မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း စာတမ်းဖတ်ပွဲ ကျင်းပ
မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း စာတမ်းဖတ်ပွဲ ကျင်းပ
Ministry of Information/ ရန်ကုန် / November 02, 2019
ရန်ကုန် နိုဝင်ဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှုးကျင်းပသည့် "မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန် ဆိုခြင်း စာတမ်းဖတ်ပွဲ" အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနစုဝေးခန်းမ ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘာသာပြန် လုပ်ငန်းတွင် စိတ်ဝင်စားသောပညာရပ်ဆိုင်ရာ ပညာရှင်များ၊ စာပေပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာပေနှင့် ပတ်သက်လျှင် စာပေတိုင်း စာပေတိုင်းတွင် ဘာသာပြန်စာပေသည် အရေးကြီးပါကြောင်း၊ မြန်မာစာပေတွင် သာမန်အားဖြင့် မြစေတီ ကျောက်စာမှ စတင်ကာ ပြောလေ့ရှိကြပါကြောင်း၊ အဆိုပါ မြစေတီကျောက်စာသည် ဘာသာလေး မျိုးဖြင့် ရေးထိုးထားခြင်းဖြစ်ရာ မြန်မာစာပေ ကနဦးအစကတည်းကပင် ဘာသာ ပြန်ဆိုခြင်း ပြုလုပ်ခဲ့သည် ဟု ဆိုနိုင်ပါကြောင်း။
ကမ္ဘာကို မြန်မာက သိရှိဖို့၊ မြန်မာကို ကမ္ဘာက သိရှိဖို့ ဆိုပါက ဘာသာပြန် ဆိုခြင်းနှင့် သွားရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာကိုမြန်မာသိဖို့ ကမ္ဘာ့သုတရသစာပေများကို မြန်မာဘာသာသို့ ပြန်ဆိုခြင်းပြု လုပ်ရမည်ဖြစ်ပါကြောင်း။
မြန်မာကို ကမ္ဘာကသိဖို့ဆိုလျှင် မြန်မာအကြောင်းအရာများကို အင်္ဂလိပ်ဘာသာ၊ အခြားနိုင်ငံတကာဘာသာ များသို့ ပြန်ဆိုခြင်းကို အဓိကထားရမည်ဖြစ်ကြောင်း၊ ယခုသည် လက်တွေ့ဆောင်ရွက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဟု ဆိုရမည် ဖြစ်ပါကြောင်း။
ကမ္ဘာကို မြန်မာသိရှိပါက တိုင်းပြည်နှင့် လူမျိုးအသိပညာ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဘယ်သူတွေ ဘာတွေလုပ်ကိုင်နေသလဲ၊ ဘာတွေသိနေ မြင်နေသလဲ၊ ပြောဆိုဆွေးနွေး နေသလဲ အစရှိသည် များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း။
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်းအလုပ်၊ ကမ္ဘာ့စာပေကို မြန်မာဘာသာပြန်ဆိုသည့် အလုပ်ကို တိုးချဲ့လုပ်ကိုင်ရန် လိုပါကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ကမ္ဘာ့ဆောင်ရွက်ချက်များကိုလျင်မြန်စွာ သိရှိနိုင် မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေ မည်ဖြစ်ပါကြောင်း။
မြန်မာကို ကမ္ဘာသိရန် ၊ တိုင်းပြည်၏ဂုဏ်သိက္ခာအတွက် မိမိတိုင်းပြည် ၏ အကြောင်းအရာများကို သူတစ်ပါး သိရှိနိုင်ရန် ကြိုးစားကြရ မည်ဖြစ်ပါကြောင်း၊ မြန်မာ့ရေးရာ၊ မြန်မာ့ကိစ္စများကို အင်္ဂလိပ် ဘာသာဖြင့်ရေးသားပေးနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာကို ကမ္ဘာသိအောင် လုပ်ပေးနိုင်လျှင် နိုင်ငံ၏ ဂုဏ်သိက္ခာ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်သည်ဟုမြင်ပါကြောင်း။
ယနေ့စာတမ်းဖတ်ပွဲသည် မြန်မာကိုကမ္ဘာသိဖို့ ၊ နားလည်ဖို့၊ အထောက် အကူပြုဖို့ ရည်ရွယ်သက် ရောက်စေသည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့၏ တိုင်းပြည် အကြောင်းအရာများ၊ စာပေယဉ် ကျေးမှုများ သူတစ်ပါးသိအောင် လုပ်ပေးခြင်းအားဖြင့် ဂုဏ်သိက္ခာရှိပြီး အများလေးစားခံရသည့် အနေအထားများရောက်ရှိ မည်ကို စဉ်းစားကြည့် လျှင်သိနိုင်ပါကြောင်း။
