ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ National Tourism Guidelines for COVID-19 Safe Services နှင့် ဆက်စပ်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 11, 2020
image_latest


နေပြည်တော် ဇွန် ၁၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ National Tourism Guidelines for COVID-19 Safe Services နှင့် ဆက်စပ်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ စ၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွန်မှုများ၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ Guideline များကို  အတိအကျ လိုက်နာ ဆောင်ရွက်စေခဲ့ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် COVID-19 Economic Relief Plan (CERP) ပေါ်တွင် အခြေပြု၍ COVID-19 Myanmar Tourism Relief Plan ကို အဆင့် ၃ ဆင့်ဖြင့်ချမှတ်ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီကို တင်ပြပြီးဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ရန် ပြည်၀င်ခွင့်များ ယာယီပိတ်ထားပြီး လေကြောင်းလိုင်းများ ရပ်နားထားသည့်အချိန်တွင် ခရီးသွားလုပ်ငန်းသည် လုံး၀ရပ်တန့်သွားပါကြောင်း၊ ၂၀၂၀ ဇန်နဝါရီလ တွင် ခရီးသွား ၄ သိန်း ၀င်ရောက်ခဲ့ရာမှ ဧပြီလတွင် ခရီးသွား (၁၀၀) မရှိသည့်အနေအထား ရောက်ရှိသွားသည်ကို ပြည်သူတွေ ဘေးကင်းလုံခြုံမှုအတွက် အားလုံး အတူတကွ ကြံ့ကြံ့ခံခဲ့ကြပါ ကြောင်း၊  ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ Guidelines များကို လိုက်နာပြီး ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်သည့် social distancing နှင့် အလုပ်ရုံစက်ရုံများ ပြန်ဖွင့်ရန် စျေးများ စားသောက်ဆိုင်များ ပြန်ဖွင့်ရန် ဟိုတယ်၊ တည်းခိုခန်းများ ပြန်ဖွင့်ရန် တဆင့်ပြီးတဆင့် ဆောင်ရွက် ခဲ့ကြပါကြောင်း၊ ဖြေလျှော့မှု နောက်တဆင့်မှာ ဘုရားများ၊ ပြတိုက်များကို social distancing နှင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်ဆိုလျှင် ပြည်တွင်းခရီးသွားများ စတင်သွားလာကြပြီး ခရီးသွားလုပ်ငန်း တဖြည်းဖြည်းချင်း ပြန်လည်အသက်၀င်လာရန် မျှော်လင့်ပါကြောင်း၊ ပြည်တွင်းခရီးသွားများ COVID Safe travel လုပ်နိုင်သည်ကို ပြပြီး ကိုဗစ်-၁၉ ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင် နေသည်ဟု ယူဆရသည့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများနှင့် Regional Travel Bubble ထူထောင်သွားလိုပါကြောင်း၊ ဒေသတွင်းခရီးသွား ပြန်လည်စတင်နိုင်ရန် Tourism National Guidelines ရှိရမည်ဖြစ်သည်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထား သော Guidelines များကို စုစည်း၍ Tourism National Guidelines Beta Version အဖြစ် ပြင်ဆင်ထားပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထပ်မံထုတ်ပြန်မည့် Guidelines များကိုလည်း နောက် version တွင် ဖြည့်စွက် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ မကြာမီက Forbes Magazine က ကိုဗစ်-၁၉ အလွန်တွင် ပေါ်ထွန်းလာမည့် Tourism Destination (၇)ခုမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြခဲ့သည့်အတွက် လာမည့် ခရီးသွားရာသီတွင် မြန်မာနိုင်ငံကို လာရောက်လိုသည့် ခရီးသွားများ၏ စုံစမ်းမှုများကို စတင်ရရှိနေပြီ ဖြစ်ပါကြောင်း၊ လက်ရှိလာရောက်သူများမှာ Business or Diplomatic Traveller အများစုဖြစ်ကြပြီး  Leisure Traveller များ စတင်၀င်ရောက်လာလျှင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအနေဖြင့် Health Insurance ပါရှိရန်ကိုပါ လိုအပ်ချက် တစ်ခုအဖြစ် ထည့်သွင်းပေးစေလိုပါကြောင်း၊  