မူပိုင်ခွင့်ဆိုင်ရာ အရေးယူဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / January 21, 2021
image_latest


နေပြည်တော်   ဇန်နဝါရီ  ၂၀

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရှေ့တောင်အာရှနိုင်ငံများ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ - ဂျပန် (South East Asian IP Network of Japanese Commerce and Industry-SEAIPJ), JETRO Bangkok နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းကျင်းပ သည့် မူပိုင်ခွင့်ဆိုင်ရာ အရေးယူဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကမ္ဘာ့နိုင်ငံ အသီးသီး တွင် နည်းပညာများ အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်မှုနှင့်အတူ မူပိုင်ခွင့်စနစ်များကိုအသုံးချပြီး ပိုမိုအား ကောင်းသော စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မိမိတို့မြန်မာနိုင်ငံ အနေဖြင့်လည်း  စီးပွားရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အားပေး မှုများကို အထူးအလေးပေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသားများ၏ တီထွင်ဖန်တီးမှုများကို အားပေးရန်နှင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အားပေးရန်အတွက် မူပိုင်ခွင့် ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများကို ဟန့်တားနိုင်မည့် ထိရောက်သည့် မူပိုင်ခွင့်ဆိုင်ရာ အခြေခံအဆောက်အအုံကို တည်ထောင်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သော မူပိုင်ခွင့်ဥပဒေ လေးခုကို ယခုနှစ် အစောပိုင်းကာလ အတွင်း အာဏာသက်ဝင်နိုင်ရေး၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဖွဲ့စည်းနိုင်ရေးနှင့် မူပိုင်ခွင့်ရုံးတည် ထောင်ဖွင့်လှစ်နိုင်ရေးတို့ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မူပိုင်ခွင့်ဥပဒေများ အာဏာသက်ဝင်ပြီးပါက မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်မှုများကို  ဥပဒေများပါ  ပြဋ္ဌာန်းချက် များနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန အစရှိသည့် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

လက်ရှိမြန်မာနိုင်ငံတွင် မူပိုင်ခွင့်ချိုးဖောက်မှုများအတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံး ဥပဒေ၊ သီးခြား သက်သာခွင့်ဥပဒေနှင့် အခြားသက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး မူပိုင်ခွင့်ဥပဒေများ အာဏာ သက်ဝင်ပြီးပါက တီထွင်ဖန်တီးသူများအနေဖြင့် မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်လျှောက်ထားပြီး မှတ်ပုံတင်ခွင့် ရရှိလာပါက မိမိတို့၏ မူပိုင်ခွင့် အခွင့်အရေးများကို  အခြားသူတစ်ဦးဦးမှ   ချိုးဖောက်ခြင်းကို မူပိုင်ခွင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ယခုဆွေးနွေးပွဲသည် ကုန်ပစ္စည်းအတုအပများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြမည် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် မူပိုင်ခွင့် အခွင့်အရေးများ ချိုးဖောက်ထားသည့် ကုန်ပစ္စည်း များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေးဆွဲ ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ယနေ့ဆွေးနွေးပွဲမှ ရရှိလာမည့် အသိပညာ ဗဟုသုတများကို မူပိုင်ခွင့်စနစ် တည်ဆောက်ရာတွင်သာမက စားသုံးသူများအား ကုန်ပစ္စည်းအတုအပများ သုံးစွဲရခြင်းနှင့် ဈေးကွက်အတွင်းတွင် ကုန်ပစ္စည်းအတုများ ဖြန့်ဖြူးရောင်းချနေခြင်းအပေါ် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန် ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြောင်း။

မူပိုင်ခွင့်စနစ်ကို စတင်အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ကောင်းမွန် သည့် ရလဒ်ကောင်းများရရှိလာနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းနှင့် နောင်တွင်လည်း မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် JETRO Bangkok ၏ Director က အမှာစကားပြောကြားပြီး JICA မှ မူပိုင်ခွင့်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ SEAIPJ  မှကိုယ်စားလှယ်၊ HONDA Motor နှင့် MITSUBISHI ELECTRIC CORPORATION တို့မှ တာဝန်ရှိသူများက မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အရှေ့တောင်အာရှ နိုင်ငံများ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ − ဂျပန် (South East Asian IP Network of Japanese Commerce and Industry-SEAIPJ), JETRO နှင့် JICA တို့မှ တာဝန်ရှိသူများ၊ Mr. Junya Watanabe၊ HONDA၊ MITSUBISHI ELECTRIC CORPORATION တို့မှ ကိုယ်စားလှယ် များနှင့် IP ဆိုင်ရာ အဖွဲ့အစည်းများက အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ ကြသည်။  

သတင်းစဉ်