မြန်မာ့ပုလဲ ပြသရောင်းချပွဲ ( ဒီဇင်ဘာ ၂၀၁၉ ) ကျင်းပ ရောင်းချပွဲ ပထမနေ့ တွင် ယူရိုငွေ (၅၉၃၉၉၀) တန်ဖိုးရှိ နိုင်ငံပိုင် ပုလဲအတွဲ (၁၀၀) ရောင်းချနိုင်ခဲ့
မြန်မာ့ပုလဲ ပြသရောင်းချပွဲ ( ဒီဇင်ဘာ ၂၀၁၉ ) ကျင်းပ ရောင်းချပွဲ ပထမနေ့ တွင် ယူရိုငွေ (၅၉၃၉၉၀) တန်ဖိုးရှိ နိုင်ငံပိုင် ပုလဲအတွဲ (၁၀၀) ရောင်းချနိုင်ခဲ့
Ministry of Information/ နေပြည်တော် / December 11, 2019
နေပြည်တော် ဒီဇင်ဘာ ၁၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းက ကြီးမှူးကျင်းပသည့် မြန်မာ့ပုလဲ ပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) Myanmar Pearl Auction ( December – 2019 ) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၌ ကျင်းပရာ ပြည်တွင်း ပြည်ပ ပုလဲရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက် ၁၀ နာရီခွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တာဝန်ရှိသူများနှင့် အတူ မြန်မာ့ပုလဲ ခင်းကျင်းပြသ ရောင်းချနေမှုများကို လှည့်လည်ကြည့်ရှု သည်။
အဆိုပါပြပွဲ၌ နိုင်ငံပိုင်ပုလဲအတွဲ ၂၇၀ တွဲ နှင့် မြန်မာအန်ဒါမန်ပါးလ် ကုမ္ပဏီမှ ၈၅ တွဲ၊ ပြည်ဖြိုးထွန်းကုမ္ပဏီမှ ၃၀ တွဲ၊ အဏ္ဏဝါပုလဲကုမ္ပဏီမှ ၃၀ တွဲ စုစုပေါင်း ၄၁၅ တွဲကို ပြသရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၁၁) ရက်တွင် အတွဲအမှတ်(၁)မှ အတွဲအမှတ် (၁၀၀) ထိကိုလည်း ကောင်း၊ ဒီဇင်ဘာ (၁၂)တွင် အတွဲအမှတ်(၁၀၁) မှ (၃၀၅) ထိကိုလည်းကောင်း၊ ဒီဇင်ဘာ (၁၃) ရက်တွင် အတွဲအမှတ် (၃၀၆) မှ အတွဲအမှတ် (၄၁၅) ထိကိုလည်းကောင်း ကြမ်းခင်းဈေး ယူရိုငွေ ၁ ဒသမ ၉၅ သန်းဖြင့် ပြသရောင်းချသွား မည်ဖြစ်သည်။
ပြည်တွင်းပုလဲကုန်သည်များကို ယူရိုငွေနှင့် ညီမျှသည့် မြန်မာကျပ်ငွေဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး ပြည်ပပုလဲကုန်သည် များကို ယူရိုငွေဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ ပုလဲရောင်းချပွဲသို့ တက်ရောက်ဝယ်ယူ ကြမည့် ပြည်တွင်းပုလဲ ကုန်သည် များအနေဖြင့် အာမခံတင်ဒါစပေါ် မြန်မာကျပ်ငွေ နှစ်ဆယ့်ငါးသိန်း ကြိုတင်ပေးသွင်းကြရမည်ဖြစ်ပြီး ပြည်ပကုန်သည်များ အနေဖြင့် ယူရိုငွေ နှစ်ထောင် ကြိုတင်ပေးသွင်း ကြရမည်ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သူ ပုလဲကုန်သည်များသည် တင်ဒါ အောင်မြင်သော ပုလဲအတွဲတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးသွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ တွင် ယူရိုငွေ (၅၉၃၉၉၀) တန်ဖိုးရှိ နိုင်ငံပိုင်မြန်မာ့ပုလဲ အတွဲ (၁၀၀) တွဲ ရောင်းချခဲ့ရသည်။
(သတင်းစဉ်)
