ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် Unicef အဖွဲ့တို့မှ တာဝန်ရှိသူများက မွန်ပြည်နယ်တွင် Mobile Device များအသုံးပြု၍ ဖွားသေစာရင်းဖြည့်စွက်ခြင်း စီမံချက် ဆောင်ရွက် ထားရှိမှုကို လာရောက်ရှင်းလင်းတင်ပြ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် Unicef အဖွဲ့တို့မှ တာဝန်ရှိသူများက မွန်ပြည်နယ်တွင် Mobile Device များအသုံးပြု၍ ဖွားသေစာရင်းဖြည့်စွက်ခြင်း စီမံချက် ဆောင်ရွက် ထားရှိမှုကို လာရောက်ရှင်းလင်းတင်ပြ
Ministry of Information/ နေပြည်တော် / July 28, 2020
နေပြည်တော် ဇူလိုင် ၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် Unicef အဖွဲ့တို့မှ တာဝန်ရှိသူများက မွန်ပြည်နယ်တွင် Mobile Device များအသုံးပြု၍ ဖွားသေစာရင်း ဖြည့်စွက်ခြင်း စီမံချက် ဆောင်ရွက်ထားရှိမှု များကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၌ လာရောက် ရှင်းလင်း တင်ပြသည်။
ရှေးဦးစွာ Unicef အဖွဲ့မှ Social Policy Specialist ဒေါ် Gallian စန်းစန်းအေးက မွန်ပြည်နယ်တွင် Mobile Device (မိုဘိုင်းဖုန်းနှင့် တက်ဘလက်) များအသုံးပြု၍ ဖွားသေစာရင်းဖြည့်စွက်ခြင်း စီမံချက် ဆောင်ရွက်မှုနှင့်ပတ်သက်၍ Mobile Device (မိုဘိုင်းဖုန်းနှင့် တက်ဘလက်) များ အသုံးပြု၍ ဖွားသေစာရင်းဖြည့်စွက်ခြင်းဆိုင်ရာ သင်တန်းများနှင့် မွမ်းမံသင်တန်းများ ဆောင်ရွက်ခဲ့မှု၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစ၍ လုပ်ငန်းများ အကောင်အထည်ဖော်ခဲ့မှု၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဆေးရုံများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးပြုကာ ယခုအခါ မွန်ပြည်နယ်မှ မြို့နယ်အားလုံးရှိ ဆေးရုံနှင့် ကျန်းမာရေး ဌာနများတွင် Mobile Device (မိုဘိုင်းဖုန်းနှင့် တက်ဘလက်) များအသုံးပြု၍ ဖွားသေစာရင်း ဖြည့်စွက်ခြင်း၊ မှတ်ပုံတင်ခြင်း နှင့် သက်သေခံလက်မှတ်များ ထုတ်ပေးနေမှု၊ သားဖွားဆရာမ များနှင့် ဆေးရုံများမှ ဖြည့်စွက်ထားသော စာရင်းများသည် အင်တာနက် ကွန်ရက်အသုံးပြုကာ သက်ဆိုင်ရာမြို့နယ်ဆေးရုံနှင့် ဗဟိုအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားရန် ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်မှုကို ဆန်းစစ်သုံးသပ်မှု (evaluation) ပြုလုပ်ကာ အားနည်းချက်များကို အားဖြည့်ဆောင်ရွက်ခဲ့မှု၊ ရှေ့လုပ်ငန်းများအနေဖြင့် မွန်ပြည်နယ်တွင် ဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကို ရယူကာနိုင်ငံ တစ်ဝန်းလုံး တွင်တိုးချဲ့ဆောင်ရွက်ရန်နှင့်ဖွားသောစာရင်းများကို စာရွက်ဖြင့် ဖြည့်စွက်ခြင်းကို မလုပ်ဆောင်တော့ဘဲ Mobile Device (မိုဘိုင်းဖုန်းနှင့် တက်ဘလက်) များအသုံးပြု၍ ဖြည့်စွက်ခြင်းကို သာလုပ်ဆောင်ရန်တို့ကို ဓာတ်ပုံမှတ်တမ်းများ၊ စာရင်းဇယားများ၊ ဖွားသေစာရင်းဖြည့်စွက်မှု ပုံစံများနှင့် တကွ ရှင်းလင်း တင်ပြသည်။
ထို့နောက် Unicef အဖွဲ့မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. June Kunugi က Mobile Device (မိုဘိုင်းဖုန်းနှင့် တက်ဘလက်) များအသုံးပြု၍ ဖွားသေစာရင်းဖြည့်စွက်ခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ နှင့် Unicef အဖွဲ့တို့ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ COVID-19 ဖြစ်ပွားမှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ကာ ကာကွယ်ဆေးထိုး လုပ်ငန်းများကို ခေတ္တ (၆) ပတ်တာ ကာလခန့်သာ ရပ်ဆိုင်းခဲ့ပြီး ပြန်လည်ဆောင်ရွက်နိုင်ခဲ့မှုသည် ကလေးများအတွက် များစွာအကျိုး ရှိပါကြောင်း ပြောကြားသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုစီမံချက်အား