ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် တွေ့ဆုံညှိနှိုင်း
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် တွေ့ဆုံညှိနှိုင်း
Ministry of Information/ နေပြည်တော် / July 24, 2020
နေပြည်တော် ဇူလိုင် ၂၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန် နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလုပ်သမားစေလွှတ်နေသည့် အစုအဖွဲ့များမှ ကိုယ်စား လှယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ကောင်းမွန်သည့် လုပ်ငန်းခွင်ဖြစ်စေရေး၊ ဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိစေရေးအတွက် အေဂျင်စီ အဖွဲ့ချုပ်သည် ကြားခံဆောင်ရွက်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် အေဂျင်စီ အဖွဲ့ချုပ်သည် ပိုမို၍စနစ်ကျပြီး ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ပြဿနာများ ကြုံတွေ့နေရ၍ ကမ္ဘာတစ်ဝန်း တွင် အလုပ်အကိုင်ပေါင်း ၂၅ သန်းထိ ဆုံးရှုံးနိုင်ကြောင်းကို ILO က ခန့်မှန်းထားပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အားများ လျော့ချခြင်း၊ စက်ရုံ/အလုပ်ရုံများ အပြီးပိတ်ခြင်းနှင့် ယာယီပိတ်ခြင်းများရှိခဲ့ပြီး ပြည်ပမှပြန်လာသူများ ယခုအချိန်ထိ နေ့စဉ်ရှိနေပါကြောင်း၊ တရားမဝင်သွားရောက်သည့် အလုပ်အကိုင် များတွင်လည်း ပိုမို များပြားနိုင်ပါကြောင်း၊ မြဝတီတွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကြိုဆိုလက်ခံရေးနှင့် စာရင်းဇယားကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အားဝန်ကြီးဌာနမှ အသိအမှတ်ပြုပါကြောင်း၊ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်ငန်း၊ လက်လီလက်ကား ရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှုများရှိခဲ့ ပါကြောင်း။
သက်ဆိုင်ရာ နိုင်ငံများအလိုက် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား များ၏ စာရင်းနှင့် ၎င်းတို့လုပ်ကိုင်နေသည့်ဒေသ၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမှု စာရင်းများ အားအေဂျင်စီများအနေဖြင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင်ပြုစုထားရန် လိုအပ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်အတွက် Software တစ်ခုရေးဆွဲ ဆောင်ရွက်နေပါကြောင်း၊ နောက်ပိုင်းတွင် တိကျသေချာသည့် လူအမည် စာရင်း အင်အားနှင့် အလုပ်အမျိုးအစား၊ သွားရောက် လုပ်ကိုင်နေသည့် အလုပ်အကိုင်နေရာများအား အသေးစိတ် မှတ်တမ်းတင် ထားရှိနိုင်မည် ဖြစ်ပါကြောင်း။
ပြည်ပသို့ သွားရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားပို့ဆောင်ရေးလုပ်ငန်းများ သာမက အခြားသော စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများ လျော့နည်းသက်သာစေရေး နိုင်ငံတော် အကြီးအကဲများကိုယ်တိုင် ဦးစီး၍ စီးပွားရေး ပြန်လည်ထူမတ်ရေး၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ဆောင်ရွက်နိုင်ရေး တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် အလုပ်အကိုင် အခွင့်အလမ်း များ မဆုံးရှုံးစေရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှလည်း မိမိတို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများသို့ သတ်မှတ်ချက် များနှင့် ကိုက်ညီပါက ချေးငွေများ ထုတ်ပေးမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော သင်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် တို့တွင် အေဂျင်စီအဖွဲ့ချုပ်၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ အချိန်မရွေး လာရောက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြနိုင်ကြောင်း၊ အကြံပြုချက်များရှိပါကလည်း အကြံပြုနိုင်ကြောင်း၊ အလုပ်သမားများ၏ အကျိုး၊အေဂျင်စီများ၏ အကျိုး၊ နိုင်ငံ၏အကျိုး ဖြစ်ထွန်းစေရေး အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အလု်ပအမှုဆောင်အဖွဲ့ဝင်များက နိုင်ငံအလိုက် လုပ်ငန်းဆပ်ကော်မတီအလိုက် လက်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် ကြုံတွေ့ရသည့် အခက်အခဲများ ဝန်ကြီးဌာနမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များအား တင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်း၍ လိုအပ်ချက် များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
