အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုထိရောက်တိုးတက် ကောင်းမွန်စေရေးအတွက် ဘက်စုံမှခြုံငုံသုံးသပ်ဆွေးနွေးပွဲကျင်းပ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုထိရောက်တိုးတက် ကောင်းမွန်စေရေးအတွက် ဘက်စုံမှခြုံငုံသုံးသပ်ဆွေးနွေးပွဲကျင်းပ
Ministry of Information/ နေပြည်တော် / July 23, 2020
နေပြည်တော် ဇူလိုင် ၂၃
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုထိရောက်တိုးတက် ကောင်းမွန်စေရေးအတွက် ဘက်စုံမှခြုံငုံသုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံးမွေးဖွားသည်မှ သေဆုံးသည့်အချိန်အထိ နေ့စဉ်စားသုံးနေရသော အစားအစာများ၊ အကြောင်း အမျိုးမျိုးကြောင့် သုံးစွဲရသည့် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီ၍ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပီပြင်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေပါကြောင်း၊ ရောဂါ ပိုးမွှားများ၊ အန္တရာယ်ရှိ ဓာတုပစ္စည်းများနှင့် ခွင့်မပြုဆိုးဆေးများအပါအဝင် ရောဂါဖြစ်ပွား စေနိုင်သည့်အရာများသည် နေ့စဉ်နှင့် အမျှစားသုံးနေရသည့် အစားအသောက်များမှတစ်ဆင့် လူ၏ ကိုယ်ခန္ဓာထဲသို့ အများဆုံးဝင်ရောက် နိုင်ပါကြောင်း၊ အစားအသောက်၊ အလှကုန်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းမှုမရှိပါက လတ်တလော၌ကျန်းမာရေး ပြဿနာ များနှင့် ရင်ဆိုင်ရသကဲ့သို့ ရေရှည်တွင်လည်း ပြည်သူများအပေါ်၌ များစွာသော ဆိုးကျိုးများ သက်ရောက်နိုင်ပါကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုထိရောက်တိုးတက် ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ ဌာနခွဲအလိုက် မိမိတို့၏ လုပ်ငန်းများပီပြင်မှု ရှိ၊ မရှိကို ပွင့်လင်းစွာ ဌာနတွင်းဆွေးနွေးမှုများ၊ ဌာနခွဲအချင်းချင်း တိုင်ပင်ညှိနှိုင်းမှုများကို မိသားစု ဆွေးနွေးခြင်း ပုံစံဖြင့် တစ်နှစ်လျှင် (၂)ကြိမ်ခန့် ဆောင်ရွက် စေလိုပါကြောင်း၊
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများနှင့်လုပ်ငန်း အဆင့်ဆင့်ကို ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဌာန၏အင်တာနက်စာမျက်နှာမှ တစ်ဆင့် လုပ်ငန်းရှင်များ နှင့် ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသော အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုများ၊ နောက်ဆုံးပေါ် အချက်အလက်များကို သိရှိစေရေးအတွက် ဌာန၌အဖွဲ့တစ်ခု ဖွဲ့စည်းလေ့လာကာ သက်ဆိုင်ရာဌာနခွဲများထံ ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုအရှိန်တိုးမြှင့် လုပ်ဆောင်စေလိုပါကြောင်း၊ ဈေးကွက် မတင်မီ စစ်ဆေးခြင်းကို လုပ်ဆောင်နေသည်သာမက ဈေးကွက် ထောက်လှမ်း စောင့်ကြည့်ခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းတို့ကို ယခုထက် ပိုမိုပြုလုပ်သွား စေလိုပါကြောင်း၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ ဦးတည်ချက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ စသည်တို့ပါဝင်သော သတင်းလွှာကို လစဉ်ပြုစုထုတ်ဝေကာ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များထံသို့ လည်းကောင်း၊ အင်တာနက်စာမျက်နှာမှ တစ်ဆင့်လည်းကောင်း ဖြန့်ဝေစေလိုပါကြောင်း၊
ဖြည့်စွက်စာများသည် ပုံမှန်အစားအစာများနှင့် ဆေးဝါးကုသမှုများကို အစားထိုးနိုင်မှု မရှိဆိုသည့်အချက်အား ပြည်သူများ ပိုမိုသိရှိစေရေးအတွက် အသိပညာပေးခြင်းအပါအဝင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ယခုထက်ပိုမိုကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလို ပါကြောင်း၊ စစ်ဆေးထားပြီး ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အမှတ်အသားများ ကပ်ထားနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်စေလိုပါ ကြောင်း၊ ဆေးပစ္စည်းကိရိယာဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှု၊ အမျိုးအမည်စုံလင်များပြားလာမှု တို့ကြောင့် ဆေးပစ္စည်း ကိရိယာများကို စစ်ဆေးခြင်းလုပ်ငန်းများသည် ကျယ်ပြန့်များပြားပါကြောင်း၊ ဆေးပစ္စည်းကိရိယာ စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများအတွက် ပုံမှန်သင်တန်းများ၊ လေ့လာသင်ကြားမှုများ ပြုလုပ်ဆောင်ရွက်ရန် ရေတို၊ ရေရှည် အစီအစဉ်များချမှတ် ဆောင်ရွက်စေလိုပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ လုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)တို့တွင် ဟောပြောပို့ချမှုများ ပြုလုပ်ရမည်ဖြစ်ပါ ကြောင်း၊ ယခုဆွေးနွေးချက်များ၊ အကြံပြုချက်များကို ဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် အသေးစိတ်သီးခြားဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းများအား ခြုံငုံရှင်းလင်းတင်ပြသည်။
ထို့နောက် အစားအသောက်ဌာနခွဲ၊ ဆေးဝါးဌာနခွဲ၊ ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်ဌာနခွဲ၊ ဓာတ်ခွဲဌာနခွဲနှင့် စီမံရေးရာဌာနခွဲတို့မှ တာဝန်ရှိသူများက ဌာနခွဲအလိုက် ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ဖြည့်ဆည်းရန်ကိစ္စရပ်များကို ပွင့်လင်းစွာဖြင့် ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ချက်ချင်းဖြည့်ဆည်း ပေးနိုင်သည် များကို ဖြည့်ဆည်းပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် စီစဉ်ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)