ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF)မှ Director နှင့် Negotiator ဖြစ်သူ Mr. Hiromichi Kitada နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF)မှ Director နှင့် Negotiator ဖြစ်သူ Mr. Hiromichi Kitada နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Ministry of Information/ နေပြည်တော် / January 29, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF)မှ Directorနှင့် Negotiator ဖြစ်သူ Mr. Hiromichi Kitada နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ MAFF နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန Task Force Memberများ ညှိနှိုင်း၍ ရေးဆွဲခဲ့သော Roadmap for the Establishment of the Food Value Chain in Myanmar(2016-2020) တွင် Food Value Chain ကဏ္ဍဆိုင်ရာ လုပ်ငန်းများစွာ ဆက်လက်လုပ်ဆောင်ရန် ကိစ္စ၊ လယ်ယာထွက်ကုန်များ၏ အရည်အသွေး ကောင်းမွန်ရေးနှင့် အန္တရာယ်ကင်းရေး Food Quality and Safety ကို ဦးစားပေး ဆောင်ရွက်နေမှု၊ ပိုးသတ်ဆေး ဓါတ်ခွဲခန်းများတွင် skill technicians များ တိုးမြှင့်ထားရှိနိုင်ရေး၊ ဂျပန်နိုင်ငံအစိုးရ၏ ချေးငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး စီမံကိန်း ဆောင်ရွက်နေမှုနှင့် စီမံကိန်းအဆင့်(၂) ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆက်လက်ဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စ၊ ဂျပန်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသည့် သူများအတွက် တွေ့ကြုံရသည့် အခက်အခဲများ နှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
