အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဖရန့် ဝေါ့တာ စတိုင်းမား နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ တို့က ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့


Ministry of Information/ Naypyitaw / November 20, 2020
image_latest


အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဖရန့် ဝေါ့တာ စတိုင်းမား နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ တို့က ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့

နေပြည်တော် နိုဝင်ဘာ ၁၉ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပြည်ထောင်စုသမ္မတမနီနိုင်ငံ သမ္မတမစ္စတာ ဖရန့် ဝေါ့တာ စတိုင်းမား နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။

အဆိုပါသ၀ဏ်လွှာအပြည့်အစုံမှာ -

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဖရန့် ဝေါ့တာ စတိုင်းမား ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများရှိနေသည့်ကြားမှ နိုဝင်ဘာလ ၈ ရက်တွင် လွှတ်တော်အသီးသီးအတွက် အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းသို့ ဆက်လက်ချီတက်သွားလိုသည့် ဆန္ဒကိုထူးခြားစွာပြသခဲ့ကြပါကြောင်း၊ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာနှင့်အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အဆွေတော်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထပ်မံအနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြတ်သားသော ဆောင်ရွက်ချက်များ လုပ်ဆောင် နိုင်ရန် ပြည်သူများမှ လုပ်ပိုင်ခွင့်ကို အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် ရေရှည် တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးမှု၊ သာယာဝပြောမှုတို့ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ

ဆောင်ရွက်ရန်အတွက် ခွန်အားနှင့် ယုံကြည်မှုများရရှိရန် ဆန္ဒပြုအပ်ပါကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် အဆွေတော်နှင့် မြန်မာနိုင်ငံအား ဆက်လက်ပံ့ပိုးထောက်ခံသွားမည်ဟု ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ဖီ၊ ရှာမာ အိုလီမှ ပေးပို့သည့် သဝဏ်လွှာ

မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအပေါ် မြန်မာပြည်သူများ၏ ယုံကြည်မှုနှင့် မြန်မာပြည်သူများက အဆွေတော်၏ပါတီအပေါ်ထောက်ခံအားပေးမှုတို့ကို ရွေးကောက်ပွဲရလဒ်က သက်သေပြခဲ့ကြောင်း။

နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု တည်ထောင်ခဲ့သည့် ၁၉၆၀ ပြည့်နှစ်မှစတင်၍ အပြန်အလှန် နားလည် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကိုအခြေခံကာ နှစ်နိုင်ငံဆက်ဆံရေးသည် အထူးကောင်းမွန်လျက် ရှိကြောင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာတူညီမှုများ အထူးသဖြင့် ဗုဒ္ဓဘာသာ၏တူညီသော တန်ဖိုးများက မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူများကို ရင်းနှီးမှုပိုမိုရရှိစေခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ နေထိုင်ကြသည့် နီပေါနွယ်ဖွားများသည် နှစ်နိုင်ငံ ပိုမို နီးကပ်စေရန်အတွက် ခိုင်မာသော ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးခဲ့ကြောင်း။

နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သည့်ယဉ်ကျေးမှု ဆက်ဆံရေးများသည် အနာဂတ်တွင် ပိုမိုခိုင်မြဲလာမည်ဟု ယုံကြည်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် နီပေါနိုင်ငံသို့ လာရောက်ခဲ့သည့် အဆွေတော်၏ ခရီးစဉ်က မိမိတို့ နှစ်နိုင်ငံကို ပိုမိုနီးကပ်စေခဲ့ကြောင်း။

နှစ်နိုင်ငံ၏ အကျိုးစီးပွားနှင့် ပြည်သူများအတွက် မိမိတို့ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ အားကောင်းလာစေရန် အဆွေတော်နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း။