မန္တလေး မဟာအောင်မြေကျောက်မျက်စခန်းရှိ အခြေခံကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်အား ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်များ ထောက်ပံ့


Ministry of Information/ မန္တလေးမြို့ / May 17, 2020
image_latest


မန္တလေး မေ ၁

မန္တလေးမြို့ မဟာအောင်‌မြေ ကျောက်မျက်စခန်း (မန္တလေးကျောက် ဝိုင်း)တွင် ကျောက်စိမ်းကျောက်မျက် လုပ်ငန်းဖြင့် အသက်မွေးရပ်တည်နေ ကြသည့် လက်လုပ်လက်စား အခြေခံ ကျောက်သမား အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်အား ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန် ပစ္စည်းများကို မေ ၁၆ ရက် နံနက်ပိုင်းက ထောက်ပံ့လှူဒါန်း သည်။

အဆိုပါ ထောက်ပံ့လှူဒါန်းမှုကို ကျောက်မျက်လုပ်ငန်းရှင်များ အသင်း (မန္တလေး) မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်း အကျိုးတော်ဆောင်အဖွဲ့နှင့် စေတနာရှင်များ စုပေါင်းလှူဒါန်း ငွေကျပ် သိန်းပေါင်း ၂၄၆၀ ကျော် ဖြင့် ကျောက်လုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော် လူဦးရေ တစ်သိန်းကျော်အတွက် အိမ်ထောင်စုတစ်ခုလျှင် ဆန် ၁၀ ပြည်၊ ဆား တစ်ပိဿာ၊ ဆီ ၅၀ ကျပ် သား၊ ကြက်သွန်နီ တစ်ပိဿာနှင့် ကြက်ဥ ၁၀ လုံးတို့ကို ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း မဟာ အောင်မြေကျောက်မျက်ဈေး အကျိုး တော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမြင့်လှိုင်က ပြောသည်။

“အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေတဲ့ကာလမှာ အမှန်တကယ် အခက်အခဲ ဖြစ်ပေါ်နေကြတဲ့ အခြေခံ ကျောက်သမားမိသားစုတွေ အဆင်ပြေပါစေဆိုတဲ့ ရည်ရွယ်ချက် နဲ့ ကျွန်တော်တို့ ကျောက်မျက်ဈေး အကျိုးတော်ဆောင် အဖွဲ့တွေ၊ ကျောက်မျက် လုပ်ငန်းရှင်တွေနဲ့ အခြားအလှူရှင်တွေ စုပေါင်းလှူဒါန်း ငွေတွေနဲ့ မျှဝေထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ အခုလို ထောက်ပံ့ပေးခြင်း အားဖြင့် သူတို့တွေအတွက် ၁၀ ရက် (သို့မဟုတ်) ၁၅ ရက်လောက်တော့ အဆင်ပြေသွားကြမယ်လို့ ထင်ပါ တယ်။ ကျောက်မျက်ဈေးကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုတာနဲ့ ကျွန်တော်တို့ဈေးအကျိုးတော်ဆောင် အဖွဲ့တွေ၊ နာယကလူကြီး တွေနဲ့ ရပ်မိရပ်ဖတွေ တိုင်ပင်ပြီး ပြန်ဖွင့်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ယခုလို ထောက်ပံ့လှူဒါန်းသည့် အစီအစဉ်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် မန္တလေး ခြောက်မြို့နယ်ရှိ စာရင်းကောက်ယူ ထားသည့် အခြေခံကျောက်သမား များအား မြို့နယ်အလိုက် အလှည့်ကျ စနစ်ဖြင့် မေ ၁၆ ရက်မှ ၁၉ ရက်အထိ ထောက်ပံ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် မဟာအောင်မြေ ကျောက်မျက်စခန်းတွင် ကျောက်စိမ်း ကျောက်မျက်လုပ်ငန်းဖြင့် လာရောက် အရောင်းအဝယ် ပြုလုပ်သူဦးရေမှာ နေ့စဉ် တစ်သောင်းကျော်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)