မြန်မာနိုင်ငံ ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့မှ လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
မြန်မာနိုင်ငံ ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့မှ လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Ministry of Information/ နေပြည်တော် / June 16, 2020
နေပြည်တော် ဇွန် ၁၆
မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းတို့မှ လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အရည်အသွေးပြည့်ဝ ကောင်းမွန်သော ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်တောက်မှု မရှိစေရေးမှာ အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို နိုင်ငံတော်မှချမှတ် ထားသော လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဝယ်ယူလျက်ရှိပါကြောင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများ အနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပြည်တွင်း၌ ယခုထက် ပိုမိုထုတ်လုပ်စေလိုပါကြောင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများနှင့် မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်မှု၊ တင်သွင်းမှုနှင့် ရောင်းချမှုဆိုင်ရာ ကိစ္စရပ်များအတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲ များနှင့် ပတ်သက်၍ ပွင့်လင်းစွာ ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း။ အဆိုပါလုပ်ငန်းများတွင် ကြန့်ကြာမှုများ မရှိစေရေးအတွက် မွမ်းမံပြင်ဆင်ရန် လိုအပ်သည့် လုပ်ထုံး လုပ်နည်းများကို ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင်၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်သူများ အသင်းမှ အလုပ်အမှုဆောင် ဒေါက်တာခင်ဖြူဖြူ၊ မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက လက်ရှိအခြေအနေတွင် အမှန်တကယ် တွေ့ကြုံနေရသော တင်ဒါလုပ်ငန်း စဉ်များ နှင့်ပတ်သက်သော အခက်အခဲများ၊ ဆေးဝါးဆေး ပစ္စည်းများ ရှားပါးမှုမရှိစေရန် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရှင်းလင်တင်ပြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထင်လင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါး၊ ဆေးပစ္စည်းဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
