မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ဆန်၊ ဆီလှူဒါန်းခြင်း အခမ်းအနား ကျင်းပ


Ministry of Information/ မကွေးတိုင်းဒေသကြီး / August 01, 2020
image_latest


မကွေး     ဩဂုတ်  ၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ဆန်၊ ဆီ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီတော် ရင်ပြင်ပေါ်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းဆက်ကပ်ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ရှေးဦးစွာ မကွေးမြို့ ရာဇမုနိကျောင်းတိုက် ပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကေလာသ (သက်တော်ရှည်ဆရာ တော်ဘုရားကြီး) ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ် တရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအကြီအကဲများက နိုင်ငံတော်သြဝါဒ ဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  မကွေးမြို့ သံဃာရာမနိကာယ် စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တစိန္တသာရ ဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြသည်။

ယနေ့ကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မကွေးမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများသို့  ဆွမ်းဆန်တော် ဆန်၊ ဆီ လှူဒါန်းခြင်း အခမ်းအနားတွင် ဆန်၊ဆီ၊ သင်္ကန်း၊ ဝတ္ထုငွေ စသည်ဖြင့် လှူဒါန်းငွေတန်ဘိုးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ(၃၇,၆၂၀,၀၀ဝိ/)၊ ဌာနဆိုင်ရာများမှ (၆၄,၅၃၀၀ဝိ/-) စုစုပေါင်း(၄၄၀,၇၃၀၀ဝိ/-)ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကြွရောက်တော်မူသည့် ပင့်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)