အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများတိုးတက်ရရှိရေးစီမံချက် အောင်မြင်မှုများ အသိပေးတင်ပြ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 06, 2020


ဘားအံ ဖေဖော်ဝါရီ ၅

 ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ MEDA ( Menononite Economic Development Associates ) နှင့် ဒေသတွင်းမိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများ တိုးတက်ရရှိရေးစီမံချက် အောင်မြင်မှုများ အသိပေးတင်ပြသည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၈ နာရီက ဘားအံမြို့ ကန်သာဦးခန်းမ၌ ကျင်းပသည်။

 အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး Heather McBride, First Secretary, Embassy of Canada နှင့် Jennifer King, Senior Project Manager, Global Programs, MEDA တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

 ထို့နောက် စီမံကိန်းဝင်ကျေးရွာများမှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဦးဆောင်တောင်သူများ၊ မိတ်ဖက်အဖွဲ့ အစည်းများက ၎င်းတို့၏ အောင်မြင်မှုများကို မျှဝေ၍ စကားဝိုင်းဆွေးနွေးခဲ့ကြကာ ဟင်းသီးဟင်းရွက်များ၊ သီးနှံများအား ရောင်းချခဲ့ကြသည်။

 ယခုကဲ့သို့ အသိပေးတင်ပြရခြင်းမှာ စီမံချက်နှင့်ပူးပေါင်းလုပ်ကိုင်နေသော ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ် များမှ အမျိုးသမီး တောင်သူများ၏ အောင်မြင်မှုများကို အစိုးရဌာနဆိုင်ရာများနှင့် ပြည်သူလူထုထံသို့ အသိပေးတင်ပြခြင်းဖြစ်ကြောင်း၊ စီမံချက်(၅) နှစ်တာကာလအတွင်း ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းရှိ အမျိုးသမီးတောင်သူ ၈၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျေးရွာ အခြေပြုငွေစုငွေချေးအဖွဲ့ပေါင်း ၃၀၀ ကျော်ဖွဲစည်းနိုင်ခဲ့ကြောင်း၊ ဈေးကွက် နှင့်ချိတ်ဆက်ပေးမည့် အမျိုးသမီးအရောင်းကိုယ်စားလှယ် ၁၂၀ ကျော်ကို မွေးထုတ်နိုင်ခဲ့ကြောင်း၊ စိုက်ပျိုးစီးပွား ဦးဆောင် လုပ်ငန်း(၇)ခုနှင့် အသေးစား၊ အလတ်စား စွန့်ဦးတီထွင်လုပ်ငန်း(၁၀)ခုကို အချိုးကျထည့်ဝင်ရန်ပုံငွေပံ့ပိုးကာ တောင်သူ ဝန်ဆောင်မှုတိုးချဲ့နိုင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်ရှိ ဆန်စက်(၁၁)ခုကို ရန်ပုံငွေပံ့ပိုးကာ အရည်အသွေးမြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကရင်ပြည်နယ်ရှိ အမျိုးသမီး ၂၅၀၀၀ ကို အကျိုးသက်ရောက် စေခဲ့ကြောင်း သတင်းရရှိသည်။