ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၏ နှစ်သစ်ကူး ဆုတောင်းစကားသံများ
ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၏ နှစ်သစ်ကူး ဆုတောင်းစကားသံများ
Ministry of Information/ နေပြည်တော် / April 17, 2020
ဦးသောင်းထိုက် {ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ}
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ဘာသာပေါင်းစုံမှ ညီအစ်ကို မောင်နှမများအားလုံး ကပ်ရောဂါဘေးကနေ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံနှင့် လူမျိုးအကျိုး ငြိမ်းချမ်းသာယာ ၀ပြောသော နိုင်ငံတော်ကြီးဖြစ်ရန် ဝိုင်းဝန်း ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။
မြန်မာပြည်သူ ပြည်သားအားလုံးအနေနဲ့ ကပ်ရောဂါဘေးကနေ ကင်းဝေးစေရေးအတွက် နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပေးခြင်းအားဖြင့် အားလုံး ကပ်ရောဂါ ဘေးကနေ ကင်းဝေးမှာဖြစ်တဲ့အတွက် လိုက်နာပေးကြပါလို့ ပြောချင်ပါတယ်။
စတီဗင် သန်းမြင့်ဦး {သာသနာပိုင်ချုပ်ကြီး၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)}
မေတ္တာ၊ ကရုဏာ အနန္တနှင့် ပြည့်စုံတော်မူသော အဖထာဝရဘုရား ယနေ့ နှစ်သစ်ကျရောက်သည့် မြန်မာနှစ်သစ် အခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံးအပေါ်မှာ ဘုရားရှင်ရဲ့ ကောင်းချီး မင်္ဂလာချပြီး သွန်းလောင်းတော်မူပါ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း ရောဂါဘယ ကင်းဝေး ခြင်းများနှင့်ပြည့်စုံ၍ ဒီနှစ်တစ်နှစ်လုံးသည် မင်္ဂလာရှိသောနှစ်အဖြစ် ပေးသနားတော်မူပါ သားတော် မြတ်သခင် ယေရှုနာမ၌ ဆုတောင်း မေတ္တာပို့ပါ၏ အဖထာဝရဘုရား။ အာမင်၊
ချစ်သော မြန်မာပြည်သူ ပြည်သားအပေါင်းတို့ ယခုလို အချိန်အခါမျိုးမှာ အရေးကြီးတဲ့ အချိန်အခါ ကာလဖြစ်တဲ့အတွက် ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါဘေးကို အောင်မြင်ကျော်လွှားနိုင်ဖို့အတွက် အရေးကြီး ဆုံးဖြစ်တဲ့ မိမိတို့ကိုယ်ကို မိမိတို့ဆင်ခြင်ပြီးသကာလ ကိုယ့်ရဲ့အိမ်မှာ နေခြင်းအားဖြင့် ကမ္ဘာ့လူသား မျိုးနွယ်ကို ခြိမ်းခြောက်လျက်ရှိသော ကပ်ရောဂါဆိုးကြီးကို အနိုင်ယူကြပါစို့လို့ မေတ္တာအားဖြင့် နှိုးဆော်တိုက်တွန်းလိုပါတယ်။ အားလုံးကျန်းမာ ချမ်းသာကြ ပါစေ။
အယ်ဟဂျ်ခလီဖွှာ ဦးအေးလွင်
(အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်ဩရေးမှူး)
ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး ယနေ့ မြန်မာ နှစ်သစ်ကူး အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာပထမ ဆုတောင်း လိုပါတယ်။ ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ဒီအခက်အခဲတွေကလည်း အောင်မြင်မှုအတွက် ခြေလှမ်းတွေအဖြစ်နဲ့ သတ်မှတ်ပြီးတော့ကာ ဒီကရရှိလာတဲ့ အတွေ့အကြုံနဲ့ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးကို ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ရယ် ဒီကတစ်ဆင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ သဗ္ဗေသတ္တာ ဝေနေယျာတွေ အေးချမ်း သာယာစေဖို့အတွက် ကျွန်တော်တို့ တစ်ပိုင်တစ်နိုင် ကြိုးစားနိုင်ဖို့အတွက် အင်အားတွေအဖြစ်နဲ့ ဒီအတွေ့အကြုံ ကို ကျွန်တော်တို့ ပြောင်းလဲပစ်ကြပါလို့ မေတ္တာ ဆုတောင်း ပို့လိုပါတယ်။
ဒေါ်ကက်သလင်းသိန်း {အင်ကြင်းမေ
ဟိန္ဒူအမျိုးသမီးကွန်ရက် (တည်ထောင်သူ)}
နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသော အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို ဘုရားရှင်ကရိသျှဏမှ စောင့်ရှောက်တော်မူပြီး ထာဝစဉ်ငြိမ်းချမ်းခြင်းနှင့် ပြီးပြည့်စုံသော မြန်မာနိုင်ငံတော်အဖြစ် အဓွန့်ရှည်နိုင်ပါစေ။ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြပါသော ပြည်သူ ပြည်သားများ အားလုံး အချင်းချင်းမေတ္တာတရားထားရှိပြီး ပြည်တွင်းစစ်ပွဲများ လုံးဝရပ်တန့် သွားနိုင်ပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ယခုလက်ရှိခံစား ကြောင့်ကြနေရပါသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုးမှ အမြန်ဆုံး လွတ်မြောက်နိုင် ကြပါစေလို့ ဟိန္ဒူ ဘာသာဝင် အားလုံးကိုယ်စား ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အားလုံး ငြိမ်းချမ်းကြပါစေ၊ ငြိမ်းချမ်းကြပါစေ၊ ငြိမ်းချမ်း ကြပါစေ။
တွေ့ဆုံမေးမြန်း - မင်းသစ် (MNA)
ဓာတ်ပုံ - နေလင်း