ဆန်းစစ်သုံးသပ်ခြင်း လုပ်ငန်း များပြုလုပ်ကာ အားနည်း ချက်များ ဖော်ထုတ်ခြင်း၊ အားဖြည့်ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်မှုမှာ ကောင်းမွန်ပြီး ကိန်းဂဏန်းများဖြင့် ဆန်းစစ်လေ့လာမှု သာမက စကားစုများဖြင့် ဆန်းစစ်လေ့လာမှုကို ပါပြုလုပ်စေလိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ ရေရှည်တည်တံ့ရန်အတွက် စောင့်ကြည့်အကဲ ဖြတ် ဆန်းစစ်အဖွဲ့တစ်ခုကို ဝန်ကြီးဌာနမှ ဖွဲ့စည်းပြီးဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ Mobile Device (မိုဘိုင်းဖုန်းနှင့် တက်ဘလက်) များအသုံးပြုစာရင်းဖြည့်စွက်ရာတွင် မွေးဖွားသည့် ကလေးငယ်တွင် မွေးရာပါ ချို့ယွင်းချက်များ ရှိ၊ မရှိ အချက် နှင့် မိခင်အနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို အကြိမ် ရေမည်မျှ ခံယူခဲ့မှု အချက်များကိုပါ ထည့်သွင်းစေလို ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၂)မှ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များနှင့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများထံ Mobile Tablet များ ဖြန့်ဝေထားပြီးဖြစ်သဖြင့် မိမိတို့အနေဖြင့် ဤစီမံချက်ကို တိုးချဲ့ကာ တစ်ပြည်လုံး အတိုင်းအတာအထိရရှိအောင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဖွားသေစာရင်း များကို စာရွက်ဖြင့် ဖြည့်စွက်ခြင်းကို မလုပ်ဆောင်တော့ဘဲ Mobile Device (မိုဘိုင်းဖုန်းနှင့် တက်ဘလက်)များအသုံးပြု၍ ဖြည့်စွက်ခြင်းကိုသာ ကူးပြောင်းလုပ် ဆောင်ရန် အတွက် ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ကာ အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ဝန်ကြီးဌာနမှ မိခင်ကျန်းမာရေးဌာနခွဲ၊ ကလေးကျန်းမာရေး ဌာနခွဲ၊ eHealth Unit၊ ကျန်းမာရေး သတင်းအချက် အလက်ဌာနခွဲတို့မှ တာဝန်ရှိသူများ၊ ဖွားသေစာရင်းများ ဖြည့်စွက်ကြီးကြပ်ရသည့် ဆေးရုံအုပ်များနှင့်သားဖွားဆရာမများ ပါဝင်တက်ရောက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့် တို့က Mobile Device (မိုဘိုင်းဖုန်းနှင့် တက်ဘလက်) များအသုံးပြု၍ ဖွားသေစာရင်း ဖြည့်စွက်ရာတွင် လည်းကောင်း၊ သက်သေခံ လက်မှတ်များ ထုတ်ပေးရာတွင်လည်းကောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်တွေ့မြေပြင်တွင် ဆောင်ရွက်ရာတွင် အမှန်တကယ်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကို ဆန်းစစ်ရန် လိုအပ်ပါကြောင်း၊ အီလက် ထရောနစ်စနစ်ဖြင့် ဖြည့်စွက်ထားသော စာရင်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့တွင် အချက်အလက်များသိမ်းဆည်းရာတွင် လုံခြုံ စိတ်ချမှုရှိစေရေးအတွက် အရန် data server များ ထားရှ ိဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အကြံပြုဆွေး နွေးသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်နှင့် ညွှန်ကြားရေးမှူး (ကျန်းမာရေးသတင်းအချက်အလက်) ဒေါက်တာစန်းဟုန်တို့က Mobile Device (မိုဘိုင်းဖုန်းနှင့်တက်ဘလက်) များအသုံးပြု၍ ဖွားသေစာရင်းဖြည့်စွက်ရာတွင် မွေးဖွားမှု နှင့် သေဆုံးမှုဆိုင်ရာမှတ်ပုံတင်ခြင်း (Civil Registration and Vital Statistics) စနစ်အပါအဝင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စာရင်းအချက်အလက်စနစ်များနှင့် ကိုက်ညီတူညီမှုရှိ စေရေးနှင့် ပိုမိုပြည့်စုံ ကောင်းမွန်စေရေးအတွက် သေဆုံးမှုစာရင်းများဖြည့်စွက်ရာတွင် သေဆုံးရသည့် အကြောင်းရင်းကို နိုင်ငံတကာတွင် အသုံးပြုသည့် ICD-11 နှင့် ကိုက်ညီမှုရှိစေရေးတို့ကို အကြံပြု ဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသူများက အထွေထွေဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
