ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်
ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / December 30, 2019

ဘားအံ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဇွဲကပင် အရှေ့ခြမ်းတောင်ခြေ သစ်ချရွာမှ စတင်ကျင်းပသွားမည်ရာ ပြိုင်ပွဲဝင်လူဦးရေ ၁၃၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်လွှဲ ၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ-၂၌ ကျင်းပသည့် ဇွဲကပင်တောင်တက် ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်သည် အမြင့်ပေ ၂၃၇၂ ရှိပြီး မြင့်မား၍ မက်စောက်သော သဘာဝထုံးကျောက်တောင်ဖြစ်ရာ ပြိုင်ပွဲဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးမင်းကိုခိုင်က ဇွဲကပင်တောင်တက်ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားကာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပရေးဆောင်ရွက်မည့် အစီအမံများ အား ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ အား/ကာနှင့် ဌာနဆိုင်ရာ များက ပြိုင်ပွဲနှင့်စပ်လျဉ်း၍ တောင်တက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေး၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကြိုတင်ဆောင်ရွက်ထားရမည့် အစီအမံများအား အကြံပြုဆွေးနွေး ခဲ့ကြသည်။
ဇွဲကပင်တောင်တက်ပြိုင်ပွဲကို အသက်(၄၀)နှစ်အထက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အသက်(၄၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲအမျိုးအစား ၄ မျိုးခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ဇွဲကပင်အရှေ့ခြမ်းတောင်ခြေနှင့် ၄ ဖါလုံအကွာ ခလောက်နို့၊ သစ်ချရွာတွင် စတင် တာလွှတ်မည်ဖြစ်ပြီး ဇွဲကပင်အနောက်ခြမ်း ဒုံရင်း၊ တော်ပုံကျေးရွာ လုံမ္ပနီဥယာဉ် ဈေးဆိုင်ခန်းရှေ့တွင် ပန်းဝင်မည်ဖြစ်ကာ ပြိုင်ပွဲအမျိုးအစား အတန်းအလိုက် ပထမဆု မှ ဒသမဆုထိ ဆုများကိုထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


