိုင်ရာများအတွက်လည်း စာကြည့်တိုက်များ၊ စာအုပ်ဆိုင်များကိုသာ အဓိက အားကိုးရပါကြောင်း၊ ၂၀ ရာစု နှောင်းပိုင်းမှ ယနေ့ ၂၁ ရာစု အစပိုင်းအထိ နည်းပညာ ဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်မားစွာ တိုးတက်နေသကဲ့သို့ ပညာရေး တွင်လည်း နည်းပညာ များကိုအသုံးပြုကာ သင်ယူမှုအရည်အသွေး ပိုမိုကောင်းမွန်လာ စေရန် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက် လာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ဘဝအတွက် အကျိုးရှိမည့် ဘာသာရပ်များကို တစ်သက်တာ သင်ယူနိုင်မည့် အခွင့်အလမ်း များ အတွက်လည်း စာသင်ခန်းတွင်းသင်ယူခြင်း၊ အွန်လိုင်း သင်ယူခြင်း၊ off-line သင်ယူခြင်း၊ ပေါင်းစပ် သင်ယူခြင်း စသည့်နည်းလမ်းမျိုးစုံတို့ဖြင့် အချိန်နှင့်နေရာဒေသ မရွေး သင်ယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊  ယခုကဲ့သို့သင်ယူရာတွင် နည်းပညာတိုးတက်မှုအပေါ် မူတည်၍ ၂၁ ရာစုဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိပြီး ကောင်းမွန်သော အလုပ်အကိုင်အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ သာယာလှပသောဘဝကို ပိုင်ဆိုင်နိုင်ခွင့် ရရှိစေရန် ကြိုးပမ်း ဖြည့်ဆည်းနေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းသင်ကြားသင်ယူမှုများအတွက် လိုအပ်သည်များ ဖြည့်ဆည်း နိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊ မြန်မာဒီဂျစ်တယ် ပညာရေး ပလက်ဖောင်း (MDEP)ကို တည်ဆောက်ပြီးဖြစ်ရာ ဆရာ ဆရာမ တစ်သိန်းဝန်းကျင်ခန့် မှတ်ပုံတင်သွင်းထားပြီး သင်ယူ လေ့ကျင့်လျက်ရှိပါကြောင်း၊ ဝေးလံသောဒေသများရှိ ကျောင်းများသို့ ဦးစားပေး၍ကျောင်းသုံးဖတ် စာအုပ်များ၊ သင်ကြားသင်ယူမှုဆိုင်ရာ ဗီဒီယိုများ စသည့်သင်ယူလေ့လာစရာများ ပါဝင်သည့် DBE Box များကို ဖြန့်ဝေထားပါ ကြောင်း၊ ကျောင်းများသို့ Tablet တစ်လုံးစီ ဖြည့်ဆည်းပေးနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိသော စဉ်ဆက်မပြတ်သင်ယူမှု ပတ်ဝန်းကျင်ကောင်းများဖန်တီးရေး၊ ဆရာ အရည်အသွေး မြှင့်တင်ရေးနှင့် အရည်အသွေးရှိသော သင်ယူမှုရလဒ်ကောင်းများ ပေါ်ထွက်ရေးတို့ အတွက် ဒေသတွင်းအခြေအနေနှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရေး ဦးတည်ကာ စာသင်ခန်းတွင်း သင်ကြားသင်ယူခြင်းနှင့် နည်းပညာအသုံးပြု ပေါင်းစပ်သင်ကြား သင်ယူခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် အရည်အသွေးရှိသော သင်ယူမှုများ အရှိန်အဟုန်ဖြင့် တိုး တက်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ဇွန် ၁၈ ရက်တွင် ကျင်းပသည့် ဆီမီယိုနိုင်ငံ ပညာရေးဝန်ကြီးများ၏ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှပေါ်ထွက်လာသည့် ရလဒ်များမှာ သင်ယူသူများအား နည်းပညာဆိုင်ရာ တိုးတက်မှုရှိစေရန်အတွက်ပြင်ဆင်ပေးရန်၊ နိုင်ငံအနေထားပေါ်မူတည်၍ အမျိုးမျိုးသော ပညာရေးဆိုင်ရာ ပလက်ဖောင်းများကို အသုံးပြုရန်၊ ဆရာဆရာမများ၏ လက်ရှိ အခြေအနေကို မြှင့်တင်ပြီး ၎င်းတို့အတွက် အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအခွင့် အလမ်းများနှင့် သင်တန်းများတိုးချဲ့ ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးအနည်း ဆုံးသော သင်ယူသူများ နှင့် ဖွံ့ဖြိုးမှုနည်းသောဒေသရှိ ကျောင်းများအထိ ရောက်ရှိ ရေး ဆောင်ရွက်ရန်၊ ၂၁ ရာစု ပညာရေး ဆောင်ရွက်သူများအတွက် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှု သဘောထား များ၊ တန်ဖိုးထားမှုများကို အပြည့်အဝအသုံးပြုရန်၊ ပညာရေးအတွက် အခြေခံအဆောက် အဦများကို ပိုမိုမြှင့်တင်ရန်နှင့် ပညာရေး ရလဒ်ကောင်းများ ရရှိစေရန်အတွက် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တို့ဖြစ်ပါကြောင်း၊  ထို့ကြောင့် ယနေ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ 360° ed နှင့် MPride တို့ပူးပေါင်း၍ အခြေခံပညာသင်ရိုးသစ် ဒုတိယတန်းနှင့်တတိယတန်း အင်္ဂလိပ်စာ သာသာရပ် အခမဲ့အထောက်အကူ App များ ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူမှု ရလဒ်ကောင်းများပိုမို ရရှိရန် များစွာအထောက်အကူပြုမည် ဟု ယုံကြည်ပါကြောင်းနှင့် လှူဒါန်းကြသူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိ၍ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒေါ်လှလှဝင်း (Founder & CEO 360ed Degree Edu Tech Co.,Ltd)က ပေးအပ်လှူဒါန်းပွဲအခမ်းအနားပြုလုပ်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဇော်မျိုးလှိုင်(Managing Director Mpride Co.,Ltd)က ပူးပေါင်း လှူဒါန်းဖြစ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြကာ လှူဒါန်းမည့် Platform Application အကြောင်း Video Presentation ဖြင့် မိတ်ဆက်ပြသသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက အလှူရှင်များအား ကျေးဇူးတင်လွှာ ပေးအပ်ပြီး ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား သည်။

ယနေ့အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှညွှန်ကြားရေး မှူးချုပ်များ၊ 360ed Degree Edu Tech Co.,Ltd နှင့် Mpride Co.,Ltd  တို့မှ တာဝန်ရှိသူ များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)