လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့ လူမှုအကျိုးပြုရန်အတွက် အလှူငွေများပေးအပ်
လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့ လူမှုအကျိုးပြုရန်အတွက် အလှူငွေများပေးအပ်
Ministry of Information/ နေပြည်တော် / December 16, 2019
ရန်ကုန် ဒီဇင်ဘာ ၁၅
လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့ နှစ်ပတ်လည်သင်းလုံးကျွတ်ညီလာခံနှင့် ညစာစားပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ Sule Shangri-La Hotel ၌ ပြုလုပ်ရာ မျိုးဆက်သစ်လူရည်ချွန်များအား ဆုချီးမြှင့်ပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ညီလာခံတွင် လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး တင်စိုး (ငြိမ်း)က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၉ ခုနှစ်-တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံးတွင် ရမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မျိုးဆက်သစ်လူရည်ချွန် ၁၁ ဦးအား အဖွဲ့၏ ရာသက်ပန်နာယကကြီး ဒေါက်တာသန်းဦး၊ ဝန်ကြီး ဒေါက်တာစိုးသန်း၊ နာယက ပါမောက္ခ ဒေါက်တာ ဖေသက်ခင်နှင့် ဥက္ကဋ္ဌဗိုလ်မှူးကြီး တင်စိုး (ငြိမ်း) တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် လူရည်ချွန်(၁၉၆၄ - ၁၉၈၈) အဖွဲ့၏ ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍ၊ ပရဟိတဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းကြ ညရာ KBZ Insurance အာမခံလုပ်ငန်း နာယကကြီး ဦးအောင်ကိုဝင်း၏ကိုယ်စား လူရည်ချွန် များဖြစ်ကြသည့် ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်နှင့် ဒေါက်တာ နန်းခင်မေဖူးတို့က ကျန်းမာရေးနှင့် ပညာရေး ရန်ပုံငွေအတွက် ငွေကျပ်သိန်း ၂၀၀၊ လူရည်ချွန် ဦးမောင်မောင်ဝေနှင့် ဇနီး ဒေါ်ခင်မာဝေတို့က လူရည်ချွန်အခမဲ့ဆေးခန်းအတွက် ကျန်းမာရေး ရန်ပုံငွေကျပ် ၁၀ သိန်း၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်သိန်းက ကျန်းမာရေးရန်ပုံငွေအတွက် ငွေကျပ် ငါးသိန်း အသီးသီးပေးအပ်လှူဒါန်းကြရာ အဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့အလင်း
