ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၁၀) ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၁၀) ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်
Ministry of Information/ Naypyitaw / November 10, 2020
နေပြည်တော် စက်တင်ဘာ ၂၈
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၀) ကြိမ်မြောက် မဲခေါင်- ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ms. Kang Kyung-wha တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင် တက်ရောက်ခဲ့ကြပြီး ဝန်ကြီးများသည် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက် အောင်မြင်မှုများအပေါ် အသိအမှတ်ပြုခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီး အစည်းအဝေးကျင်းပကာ ပူးပေါင်းဆောင်ရွက်မှုယန္တရားကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်နိုင်ခဲ့ခြင်းအား ကြိုဆိုခဲ့ကြသည်။ ဝန်ကြီးများသည် ပထမအကြိမ်ထိပ်သီး အစည်းအ ဝေးမှ ဆုံးဖြတ်ခဲ့သည့်အတိုင်း “ငြိမ်းချမ်းသာယာဝပြောသည့် ပြည်သူဗဟိုပြု အသိုက်အဝန်း” တစ်ရပ်ထူထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင်(၃)ရပ်ဖြစ်သည့် ပြည်သူချင်း ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး မဏ္ဍိုင်တို့အောက်မှ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် သွားရန်လည်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က ပါဝင်ဆွေးနွေးရာ၌ ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီများ ပေးအပ်ခဲ့ခြင်းကို ကျေးဇူးတင်ရှိကြောင်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်း ကာကွယ် တိုက်ဖျက်ရေးအတွက် လိုအပ်နေသည့် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) တန်ဖိုးရှိ Test kits များကို မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရန် ကိုရီးယားသမ္မတနိုင်ငံ၏ ဆုံးဖြတ်ချက်အား ဝမ်းမြောက်ကြိုဆိုကြောင်း ထည့်သွင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အကောင်အထည် ဖော်ရေးတို့အတွက် ကိုရီးယားနိုင်ငံမှ မဲခေါင်နိုင်ငံများအား တရားဝင်ဖွံ့ဖြိုးမှုအကူအညီ မူဘောင်နှင့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်မှ အကူအညီများ ပေးခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသမ္မတနိုင်ငံမှ မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု ရန်ပုံငွေသို့ ၂၀၂၀ ပြည့်နှစ်မှစတင်ကာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၃ သန်းအထိ တိုးမြှင့်ထည့်ဝင်ခဲ့ခြင်း အတွက်လည်းကောင်း၊ စတုတ္ထအကြိမ် မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု ရန်ပုံငွေအစီအစဉ်တွင် မြန်မာနိုင်ငံ၏ “ဘေးကင်းသောသီးနှံများ စိုက်ပျိုး ထုတ်လုပ်ရန် မြေဆီလွှာနှင့်ရေ၌ သတ္တုဓါတ်ပါဝင်မှု စစ်တမ်းကောက်ယူရေး စီမံချက်” ကို ရွေးချယ်ပေးခဲ့ခြင်းအတွက်လည်းကောင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် ထိန်းသိမ်းရန် “မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ” ကိုမြန်မာနိုင်ငံ၌ တည်ဆောက်သွားမည်ဖြစ်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မဲခေါင်ဒေသ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အခြားသော လုပ်ငန်းစဉ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် လက်ရှိ ကပ်ရောဂါ အခြေအနေများအရ မဲခေါင်နိုင်ငံများအနေဖြင့် “ကျန်းမာရေးလုံခြုံမှု ပေးရေးနှင့် စီးပွားရေး တောင့်ခံနိုင်မှု တည်ဆောက်ရေးအကြား ချိတ်ဆက်ဆောင်ရွက်မှု လုပ်ငန်းစဉ်” အပေါ်တွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်ကြောင်း အကြံပြု ဆွေးနွေးသည်။
အစည်းအဝေးမှ (၁၀)ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ “ပူးတွဲသဘာပတိကြေညာချက်” နှင့် “မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အစီအစဉ်(၂၀၂၁-၂၀၂၅)”တို့ကို အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါ (၅)နှစ်တာ လုပ်ငန်းအစီအစဉ်သည် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံတစ်ခု ဖြစ်လာမည်ဖြစ်ပြီး၊ ယဉ်ကျေးမှု/ခရီးသွားလုပ်ငန်းကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍ၊ အခြေခံ အဆောက်အဦကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာကဏ္ဍ၊ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကဏ္ဍစသည့် ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ(၇)ခုအတွက် သီးခြားရည်မှန်းချက်များလည်း သတ်မှတ်ပေးခဲ့သည်။
မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မဲခေါင်ဒေသတွင်းနိုင်ငံများ အကြားအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန် ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့်လုပ်ငန်းစဉ် ဖြစ်ပြီး၊ အဖွဲ့ဝင်များအဖြစ် ကိုရီးယားသမ္မတနိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံ(၅)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြသည်။
(သတင်းစဉ်)
