ဘားအံ၌ Open History Project လူထုအမှတ်သညာပွဲတော်ကျင်းပ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 21, 2019


ဘားအံ အောက်တိုဘာ ၂၀

 လူ့အဖွဲ့အစည်းအတွင်း ဆင့်ကဲပြောင်းလဲမှုများကို ဓါတ်ပုံမှတ်တမ်းအနေဖြင့်ပြသထားပြီး ဘားအံမြို့၏ လွန်ခဲ့သောရှေးနှစ်ပေါင်း (၅၀)(၆၀)ခန့်က ဓါတ်ပုံဟောင်းများကိုစုစည်း၍ ထိုစဉ်အချိန်ကပုံရိပ်နှင့် ယခုပုံရိပ် ပြောင်းလဲလာမှုကို သိရှိစေလိုသော ပြသလိုသော ရည်ရွယ်ချက်ဖြင့် ဘားအံမြို့လူထုအမှတ်သညာပွဲတော် Open History Project ကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 အဆိုပါပွဲတော်ကို အောက်တိုဘာ ၁၉ ရက်နေ့မှ ၂၂ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ဘားအံမြို့ရှိ ရှေးကျသော ဓါတ်ပုံများ၊ ကရင်ရိုးရာရှေးဟောင်းတူရိယာများ၊ ပန်းချီ၊ ပန်းပု၊ ရှေးပုံရိပ် ပို့စကတ်များကို ခင်းကျင်းပြသသွားမည်ဖြစ်ကာ ဘားအံမြို့နှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ထုံးကျောက်ဂူများနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ပန်းချီ၊ ပန်းပု လက်တွေ့ ရေးဆွဲခြင်းများ၊ ကဗျာရွတ်ဆိုခြင်းများ၊ ဘားအံမြို့အမှတ်တရစကားဝိုင်းများ၊ ဓါတ်ပုံနှင့်မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 လူထုအမှတ်သညာပွဲတော်ကို HELVETAS Myanmar နှင့် German Federal Foreign Office᾿s တို့၏ အထောက်အပံဖြင့် Yangon Pansodan Gallery မှ ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်းသိရပြီး ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အမှာစကားပြောကြားကာ လူထုအမှတ်သညာပွဲတော်နှင့် Open History Project ဒါရိုက်တာဖြစ်သူ ဦးအောင်စိုးမင်းက ပြည်နယ်ဝန်ကြီးချုပ်ထံ အမှတ်တရပန်းချီ ကားချပ် ပေးအပ်သည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးစောစံလင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည် ဓါတ်ပုံ၊ ပန်းချီ၊ ရှေးဟောင်းတူရိယာများအား ကြည့်ရှု အားပေးခဲ့သည်။

 ယခုပွဲတော်သည် ဘားအံမြို့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်းလူမှုအဖွဲ့အစည်းတစ်ခု ပြောင်းလဲလာပုံကို လူထုကြားက သမိုင်းအဖြစ်ချည်းကပ်လေ့လာကာ ဓါတ်ပုံ မှတ်တမ်းများ၊ အနုပညာပစ္စည်းများဖြင့် ပြပွဲအဖြစ် ခင်းကျင်းပြသထားပြီး မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။