နောက်ဆုံးတချက်မှာ နိုင်ငံ၏ ပကတိအခြေအနေအတိုင်း တည်ရှိနေသည့် တောတောင် ရေမြေတွင် Hiking, Canoeing, Rafting, Bungee Jumping, Zip Lining ကဲ့သို့သော Adventure Tourism ဖြင့် Quality Traveller တွေကို ဆွဲဆောင်နိုင်ရန် ပြင်ဆင်နေပါကြောင်း၊ Sports Tourism ကော်မတီ ကို ဖွဲ့စည်းထားပြီးဖြစ်၍ ယင်းကော်မတီက ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး Adventure Tourism SOP များ ပေါ်ထွက်အောင် ဆောင်ရွက်ရန် ပဏာမညှိနှိုင်းမှု တစ်ကြိမ် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ဘေးကင်းလုံခြုံစွာနှင့် ခရီးသွားလုပ်ငန်း တဆင့်ခြင်း ပြန်လည် စတင်နိုင်ရန် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အကြံဉာဏ်များကို တောင်းခံပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လက်ရှိ၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါသည် Community Transmission ၊ Local Transmission တွင် နည်းနေပြီဖြစ်ပြီး ကူးစက်မှုများရှိနေဆဲဖြစ်ပါကြောင်း၊ လက်ရှိတွင် ပြည်ပမှ ဝင်ရောက်မှုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကိုထိန်းချုပ်နိုင်ကာ စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိဖြေလျော့မှုများကို ကိုဗစ်-၁၉ ၏ ကူးဆက်ဖြစ်ပွားမှု အပေါ်မူတည်၍  တစ်ဆင့်ချင်း တဖြည်းဖြည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအရေးကြီးသည့် ကာကွယ်မှုများမှာ Social Distancing အတိုင်း ဆောင်ရွက်ခြင်း၊ လက်ဆေးခြင်းနှင့် နှာခေါင်းစည်းများ တပ်ခြင်းတို့ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Guidelines များကို တိတိကျကျလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အများပြည်သူလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအာမခံ နှင့်ပတ်သက်၍ နိုင်ငံတကာခရီးသွားများကို အဟန့်အတားဖြစ်လောက်အောင် စျေးမကြီးဘဲ နိုင်ငံတော်က စရိတ်ကျခံရခြင်းကို ကာမိစေမည့် ကျန်းမာရေး အာမခံထားရှိရေး ဆောင်ရွက်ရမည့် ကိစ္စများကို အသေးစိတ်ပြန်လည်ဆွေးနွေးပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ဖြေလျော့မှုများအပေါ်မူတည်၍ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဖြေလျော့မှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဟိုတယ် တည်းခိုရိပ်သာများ နှင့် စားသောက်ဆိုင်များကို သတ်မှတ်ထားသည့် Guidelines များအား လိုက်နာဆောင်ရွက်၍ ဖွင့်လှစ်နေခြင်း ရှိမရှိကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လစဉ်ပုံမှန်စစ်ဆေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းခရီးသွားများ ပြန်လည်စတင် လာလျင် ဆောင်ရွက်နိုင်ရန် အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Guidelines များကို စုစည်း၍ Tourism National Guideline Beta Version အဖြစ် ပြုစုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်မှုအနေဖြင့် BBC မီဒီယာအစီအစဉ်တွင် ထည့်သွင်းဖော်ပြရန် Video Clip ပြုလုပ်၍ ပေးပို့ထားပါကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် ASEAN Tourism Minister Meeting Online အစည်းအဝေးတွင် မလေးရှားခရီးသွား ဝန်ကြီးက Common ASEAN Health Certificate ဖော်ဆောင်ရန် သင့်မသင့် စဉ်းစားရေး ဆွေးနွေး တင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးမောင်မောင်ကျော် နှင့် တာဝန်ရှိသူများက National Tourism Guidelines for COVID-19 Safe Services နှင့် ဆက်စပ်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါကြောင်း သိရသည်။

(သတင်းစဉ်)