မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ အနုပညာရှင်များ ပူးပေါင်းပြီး တေးဂီတဖျော်ဖြေပွဲ ကျင်းပ


Ministry of Information/ ​နေပြည်တော် / February 20, 2020
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၀

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်း နှင့် ဂျပန်နိုင်ငံမှ အနုပညာရှင်များ ပူးပေါင်းပြီး "Myanmar National Symphony Orchestra Concerts 2020" တေးဂီတ ဖျော်ဖြေပွဲကို ယနေ့ ညပိုင်းက ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။

တေးဂီတဖျော်ဖြေပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံဆိုင်ရာ  ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမ နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် တေးဂီတ ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ဂျပန်နိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto (Conductor & Composer) ဦးဆောင်သည့် ဂျပန်အနုပညာရှင်များ ပူးပေါင်းကာ အနောက်တိုင်းမြူးဇစ်၊ မြန်မာဂန္ဓဝင် သီချင်းနှင့် အနောက်တိုင်းသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

ယနေ့ ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် နေပြည်တော် MICC-II ၌ ညနေ ၆ နာရီမှ ည ၈ နာရီအထိ ဖျော်ဖြေတင်ဆက်မည်ဖြစ်ရာ အဆိုပါ ထူးခြားသည့် ဂန္ထဝင်ဂီတ ဆည်းဆာ ဖျော်ဖြေပွဲကို မည်သူမဆို အခမဲ့လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-လှမိုး)