မြန်မာ့ဆန်စပါးကဏ္ဍအတွက် MRF Rice Portal Mobile Application စတင်အသုံးပြုနိုင်ပြီ
မြန်မာ့ဆန်စပါးကဏ္ဍအတွက် MRF Rice Portal Mobile Application စတင်အသုံးပြုနိုင်ပြီ
Ministry of Information/ Naypyitaw / January 10, 2021
ရန်ကုန် ဇန်နဝါရီ ၉
မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍတွင် ပါဝင်သော တောင်သူများ၊ လုပ်ငန်းရှင်များ တစ်ဦးနှင့်တစ်ဦး အချင်းချင်းချိတ်ဆက် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖန်တီးရေးသားထား သော MRF Rice Portal Mobile Application ကို စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ထံမှ သိရသည်။
“ ဒီ Portal မှာက မျိုးစေ့ရောင်းသူနဲ့ ဝယ်သူအတွက် လုပ်ပေးထားတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်တဲ့အတွက် အရောင်းအဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေအတွက် သတင်း အချက်အလက်တွေရမယ်။ ထုတ်လုပ်မှု၊ ရောင်းချမှု၊ လိုအပ်မှုအပေါ်မှာ ဆက်သွယ်လို့ရမယ်။ ဒီအတွက် ရည်ရွယ်ပြီးလုပ်ပေးထားတာပါ” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။
နိုင်ငံတကာတွင် သတင်းအချက်အလက် နည်းပညာ ကို အသုံးပြုကာ ဆောင်ရွက်သော လယ်ယာစိုက်ပျိုးရေး နှင့် လယ်ယာစီးပွားရေးလုပ်ငန်းများ အားကောင်းလာ လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များနှင့် ဆန်ရောင်းဝယ်ရေး ကုမ္ပဏီများ၊ ပြည်ပမှ ဝယ်ယူချင်သူများ၊ စိတ်ပါဝင်စား သူများအတွက် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အွန်လိုင်းမှ ထူထောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် Welthungerhilfe– WHH အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် MRF Rice Portal Mobile Application ကို ဝန်ဆောင်မှုအခမဲ့ ဖြင့် အသုံးပြုနိုင်ပြီး လက်ရှိတွင် မျိုးစေ့ရောင်းဝယ်ရေး တစ်ခုတည်းကိုသာ ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ နောက်ပိုင်းတွင် ဆန်၊ ဆန်ကွဲ၊ စက်ပစ္စည်းများ၊ နည်းပညာ ရောင်းချမှုများစသော ဝန်ဆောင်မှုများကိုပါ ထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆန်စပါးကဏ္ဍကို ဒစ်ဂျစ်တယ်နည်းပညာပိုင်း ပြောင်းလဲဆောင်ရွက်မှုအဖြစ် နည်းပညာအသုံးပြုနိုင်ရန် ဆန်စက်ပိုင်ရှင်များ၊ ကုမ္ပဏီများ၊ တောင်သူလယ်သမား များအား အသိပညာဖြန့်ဝေမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွင် အသင်းဝင် တောင်သူ လယ်သမားပေါင်း တစ်သောင်းကျော်ပါဝင်ကြောင်း သိရ သည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် နောက်ပိုင်းတွင် မျိုးစေ့များကို ပြည်တွင်းလိုအပ်ချက် သာမက ပြည်ပတင်ပို့ရောင်းချနိုင်ရေးအတွက်ပါ စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
