ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွှေပြည်လမ်း လူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) တို့အား သီးခြားစီ လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွှေပြည်လမ်း လူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) တို့အား သီးခြားစီ လက်ခံတွေ့ဆုံ
Ministry of Information/ နေပြည်တော် / January 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရွှေပြည်လမ်း လူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလက်ခံ တွေ့ဆုံသည်။
ရွှေပြည်လမ်း လူငယ်အဖွဲ့နှင့်တွေ့ဆုံစဉ် အဆိုပါ လူငယ်အဖွဲ့အစည်းအနေဖြင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် သဟဇာတမျှတစွာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေကြောင်း၊ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တွေ့ရှိချက်များနှင့် သဘောထား အမြင်များအား ပြည်ထောင်စု ဝန်ကြီးထံ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်း အားလုံးအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးစသည့် လုပ်ငန်းများ၊ လူမှုသဟဇာတ မျှတရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်း စဉ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများစသည့် နယ်ပယ်များတွင် နိုင်ငံတော်ကလက်တွေ့ကျသော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနေမှုများကို ပြောကြားခဲ့ပြီး တက်ရောက်လာသော လူငယ်အဖွဲ့ဝင်များ၏ သိရှိလိုသောမေးမြန်းချက် များကို ပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လူငယ်များက ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့အား တွေ့ဆုံစဉ် မသန်စွမ်း လူငယ်များအတွက် ICT နည်းပညာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ နှစ်စဉ်ကျင်းပလေ့ ရှိသည့် Global IT Challenge for Youth with Disabilities အား ကိုးရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မသန်စွမ်း လူငယ်များပါဝင် ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုရရှိခဲ့မှုအခြေအနေများ၊ အဆိုပါ ပွဲအား ၂၀၂၀ ခုနှစ်၌ မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအနေဖြင့် လက်ခံကျင်းပရန် အဆိုပြုနိုင်မည့် အခြေအနေများ၊ မသန်စွမ်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