ယနေ့ ကျင်းပသည့် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်း စာတမ်းဖတ်ပွဲမှစတင်၍ ဘာသာပြန် ဆိုသည့်လုပ်ငန်း ပိုမိုတိုးတက် ဆောင်ရွက်နိုင်ကြပါစေ၊ ဘာသာပြန်မှုနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ သည် လည်း ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဘာသာပြန်လုပ်ငန်းသည် ယခုမှစတင် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ရှေးယခင် နှစ်များစွာကတည်းက အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်မတန်အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ် သည်ဆိုတာကို အလေးအနက် ထားတင်ပြလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာန တိုင်းရင်းသားဘာသာစကား ဦးစီးဌာနက အင်္ဂလိပ်-မြန်မာ ၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို ပြုစုနေပါကြောင်း။
ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမ များအတွက် အထောက် အကူပြုစေ နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့သည် မြန်မာဘာသာစကား တစ်ခုတည်းကို အားပေး နေခြင်းမဟုတ်ဘဲ တိုင်းရင်သားပေါင်းစုံ၏ ဘာသာ စကားများကိုလည်း အားပေးလျှက် ရှိပါကြောင်း ပြောကြားသည်။
နံနက်ပိုင်း စာတမ်းဖတ်ပွဲတွင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) နှင့် ဒေါက်တာကျော်ဝင်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ပြီး ဒေါက်တာ အောင်ကြီး က “မဲဇာတောင်ခြေ ရတုအင်္ဂလိပ် ဘာသာပြန် ဆိုချက်များကို နှိုင်းယှဉ်လေ့လာခြင်း” စာတမ်းကို လည်းကောင်း၊ ဒေါက်တာဇော်ထွန်းက “ချိုမြမြ ပျားရည်စက်ကို The Sweet Honey Drop အဖြစ်ခံစားခြင်း” စာတမ်းကို လည်းကောင်း ဖတ်ကြားသည်။
စာတမ်းဖတ်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က သဘာပတိများဖြစ်သည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒေါက်တာကျော်ဝင်း ၊ စာတမ်းရှင်များဖြစ်သည့် ဒေါက်တာအောင်ကြီး နှင့် ဒေါက်တာဇော်ထွန်း တို့ကို ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
စာတမ်းဖတ်ပွဲကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာဇော်ထွန်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ပြီး စာတမ်းရှင် ဒေါက်တာမြင့်ဇံက “ဥပဒေဆိုင်ရာ အသုံးအနှုန်းအယူ အဆများကို မြန်မာမှ အင်္ဂလိပ်ဘာသာ ပြန်ဆိုမှု စိုးစဉ်းမျှတစေ့တစောင်း” စာတမ်းကိုလည်းကောင်း၊ စာတမ်းရှင် ဦးမောင်လှိုင်က “မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ရေးနှင့် မျိုးဆက်သစ်တို့၏ အခန်းကဏ္ဍ” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေး နွေးကြရာ စာတမ်းရှင် များက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
မွန်းလွဲပိုင်းစာတမ်းဖတ်ပွဲအပြီးတွင် မြန်မာရေးရာလေ့လာရေးအဖွဲ့ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်က သဘာပတိနှင့် စာတမ်းရှင်များကို မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
စာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၃ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံကမျှဝေဆောင်ရွက်လိုသည့် သတင်းအချက်အလက်များနှင့် အသိပညာ၊ ဗဟုသုတများကို အင်္ဂလိပ်ဘာသာ ပြန်ဆို၍ ကမ္ဘာတစ်ဝန်း ဖြန့်ဝေနိုင်ရေးအတွက် ဘာသာပြန်ဆိုသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာဘာသာမှ နိုင်ငံခြားဘာသာသို့ ပြန်ဆိုခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများ မျှဝေဆောင်ရွက်နိုင်ရန်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများနှင့် သဘာဝရှုခင်း ရှုကွက်များ၊ အထင်ကရနေရာများ နှင့်ပတ်သက်၍ နိုင်ငံတကာမှ ပိုမို နားလည်သဘောပေါက်လာစေရန်၊ အရည်အသွေးမြင့်မားသော ဘာသာ ပြန်စာပေများထွက်ပေါ် လာစေရန်နှင့် ဘာသာပြန်ကျွမ်းကျင်သူများစုပေါင်း၍ ဘာသာပြန်အသင်း တစ်သင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ ဘာသာပြန် လုပ်ငန်းကိုမျိုး ဆက်သစ်လူငယ်များ စိတ်ဝင်စားပါဝင်လာစေရန်တို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)
