ဝါ ဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ နေပြည်တော် ထာဝရငြိမ်းချမ်းရေး စေတီတော် အပါအဝင် ဘုရားစေတီပုထိုးများ၌ ဘုရားဖူးလာပြည်သူများ လာရောက် ဖူးမြော် ကြည်ညို


Ministry of Information/ ​နေပြည်တော် / August 03, 2020
image_latest


နေပြည်တော် ဩဂုတ် ၃

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်  ဂေါတမဘုရားလောင်း ပဋိသန္ဓေ တည်သောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရား စတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသော နေ့၊ တရားရတနာ စတင်ပေါ်ပေါက်သောနေ့၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ ''ဧဟိဘိက္ခု''ဟူသော စကားကို စတင်ကြားရသောနေ့တို့ဖြင့် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။ 

ဝါဆိုလပြည့်နေ့ကို  ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့တွင် မြတ်စွာဘုရားရှင်က ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူသည်ကို အကြောင်း ပြု၍ သတ်မှတ်ကြခြင်းဖြစ်ကြောင်း သိရသည်။       

မြတ်စွာဘုရားရှင်သည်  ဓမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီ ပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင် လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးပါးတို့အား ဘုရားအဖြစ်ကို  ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့သည်။ ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါးတရားတော်ကို    ညွှန်းဆို ဟောကြား သော  ဒေသနာဖြစ်၍  ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု  ဆိုထိုက်သည်။ ဓမ္မစကြာ တရားတော်၏ လမ်းစဉ်မှာ အစွန်းနှစ်ခုကို    ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ အလယ်အ လတ် လမ်းစဉ်မှန်ကို  ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားတော်ကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရား ကို တွေ့မြင်နိုင်သည်။ 

 

ဤကဲ့သို့  အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြ သည်။  ထို့ပြင်  အမြို့မြို့ အနယ်နယ်၌   ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။ 

ယနေ့သည် ဗုဒ္ဓဘာသာနေ့ထူးနေမြတ်ဖြစ်သကဲ့သို့ ဗုဒ္ဓဘုရားရှင်၏ တရားဦး ဓမ္မစကြာ ဟောကြားသည့် အဘိဓမ္မာအခါတော်အခါတော်နေ့ ဖြစ်သည့်အတွက် နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ  လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိ ကြ သည်။

ယနေ့နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် အများပြည်သူများ လာရောက်ဘုရားဖူးမြော်ကြည်ညိုပြီး ကုသိုလ်ယူလျက်ရှိကြသည်။

အလားတူ နေပြည်တော် လက်လုပ်တောင်ရွှေနန်းသွင်းစေတီတော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့ ဖောင်တော်ချက်မ စေတီတော်၊ ပျဉ်းမ နားဘုရား ကိုးဆူစေတီတော်၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊  ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် လာရောက်ဖူးမြော်ကြည် ညို ကုသိုလ်ယူလျက်ရှိကြပြီး ဥပုသ်သီလစောင့်တည်ကြသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီး ကျောင်း များ၊ ဓမ္မရိပ်သာများနှင့် ဓမ္မာရုံများတွင်လည်း အသင်းအဖွဲ့ အလိုက်၊ မိသားစု အလိုက်နှင့် တစ်ဦးချင်း  ဝါဆိုသင်္ကန်း ကပ်လှူခြင်း ၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘဝနာ ပွားများခြင်းတို့ဖြင့် ကုသိုလ်ယူလျက် ရှိကြသည်။

ဝါဆိုလပြည့်နေ့နှင့် အများပြည်သူရုံးပိတ်ရက်များ တဆက်တစပ်တည်း လေးရက် တာ နားရက်ရရှိသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများအနေဖြင့် နေပြည်တော်တစ်ခွင်ရှိ ဘုရားစေတီပုထိုးများသို့ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြ သည်။

ထို့အပြင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး တလျှောက်တွင်လည်း အနယ် နယ်အရပ်ရပ်သို့ ဘုရားဖူးနှင့် အပန်းဖြေခရီးသွားရောက်ကြသည့် ပြည်သူများ သွားလာ နေကြသည့်အတွက်  ခရီးသွားကားများဖြင့် စည်ကားများပြားလျက်ရှိသည်။

အလားတူ ယနေ့တွင် ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းရှိ အများပြည်သူတို့သည်   ရပ်ကွက်၊ လမ်းများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊    ဝါဆိုသင်္ကန်း နှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ကြခြင်း၊  အလှူဒါနပြုခြင်း၊ မိမိတို့၏ ရပ်ရွာဘုန်း တော်ကြီးကျောင်းများ၌ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြု ကုသိုလ်ယူခြင်း၊ သီလဆောက်တည်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြပြီး သူငယ်ချင်း မိတ်ဆွေများ ၊ ခင်မင်ရာ အပေါင်းအသင်းများဖြင့်   ပန်းခြံများ၊ ဥယျာဉ်များတွင် အပန်း ဖြေ အနားယူခြင်းများ ဆောင်ရွက်ကြကြောင်း သိရှိရသည်။

 (သတင်းစဉ်)