မြန်မာနိုင်ငံ၏ဂုဏ်ဆောင်ကာ ဒေသတွင်းနိုင်ငံများမှ လေကြောင်းလိုင်းများနှင့်အပြိုင် ပျံသန်းပြေးဆွဲမည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သို့ Airbus လေယာဉ်အသစ်တစ်စီး ထပ်မံရောက်ရှိ


Ministry of Information/ ​နေပြည်တော် / June 20, 2020
image_latest


ရန်ကုန်  ဇွန်  ၂၀

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က Fleet Extension အစီအစဉ်အရ မှာယူထားသည့် Airbus A319-112, MSN2446, XY-ALN လေယာဉ်အသစ်သည် ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

အဆိုပါလေယာဉ်အသစ်သည် ယခုနှစ် ဧပြီလဆန်းကတည်းက ရောက်ရှိရန် စီစဉ်ထားသော်လည်း ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာရှိ အချို့သော လေယာဉ်ကွင်းများ ပိတ်နားခဲ့ရသဖြင့် ရောက်ရှိရန် ကြန့်ကြာခဲ့ရပြီး ယခုအခါ ကမ္ဘာ့နိုင်ငံများ၏ ဖြေလျှော့မှုများကြောင့် နိုင်ငံတကာမှ လေယာဉ်ကွင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မှာယူထားသော Airbus A319-112, MSN2446, XY-ALN လေယာဉ်အသစ်သည် ယခုမှသာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

MAI လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး လေကြောင်းလိုင်းအဖြစ် ရပ်တည်ပြီး မြန်မာနိုင်ငံ၏ဂုဏ်ကိုဆောင်ကာ ဒေသတွင်းရှိနိုင်ငံများ၏ လေကြောင်းလိုင်းများနှင့် အပြိုင် ပျံသန်းပြေးဆွဲနိုင်ရန်အတွက် လေယာဉ်အသစ်များကို ထပ်မံမှာယူထားရာ Embraer-E 190 လေယာဉ်လေးစီးသည် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် တစ်လလျှင် တစ်စီးနှုန်းဖြင့် ရောက်ရှိလာမည်ဖြစ်သလို သြစတြေးလျနိုင်ငံ ဆစ်ဒနီနှင့် ယူအေအီးနိုင်ငံ ဒူဘိုင်းလေဆိပ်များအထိ တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်မည့် Airbus A320 လေယာဉ်အသစ် သုံးစီးမှာလည်း မကြာမီထပ်မံရောက်ရှိလာမည် ဖြစ်သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်တွင် ဘရာဇီးနိုင်ငံထုတ် Embraer လေယာဉ်အသစ် လေးစီးကိုလည်း ထပ်မံမှာယူထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါလေယာဉ်များ ထပ်မံရောက်ရှိလာပါက  အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် Airbus ရှစ်စီး၊ Embraer ရှစ်စီးနှင့်အတူ MAI နှင့် အကျိုးတူ ပူးပေါင်းပျံသန်းပြေးဆွဲနေသော Air KBZ မှ ATR 72-600 ရှစ်စီး အပါအဝင် စုစုပေါင်း ၂၄ စီးဖြင့် မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ အားထားရမည့် အဓိကလေကြောင်းလိုင်းအဖြစ် ဒေသတွင်းရှိ အခြားနိုင်ငံလေကြောင်းလိုင်းများနှင့် ယှဉ်ပြိုင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

MAI လေကြောင်းလိုင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမေရိကန်ဒေါ်လာ ၅၄ သန်းခန့် နစ်နာဆုံးရှုံးခဲ့သော်လည်း ပြည်ပနိုင်ငံများတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအတွက် Relief Flight များကို အချို့ခရီးစဉ်များတွင် အခမဲ့ခေါ်ဆောင်ပေးခြင်း၊ အချို့ခရီးစဉ်များတွင် လေယာဉ်ဆီဖိုးနှင့် Airport Tax ကိုသာ လျှော့ပေါ့ကောက်ခံ ပျံသန်းပြေးဆွဲပေးလျက်ရှိသည့်အြပင် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် အသုံးပြုရန် ကိုရီးယား၊ ထိုင်း၊ မလေးရှားနှင့် အခြားနိုင်ငံများမှ ပေးပို့လှူဒါန်းသော ဆေးရုံသုံးပစ္စည်းများ၊ PPE ပစ္စည်းများ၊ ရောဂါရှာဖွေစမ်းသပ်သည့် Test-Kit များကိုလည်း အခမဲ့ သယ်ဆောင်ပျံသန်းပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှု အများဆုံးကြုံတွေ့ရသည့် စီးပွားရေးလုပ်ငန်းများ အနက် နိုင်ငံတကာသို့ ပျံသန်းပြေးဆွဲနေသော MNA လေကြောင်းလိုင်းနှင့် MAI လေကြောင်းလိုင်း တို့မှာ ထိခိုက်နစ်နာမှု အများဆုံးဖြစ်သည့်အတွက် နိုင်ငံတော်မှ ထောက်ပံ့ချေးငွေများ ချထားပေးနေရာ MNA လေကြောင်းလိုင်းမှာ ချေးငွေဒေါ်လာ (၂၄) သန်းရရှိခဲ့ပြီးဖြစ်၍ MAI လေကြောင်းလိုင်းအနေဖြင့်လည်း နိုင်ငံတော်က ပံ့ပိုးကူညီချထားပေးမည့် ထောက်ပံ့ချေးငွေများကို ရရှိရန်ကျန်ရှိနေသေးကြောင်း သိရသည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ဖိုးသော်ဇင်