ဟိန္ဒူဘာသာ ယဉ်ကျေးမှုဆိုင်ရာ ရက္ချာန်ဗန်ဓန်(ခ)မေတ္တာနှောင်ကြိုး ချည်နှောင်ပွဲတော် ၂၀၂၀ အခမ်းအနားသို့ Zoom Cloud Meeting မှ တစ်ဆင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မေတ္တာစကားမြွက်ကြား
ဟိန္ဒူဘာသာ ယဉ်ကျေးမှုဆိုင်ရာ ရက္ချာန်ဗန်ဓန်(ခ)မေတ္တာနှောင်ကြိုး ချည်နှောင်ပွဲတော် ၂၀၂၀ အခမ်းအနားသို့ Zoom Cloud Meeting မှ တစ်ဆင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မေတ္တာစကားမြွက်ကြား
Ministry of Information/ နေပြည်တော် / August 03, 2020
နေပြည်တော် ဩဂုတ် ၃
သနန္တနဓမ္မပါလကဟိန္ဒူအဖွဲ့ချုပ်က ကြီးမှူး၍ ပြုလုပ်သည့် ဟိန္ဒူဘာသာ ယဉ်ကျေးမှု ဆိုင်ရာ ရက္ချာန်ဗန်ဓန်(ခ)မေတ္တာနှောင်ကြိုး ချည်နှောင်ပွဲတော် ၂၀၂၀ အခမ်း အနားသို့ ယနေ့ ညနေပိုင်းတွင် Online Zoom Cloud Meeting နှင့် SDSS Myanmar Facebook Page လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ကျင်းပသည်။
အခမ်းအနားကို ဘဂဝါအလံတော်လွှင့်ထူခြင်း၊ ငါးပါးသီလရွတ်ဆိုခြင်းနှင့် အလံတော်အား မေတ္တာနှောင်ကြိုးချည်နှောင်ခြင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံမှ ပေးပို့ထား သော မေတ္တာသဝဏ်လွှာ ဗီဒီယိုတင်ပြခြင်း၊ Shri Brahma Pada(ခ) ဦးကံကောင်းက ဓမ္မတေးသီချင်းသီဆိုခြင်း၊ အထူးဧည့်သည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မေတ္တာစကားမြွက်ကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar က အမှာစကားပြောကြားခြင်း၊ Shri Gagan Kumar က အမြိုက်ဝစန ဖတ်ကြားခြင်း၊ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွဲ့ချုပ်ကိုယ်စား မေတ္တာစကားပြောကြားခြင်း၊ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုးဝင်းက ကျေးဇူး တင်စကားပြောကြားခြင်း၊ ပတ္ထနာရွတ်ဆိုခြင်း၊ အလံတော်ရုပ် သိမ်းခြင်း ဆောင်ရွက်ခဲ့ သည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က Zoom Cloud Meeting မှ တစ်ဆင့် မေတ္တာစကားမြွက်ကြားရာတွင် မေတ္တာနှောင်ကြိုး ချည်နှောင်ခြင်းပွဲ တော်ကို ဟိန္ဒူဘာသာဖြင့် ရက္ချာဗန်ဓန် (ရာခီး)ဟုခေါ်ဆိုကြပြီး ရက္ချာဗန်ဓန်ပွဲတော်ကို ဝေဒခေတ်မှ စတင်ကျင်းပခဲ့ကာ နှစ်စဉ်ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)တွင် ကျင်းပ ကြကြောင်း၊ ဝါထပ်သည့်နှစ်များတွင် ဒုတိယဝါဆိုလပြည့်နေ့၌ ကျင်းပလေ့ရှိကြောင်း၊ ရက္ချာဗန်ဓန်ပွဲနှင့် စပ်လျဉ်း၍ ထင်ရှားသော အကြောင်းအရာမှာ နတ်ဒေဝတာများနှင့် အသူရာတို့ စစ်ပွဲဖြစ်ပွားချိန်တွင် သိကြားမင်း၏ကြင်ယာတော်က ခင်ပွန်းဖြစ်သူအားညာဘက် လက်ကောက်ဝတ်တွင် ရက္ချာ(မေတ္တာ)ကြိုးချည်နှောင်ခဲ့ရာမှ အစပြုခဲ့သည်ဟု မှတ်သားရ ပါကြောင်း၊ ရက္ချာဗန်ဓန်ဟူသော သက္ကတဘာသာစကားတွင် ရက္ချာသည် ပါဠိဘာ သာအားဖြင့် ရက္ခ သို့မဟုတ် ရက္ခဏ အပြန်အလှန်စောင့်ရှောက်ခြင်း၊ ဗန်ဓန်သည် ပါဠိဘာသာ အားဖြင့် ဗန္ဓန မေတ္တာ ကြိုးဖြင့် ချည်နှောင်ခြင်း၊ နှောင်ဖွဲ့ခြင်းဟု အသီးသီးအဓိပ္ပာယ်ရရှိသည့် အတွက် ရက္ချာဗန်ဓန်ဟူသည် မိသားစုအတွင်း၌လည်း ညီအစ်ကို မောင်နှမအချင်းချင်း