ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကာတွန်းပညာရှင်များ၊ သရုပ်ဖော်ဒီဇိုင်းနှင့် ဆက်စပ်လုပ်ငန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး


Ministry of Information/ / November 10, 2020
image_latest


ရန်ကုန်  ဩဂုတ် ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းမှ ကာတွန်းပညာရှင်များ၊ သရုပ်ဖော်ဒီဇိုင်းနှင့် ဆက်စပ်လုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ကာတွန်းသမိုင်းပြတိုက် ဖြစ်မြောက်ရေးနှင့် စပ်လျဉ်းသည့် အစည်း အဝေးသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ပခရီးစဉ်အချို့တွင် ကာတွန်းပြတိုက်များ ဖွင့်လှစ်၍ စုဆောင်းပြသ ထားမှုကို လေ့လာခွင့်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကာတွန်းဆရာကြီး ရွှေတလေး၏ ၁၉၁၅ ခုနှစ်က လက်ရာများမှစ၍ သမိုင်းအထောက်အထားများ ရှာဖွေ စုဆောင်းပြီး ရည်မှန်းချက်ထားဆောင်ရွက်ပါက ကာတွန်းပြတိုက်တစ်ခု ပေါ်ထွန်းလာနိုင်ကြောင်း၊ ထို့ကြောင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကာတွန်းပညာရှင်များ၏ အကြံဉာဏ်များ၊ ဆွေးနွေးချက်များအပေါ် မူတည်၍ မည်ကဲ့သို့ ပံ့ပိုးကူညီ ဆောင် ရွက်ရမည်ကို ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကာတွန်း ပညာရှင်များအနေဖြင့် ကာတွန်းပြတိုက်တစ်ခု ပေါ်ထွန်းလာရေး ရည်မှန်ချက်ထားရှိပြီး ဆောင်ရွက်လိုသည့် စိတ်ကူးစိတ်သန်း များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကာတွန်းပညာရှင်များ ဖြစ်ကြသည့် ကာတွန်း ရွှေမင်းသား၊ ကာတွန်း မြင့်သိန်း၊ ကာတွန်း မောင်မောင်အောင်၊ ကာတွန်း စိုးသော်တာ၊ ကာတွန်း ဝင်းအောင်၊ ကာတွန်း မောင်မောင်ဖောင်တိန်၊ ကာတွန်း နေမျိုးအေး၊ ကာတွန်း လိုင်းလိုဏ်၊ ကာတွန်း ယူနီဘာစတီ ဟာကြူလီ၊ ကာတွန်း ဝေယံ (တောင်ကြီး)တို့က မြန်မာနိုင်ငံကာတွန်း သမိုင်းပြတိုက် ဖြစ်မြောက်ရေး ယာယီ ကော်မတီ စတင်ဖွဲ့စည်းထားရှိမှုနှင့် ဖြည့်တင်း ဖွဲ့စည်းမည့်အခြေအနေ၊ ကာတွန်းသမိုင်း ပြတိုက် ပေါ်ပေါက်လာရေး ရည်မှန်းချက်ဖြင့် စုဆောင်းရရှိမည့် ပစ္စည်းများဖြင့် ပြပွဲများ ခင်းကျင်းပြသမည့် အခြေအနေ၊ ပြပွဲများနှင့် ပြတိုက်အတွက် ခင်းကျင်းပြသမည့် ပစ္စည်းများ စုဆောင်းထိန်းသိမ်းရေး ဆောင်ရွက်မည့်အခြေအနေကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြန်မာရေးရာလေ့လာရေးအဖွဲ့မှ ဦးအေးမောင်ကျော် (အေးမောင်ကျော်)နှင့် ဦးသန်းအုန်း (မောင်ဇေယျာ)နှင့် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းမှ ကာတွန်းပညာရှင်များ ဖြစ်ကြသော ကာတွန်း ရာဇာ၊ ကာတွန်း ဝင်းမြင့်အောင်၊ ကာတွန်း ဟန်၊ ကာတွန်း ဆန်း လင်းတို့လည်း တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် သရုပ်ဖော်ဒီဇိုင်းနှင့် ဆက်စပ်လုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် မကြာမီ ပြဋ္ဌာန်းမည့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေအတွက် နည်းဥပဒေကို ရေးဆွဲပြဌာန်းနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြဋ္ဌာန်းသတ်မှတ်ပြီးပါက အေဂျင်စီများ ဖွဲ့စည်းမှုတွင် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း(CMO)များ လျှောက်ထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ CMO များ ဖွဲ့စည်းခွင့် ရချိန်တွင် လုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် CMO ဖြစ်မြောက် ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ စာပေအနုပညာနှင့် ပတ်သက်သည့် သရုပ်ဖော်ဒီဇိုင်းများနှင့် ပတ်သက်၍လည်း ထိခိုက်နစ်နာမှုများ ကာကွယ်နိုင်ရန်နှင့် အခွင့်အလမ်းများရရှိနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှု အခြေအနေများကို သိရှိပြီး သရုပ်ဖော်ဒီဇိုင်းနှင့် ဆက်စပ်လုပ်ငန်းများမှ တာဝန်ရှိသူ များအနေဖြင့် လိုအပ်သည်များ ပါဝင်ဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဂရပ်ဖစ်ဒီဇိုင်းအသင်းမှ ဥက္ကဋ္ဌ ဦးမြင့်မောင်ကျော်၊ ဦးအောင်မျိုးမြတ် (ဒီဇိုင်းနဂါး)၊ စာနယ်ဇင်းသရုပ်ဖော်ပန်းချီ အသင်း နာယက ဦးကျော်သောင်းနှင့် ဗိသုကာ ပညာရှင် ဦးမော်လင်းတို့က နယ်ပယ်အလိုက် မူပိုင်ခွင့်ဆိုင်ရာ ထိခိုက်နစ်နာမှုများ ကာကွယ်နိုင်ရန်နှင့် အကျိုးခံစားခွင့်များ ရရှိနိုင်ရန်တို့နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြန်မာရေးရာ လေ့လာရေးအဖွဲ့မှ ဦးအေးမောင်ကျော် (အေးမောင်ကျော်)နှင့် ဦးသန်းအုန်း (မောင်ဇေယျာ)၊ နန်းဒေဝီစာပေမှ ဦးရဲမြင့်၊ ဦးချစ်ကြည်၊ ကိုငယ်(ကျောက်ဆည်)  တို့လည်း တက်ရောက်ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ဓာတ်ပြားတိုက်ဌာနစိတ်၌ ဓာတ်ပြားနှင့် တိပ်ခွေများ၊ မှတ်တမ်းများ ထိန်းသိမ်း ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သမိုင်းနောက်ခံ အစီအစဉ်များ ထုတ်လွှင့်/ဖော်ပြ နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။ 

သတင်းစဉ်