သဘာဝဘေးအန္တရာယ်ကိုလည်း သတိမူ


Ministry of Information/ Naypyitaw / February 28, 2021
image_latest


မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပြည်သူများ ဆိုးရွားစွာထိခိုက်ခံစား ခဲ့ကြရသည် ကို မမေ့မလျော့ရှိနေကြရမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း သဘာဝ ဘေးဖြစ်စဉ်မှစ၍ သဘာဝဘေးအမျိုးမျိုးတို့၏ ဆိုးကျိုးများကို ကြုံတွေ့ခဲ့ကြရပြီးဖြစ်ပေသည်။ အကြီးမားဆုံး နာဂစ်မုန်တိုင်းဘေးကြောင့် ဧရာဝတီတိုင်း ဒေသကြီးမှ အခြေခံပြည်သူများ၏ ဒုက္ခဆင်းရဲများ ကို ယနေ့ထက်တိုင် တွေ့မြင် နိုင်သေးသည်။ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဖြစ်စဉ်ကြောင့် ပြည်သူတစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ယနေ့ကာလတွင် လာနီညာဖြစ်စဉ်ကြောင့် အအေးပိုက်သည့်ဖြစ်စဉ် ဖြစ်ပွားလျက် ရှိရာ အမေရိကန်နိုင်ငံတွင် အအေးလွန်ကဲမှုကြောင့် ပြည်သူ ၄၀ ကျော် အသက်သေဆုံးခဲ့ရသလို အခြားနိုင်ငံများတွင်လည်း အသက် သေဆုံးမှုများရှိသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များက သဘာဝဘေးဖြစ်စဉ် များဖြစ်သည့် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းဖြစ်စဉ်များကြောင့် တိုင်းရင်းသား ပြည်သူများ၏ အသက်ပေါင်းရာချီ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ယနေ့ကာလတွင် မီးလောင်မှု၊ ငလျင်လှုပ်မှု၊ လေပြင်းတိုက်ခတ်မှုဖြစ်စဉ်များ ကြုံတွေ့ နေရသည်။ မြန်မာနိုင်ငံအနေဖြင့် ငလျင်ဘေးအန္တရာယ်ကို သတိပြုရမည် ဖြစ်ကြောင်း ပညာရှင်များက ကြိုတင်သတိပေးထားသည်။ ပျက်စီးဆုံးရှုံးမှုရှိသည့် ငလျင်လှုပ်မှု ဖြစ်စဉ်များကိုလည်း မြင်တွေ့နေရသည်။ သဘာဝဘေးများ ပိုမိုဖြစ်ပေါ်လာရခြင်းသည် လူသားများ ဖန်တီးမှုကြောင့်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော အကြောင်း အမျိုးမျိုးတို့ကို ပြုလုပ်ခဲ့ကြသောကြောင့်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်း၊ သစ်တောများ ပြုန်းတီးခြင်းတို့သည် ရာသီဥတုပြောင်းလဲစေသောအချက်များဖြစ်သည်။ မြန်မာနိုင်ငံတွင် သစ်တောများပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၂၆ ရက်တွင် အသိပေးပြောကြား ထားသည်။ သစ်တောပြုန်းတီးမှုအချို့မှာ စိုက်ပျိုးရေးလုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရန် နေရာအတွက် ခုတ်ထွင်ခြင်း၊ တောင်ယာစိုက်ပျိုးနိုင်ရန်အတွက် ခုတ်ထွင်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းနှင့် တရားမဝင်သစ်ခိုးထုတ် ရောင်းချမှုများသည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးသော အကြောင်းအချက်များဖြစ်သည်။ ကျေးရွာများ၌ သစ်သုံးစွဲမှု၊ ထင်းသုံးစွဲမှုတို့ကိုတွက်ချက်ပြီး ကျေးရွာပိုင် ထင်းစိုက်ခင်းများကို မဖြစ်မနေစိုက်ပျိုးရန်အတွက် စနစ်တကျဆောင်ရွက်သွားရန်၊ သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ လည်း နိုင်ငံအတွက် လိုအပ်ချက်ကိုသာ ထုတ်လုပ် ရမည်ဖြစ်ပြီး တစ်ဖက်ကလည်း သစ်တော ထိန်းသိမ်းရေးမူဝါဒကိုချမှတ်ကာ ဆောင် ရွက်ရမည်။ သစ်တောထိန်းသိမ်းမှုနှင့်ပတ်သက်ပြီး မိမိတို့စနစ်တကျ ထိန်းသိမ်းနိုင်မှသာလျှင် ကောင်းမွန်သည့် အကျိုးဆက်ကို နောင်မျိုးဆက်များ ခံစားရမည်ဖြစ်သည့်အတွက် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ကို မဖြစ်မနေဆောင်ရွက်ရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြား ထားသည်။ ကမ္ဘာပေါ်တွင် ပြင်းထန်သော မိုးလေဝသအခြေအနေနှင့် ရာသီဥတုပြောင်းလဲမှု တို့ကြောင့် နှစ်စဉ် နေရပ်စွန့်ခွာရသည့်ပြည်သူအရေအတွက်သည် ပဋိပက္ခဖြစ်ပွား မှုများကြောင့် နေရပ်စွန့်ခွာရသည့်အရေအတွက်ထက် သုံးဆရှိသည်။ နေရပ်စွန့်ခွာ ရသူအများစုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများမှဖြစ်ကြပြီး ယင်းတို့အနက် ၈၁ ရာခိုင်နှုန်းမှာ အာရှဒေသမှဖြစ်သည်။ အစွန်းရောက် မိုးလေဝသအခြေအနေနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် မိမိတို့၏နေအိမ်နှင့် မြေယာများကို စွန့်ခွာသွားရသူများအတွက် စနစ်တကျ ပြန်လည်နေရာချထားရေးသည် မဖြစ်မနေ လိုအပ်လာသည်။ ယင်းသည် လူ့အခွင့်အရေးကို ရရှိခံစားနိုင်ရေးအတွက်လည်းကောင်း၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုသည့် ပိုမိုကျယ်ပြန့်သည့် စိုးရိမ်ပူပန်စရာအတွက်လည်းကောင်း အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လတ်တလောနှင့် အနာဂတ်အတွက် ရာသီဥတု ပြောင်းလဲမှု တို့ကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကို မျှော်မှန်းတွက်ဆလျက် နိုင်ငံတော်အတွင်းရှိ မြေများကို စနစ်တကျလျာထားပြီး အကျိုးရှိစွာအသုံးပြုနိုင်အောင် စီမံဆောင်ရွက် ရမည်ဖြစ်သည်။ စိုက်ပျိုးမြေများ၊ သစ်တောမြေများကို စနစ်တကျ ထူထောင်ပြီး ရွှေ့ပြောင်း နေထိုင်ရမည့်သူများကို စနစ်တကျနေရာချထား ပေးကာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် သဘာဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် သက်ဆိုင်ရာ ဌာနများသာမက ပြည်သူ အားလုံးတို့ကပါ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မျက်မှောက်ကာလတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး ယင်း၏နောက်ဆက်တွဲ အကျိုးဆက်ကြောင့် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးတို့လည်း ပေါ်ပေါက်လျက်ရှိရာ ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို လျော့ပါးသက်သာစွာ ကြုံတွေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် သတိမူလုပ်ကိုင် ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။ ။