လာဘကထာ
လာဘကထာ
Ministry of Information/ နေပြည်တော် / June 26, 2020
"လောဘ"ကို “လိုချင်မှု”ဟူ၍ ဟော၏။ သို့ရာတွင် လိုချင်မှုဆိုသည်တိုင်းလည်း လောဘမဟုတ်။ တရားဓမ္မကို လိုချင်မှု၊ ပညာကို လိုချင်မှု၊ အများအကျိုးပြုရန်အလို့ငှာ ဓနဥစ္စာတို့ကို လိုချင်မှုမျိုး တို့မှာမူ လောဘမဟုတ်၊ ဆန္ဒသာဖြစ်သည်။ လောဘဟူ၍ ဆိုအပ်သည့် လိုချင်မှုမျိုးမှာမူ တမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊ တပ်မက် တွယ်တာစွာ လိုချင်မှုမျိုးဖြစ်သည်။
လောဘက လိုချင်သည်ဟုဆိုရာတွင် မျက်စိဖြင့် မြင်ရသည့် အဆင်း၊ နားဖြင့်ကြားရသည့်အသံ၊ နှာခေါင်းဖြင့် ရှူရှိုက်ရသည့် အနံ့၊ လျှာဖြင့်ခံစားရသည့် ရသာ၊ ကိုယ်ဖြင့်ထိတွေ့ရသည့် အတွေ့ ဟူသော ကာမဂုဏ်အာရုံတို့ကို သာမန်လိုချင်ရုံမျှမဟုတ်ဘဲ ထမင်းဆာ ရေငတ်သကဲ့သို့ ကတ်ကတ်သတ်သတ် ငတ်မွတ်တွယ်တာစွာ လိုချင်ခြင်းဖြစ်သည်။ လောဘသမားသည် သူလိုချင်သည့်အရာကို ရပြီးသည့်အခါတွင်လည်း မည်သည့်အခါတွင်မှ ရောင့်ရဲတင်းတိမ် ခြင်းမရှိ။ မည်သည့်အခါတွင်မျှ ပြီးပြည့်စုံသွားခြင်းမရှိ။ နောက်ထပ်နောက်ထပ်အာရုံသစ်များကို အမြဲရှာဖွေနေပြန်သည်။ လောဘက ထိပ်ကပ်နေသည့်အခါ မိမိလိုချင်သည့် အရာမှန်သမျှကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ကျင့်ဝတ်နှင့် ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ အရှက်အကြောက်ကင်းမဲ့စွာဖြင့် ရယူကြသည်။ မတော် မတရားပြုရမည်ကို လည်းကောင်း၊ မမှန်မကန်ပြုရမည်ကို လည်းကောင်း ရှက်ခြင်း၊ ကြောက်ခြင်းတို့သည် လောဘသမားတွင် လုံးဝ မရှိတော့။ လောဘသမားတွင် ကာမဂုဏ်ကို ကပ်ငြိတပ်မက်သည့် လောဘအပြင် လွဲမှားစွာ ထင်မြင်ယူဆခြင်းဟူသည့် ဒိဋ္ဌိနှင့် ထောင်လွှားဝင့်ကြွားသည့် မာနတို့ကလည်း တစ်ပါတည်း ကပ်ပါနေပြီဖြစ်ရာ ငါလုပ်သည်မှာ အမှန်၊ ငါနှင့်ထိုက်၍ ငါရသည်၊ ငါမှသာ တတ်နိုင်သည်ဟူသော အတွေးတို့က ထိုသူ၏ သန္တဝန်ကို လွှမ်းမိုးနေပြီဖြစ်သည်။
လောဘသမား ဈေးသည်ဖြစ်လျှင် ပစ္စည်းမမှန်၊ အလေးချိန်ခွင် မမှန်ရောင်းချတော့မည်။ လောဘသမားကုန်သည်ဖြစ်လျှင် အမြတ်ကြီးကြီးရမည်ဆိုပါက လူ၊ လက်နက်၊ မူးယစ်ဆေးဝါး တို့ကိုပင် ကုန်စည်အဖြစ် ရောင်းဝယ်ကြမည်။ လောဘသမားလုပ်ငန်းရှင်ဖြစ်ပါက မမှန်မကန် ကုန်ပစ္စည်းတို့ကို ထုတ်လုပ်ကြမည်။ လောဘသမား ဝန်ထမ်းဖြစ်ပါက ရာထူးကိုအကြောင်းပြု၍ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ အကျင့်ပျက်အဂတိလိုက်စားကြမည်။ အလိုလောဘ ကြီးသူတို့က လောကကြီးကို တစ်ဖက်စောင်းနင်းဖြစ်အောင်၊ မမျှမတဖြစ်အောင်ပြုလုပ်နေကြ သည့် သဘောပင်ဖြစ်သည်။ စင်စစ်အားဖြင့် လောဘသည် အကုသိုလ်စေတသိက် ၁၄ ပါးတွင် ထိပ်ဆုံး ကပါသည့် အကုသလဓမ္မအစစ်ဖြစ်သည်။ မကောင်းမျိုးအစစ် ပါပဇာတိဖြစ်၍ စိတ်ကိုပူလောင်ဆင်းရဲစေသလို ငရဲသို့လည်း ကျစေတတ်သည်။ လောဘနှင့်သေသူတို့မှာ ပြိတ္တာဘဝသို့ လားရာဂတိ ဖြစ်ကြသည်။
ကုသိုလ်အထောက်အပံ့မရှိသရွေ့မူလောဘသေးသေးသည်ပင် အပါယ်သို့ ဆွဲချနိုင်သည့် သတ္တိရှိသည်။ မိမိတို့၏ စိတ်သန္တာန်မှလောဘအညစ်အကြေးကို သန့်စင်စေရန်မှာ အလောဘ ခေါ် လိုချင်တပ်မက်မှုမရှိသည့် စိတ်ကိုမွေးမြူကျင့်ကြံ ကြရမည်ဖြစ်သည်။ ပစ္စည်းဥစ္စာ ဓနရှာဖွေခြင်း၊ ဝမ်းစာရှာဖွေခြင်းတို့သည် လူသားတိုင်း မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်သော်လည်း လောဘဦးစီး၊ ဒိဋ္ဌိမာနအခြံအရံဖြင့် မလုပ်မိကြဖို့က လိုရင်းဖြစ်သည်။ လောဘ တရားတို့ပါး၍ အဂတိတို့ဆိတ်သုဉ်းသည်နှင့်အမျှ လူ့ဘောင်လောက ပို၍ ပို၍လှပလာမည်သာ ဖြစ်သည်ဟူ၍ အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း။ ။