မေတ္တာကြိုးဖြင့်ဖွဲ့ချည်၍ အပြန်အလှန်စောင့်ရှောက်ကြကာ ငြိမ်းချမ်းမှုကိုဖြစ်စေခြင်း၊ မိတ်ဆွေ သင်္ဂဟအတွင်း၌လည်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ရပ်ကွက်သူ ရပ်ကွက်သား အချင်းချင်း တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေတ္တာအရင်းခံသော သံယောဇဉ် နှောင်ကြိုးဖြင့် ရစ်ပတ်ချည်နှောင်ကြကာ အပြန်အလှန်စောင့်ရှောက်ခြင်းဖြင့် ငြိမ်းချမ်း သည့်အသိုက်အဝန်းမှသည် ငြိမ်းချမ်းသောကမ္ဘာကြီးသို့တိုင်အောင် ဖန်တီးဖော်ဆောင်ခြင်း ဟူ၍သာ မိမိအနေဖြင့် အနက် အဓိပ္ပာယ်ဖွင့်ဆိုချင်ပါကြောင်း၊ ၎င်းအဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခြေခံပြီး ဟိန္ဒူမျိုးနွယ်စုအားလုံးကိုအစပြု၍ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး တစ်ဦးနှင့်တစ်ဦး မေတ္တာတရားများ ပိုမိုသက်ဝင်နွေးထွေးကြပြီး စည်းလုံးညီညွတ်သည့် မိသားစု အသိုက်အဝန်း၊ ချစ်ခင်နွေးထွေးသည့် လူမှုအဖွဲ့အစည်းတို့ကို ဖန်တီးနိုင်ကြပါစေ၊ စည်းလုံးညီညွတ်ခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့မှသည် အပြန်အလှန် သည်းခံ ခွင့်လွှတ်ခြင်းများစွာသို့ တိုးပွားနိုင်ပါစေရန် ဆုမွန်ကောင်းပို့သအပ်ပါကြောင်း၊ ယခုအခါ လူသားတိုင်း တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ရင်းနှီးစွာ မေတ္တာတရားများ ဖြန့်ဝေကာ ငြိမ်းချမ်းသာယာလာစေရန် ရှေးရှုသော ပွဲတော်ကြီးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြ ပါကြောင်း၊ ယနေ့ခေတ်ကမ္ဘာမှာ ငြိမ်းချမ်းရေးသည် အလိုအပ်ဆုံးအရာဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်မှာလည်း ဗြဟ္မစိုရ်တရား လေးပါးဖြစ်သည့် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားများပါ ကိုယ်စီကိုယ်စီထားရှိမှသာ ငြိမ်းချမ်းရေးအသီး အပွင့်များကို ခံစားရရှိနိုင်မှာဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ဟိန္ဒူဘာသာဝင်များ၏ ရိုးရာဓလေ့ပွဲတော်လည်းဖြစ်သော မေတ္တာနှောင်ကြိုး ချည်နှောင်ပွဲသည် တစ်ဦး နှင့်တစ်ဦး မေတ္တာဓာတ်များ လွှမ်းခြုံစေသည့်ပွဲတော်ဖြစ်ပြီး စုစည်းညီညာစွာ အတူ တကွ လက်တွဲလုပ်ဆောင် နေကြသည်ကို မြင်တွေ့ရခြင်းဖြင့် နိုင်ငံတော်ကြီး အမြဲထာဝရ ငြိမ်းချမ်းသာယာရေးအတွက် အထောက်အပံ့ ကောင်းများဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်မိပါ ကြောင်း၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အဓိကဘာသာကြီး ၄ ဘာသာရှိသည့်အနက် ဘာသာ အသီးသီးတို့၏ ဘာသာရေးအခမ်းအနားများ ဆောင်ရွက်ကြ ရာတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များအနေဖြင့် လိုအပ်သည့် အကူအညီ အထောက် အပံ့များ ပေးလျက် ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင် ယုံကြည် ကိုးကွယ်မှု ဘာသာ တရားနှင့်ပတ်သက်၍ လွတ်လပ်စွာယုံကြည်ကိုးကွယ် နိုင်ကြပါကြောင်း၊ ဟိန္ဒူဘာသာ သာသနာ အပါအဝင် အခြားဘာသာကြီးများကို နိုင်ငံတော်က အသိအမှတ်ပြု၍ တတ်နိုင်သမျှ ကူညီ စောင့်ရှောက်လျက်ရှိပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)
