မြန်မာနိုင်ငံ စာရေးဆရာအသင်း အဋ္ဌမအကြိမ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / November 23, 2019
image_latest


ရန်ကုန် နိုဝင်ဘာ ၂၃

 

မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် အသင်းဝင်များ၏ သားသမီးများအား အဋ္ဌမအကြိမ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ပန်းဆိုးတန်းလမ်းရှိ အသင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း) က အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်ချိုချိုတင် (မစန္ဒာ) က ဆုချီးမြှင့်ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ ဂုဏ်ထူး ရရှိအောင်မြင်ခဲ့ကြသည့် အသင်းဝင် များ၏ သားသမီးများနှင့် နှစ်ဘာသာဂုဏ်ထူးရရှိအောင်မြင်ခဲ့သော အသင်းဝင် မအာသာဝတီခင်မြတ်ဘုန်းတို့ကို အသင်း တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ အလှူရှင်များက အလှူငွေများကို လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ဆုရရှိသူများကိုယ်စား သံတွဲမြို့နယ် စာရေးဆရာအသင်းဝင် ဦးအောင်လွင် (ခလေး-သံတွဲ) ၏ သမီးဖြစ်သူ ခြောက်ဘာသာဂုဏ်ထူးရှင် မပန်ဆုမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ အဋ္ဌမအကြိမ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် လေးဦးတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)