မြန်မာအမျိုးသားလေကြောင်းလိုင်းအတွက် ၁၁ စင်းမြောက် ATR 72-600 AMS လေယာဉ်သစ်ရောက်ရှိ
မြန်မာအမျိုးသားလေကြောင်းလိုင်းအတွက် ၁၁ စင်းမြောက် ATR 72-600 AMS လေယာဉ်သစ်ရောက်ရှိ
Ministry of Information/ နေပြည်တော် / October 08, 2019
ရန်ကုန် အောက်တိုဘာ ၇
မြန်မာအမျိုးသား လေကြောင်းလိုင်းခရီးစဉ်များတွင် ပျံသန်းရန် ပြင်သစ် နိုင်ငံ ATR ကုမ္ပဏီမှ ထုတ်လုပ်သည့် ATR 72-600, XY-AMS လေယာဉ်အသစ်သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ လေယာဉ်သည် အမေရိကန်နိုင်ငံ GECAS ကုမ္ပဏီမှ မြန်မာ အမျိုးသားလေကြောင်းသို့ ငှားရမ်းသည့် ၁၁ စင်းမြောက် ATR 72-600 Series နောက်ဆုံးပေါ်အမျိုးအစား လေယာဉ်သစ်ဖြစ်ပြီး မကြာမီ မြန်မာအမျိုးသား လေကြောင်း၏ လက်ရှိပျံသန်းလျက်ရှိသော ပြည် တွင်း၊ ပြည်ပခရီးစဉ်များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်း လိုင်းသည် ပြင်သစ်နိုင်ငံ ATR ကုမ္ပဏီ မှ ATR 72-600 လေယာဉ်အသစ် ခြောက်စင်း ဝယ်ယူသည့်အတွက် (MRO) အကြီးစားအလုပ်ရုံထူထောင်ခြင်းကို ကူညီပံ့ပိုးမှုရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ဆန်းမှ စတင်အကောင် အထည်ဖော်ခဲ့ရာ သုံးနှစ်ခန့်အကြာ ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် (EASA) အသိမှတ်ပြုလက်မှတ် ရရှိခဲ့ သည်။
ယခင်က ATR လေယာဉ်များ 8 year check အပါအဝင် အကြီးစား စစ်ဆေးပြင်ဆင်မှုများကို စင်ကာပူနိုင်ငံတွင် ပြုလုပ်မည်ဆိုပါက ၂ဝဝ၇ ခုနှစ်က ထုတ်လုပ်သည့် ATR လေယာဉ် တစ်စင်းအတွက် အမေရိကန် ဒေါ်လာ ခုနစ်သိန်းကျော်၊ ၂ဝ၁ဝ ပြည့်နှစ်က ထုတ်လုပ်သည့် ATR လေယာဉ် တစ်စင်းအတွက် အမေရိကန်ဒေါ်လာ လေးသိန်းကျော်၊ ၂ဝ၁၂ ခုနှစ်ထုတ် ATR လေယာဉ်တစ်စင်းအတွက် မလေးရှားတွင် စစ်ဆေးပြင်ဆင်ခြင်း ပြုလုပ်ပါက အမေရိကန်ဒေါ်လာ ငါးသိန်းကျော် ကုန်ကျမည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် အကြီး စား စစ်ဆေးပြင်ဆင်မှု ဆောင်ရွက် ပါက အမေရိကန်ဒေါ်လာ တစ်သိန်း ကျော် သာ ကုန်ကျတော့ မည်ဖြစ်သည့် အတွက် ကုန်ကျစရိတ်များစွာ သက်သာသွား မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်
