ရေတာရှည်မြို့နယ်အတွင်း ပညာရေးနှင့် ကျန်းမာရေးဌာနများအတွက် စက်ဘီး ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ
ရေတာရှည်မြို့နယ်အတွင်း ပညာရေးနှင့် ကျန်းမာရေးဌာနများအတွက် စက်ဘီး ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Ministry of Information/ ပဲခူး / August 01, 2020
ရေတာရှည် ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပညာရေးနှင့်ကျန်းမာရေးဌာနတို့အတွက် စက်ဘီးများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး Lesswalk Organizationsမှ ရေတာရှည်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းထံလှူဒါန်းပေးသည့် စက်ဘီးများကို ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် Lesswalk Organizations မှ တာဝန်ရှိသူများက ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအသုံးပြုနိုင်ရန်အတွက် စက်ဘီး(၂၅၀)စီးနှင့် ကျန်းမာရေးဌာနမှ သူနာပြုဆရာမများ အသုံးပြုနိုင်ရန်အတွက် စက်ဘီး(၁၀၀)စီး စုစုပေါင်း စက်ဘီးအစီးရေ (၃၅၀)စီးတို့အား ပေးအပ်လှူဒါန်းကြကြောင်းသိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဟိန်းထက်(ခရိုင်ပြန်/ဆက်)
