အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဒီဇိုင်းရေးဆွဲပြီးဖြစ်၍ စီးပွားရေးကဏ္ဍများ ပိုမိုအားကောင်းစေရန် အကောင်အထည်ဖော်ဆောင်ရွက်မည်


Ministry of Information/ ​နေပြည်တော် / February 05, 2020
image_latest


နေပြည်တော်  ဇန်နဝါရီ ၃၁

အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES) ၂၀၂၀-၂၀၂၅ ဒီဇိုင်းရေးဆွဲပြီးဖြစ်၍ စီးပွားရေးကဏ္ဍများ ပိုမိုအားကောင်းစေရန် အသေးစိတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း (NES-2020-2025) အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES) ၂၀၂၀-၂၀၂၅ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကို အောင်မြင်စွာ ဒီဇိုင်းရေးဆွဲပြီး အသေးစိတ် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ လက်ရှိအရှိန်ရနေတဲ့ ပို့ကုန်လုပ်ငန်းတွေပေါ်မှာလည်း အခြေခံမယ်။ နောက် မြန်မာနိုင်ငံရဲ့ အနာဂတ် ကာလမှာ တိုးတက်လာမယ့် ပို့ကုန်အသစ်တွေပေါ်မှာလည်း ရည်ရွယ်ပြီး ထည့်သွင်းရေးဆွဲခဲ့ပါတယ်” ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 အမျိုးသားပို့ကုန်မဟာဗျူဟာက ၂၀၁၅ ကနေ ၂၀၁၉ အထိ ပထမ ငါးနှစ် အကောင်အထည်ဖော်ခဲ့ပြီးဖြစ်၍  ဦးစားပေးကဏ္ဍ၊ အထောက်အကူပြုကဏ္ဍတွေကို သက်မှတ်ဆောင်ရွက်ခဲ့ပြီး ထိုက်သင့်သည့် အောင်မြင်မှုလည်း ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၀-၂၀၂၅ နောက်ထပ် ငါးနှစ်အတွက်အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲခဲ့ကြောင်း၊  ရေးဆွဲရာတွင် ပြီးခဲ့သည့် ငါးနှစ်ကတာကာလက တွေ့ရှိရသည့် အတွေ့အကြုံများကို အခြေခံ၍ ပိုမိုကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် သက်ဆိုင်သည့် stakeholders များနှင့် အပြန်အလှန် ဆွေးနွေးပြီးဆောင်ရွက်ခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက “အမျိုးသား ပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကို ဆောင်ရွက်ရာတွင် ကဏ္ဍများ တိုးချဲ့ခဲ့ပြီး ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည့် ကဏ္ဍများ အပါအဝင် လက်ရှိကဏ္ဍများမှာ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ လယ်ယာထွက်ကုန်ပစ္စည်းကို အခြေခံသည့် စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ တို့ပါဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပို့ကုန်မြှင့်တင်ရေးအတွက် အထောက်အကူပြုကဏ္ဍများအဖြစ်  စီမံခန့်ခွဲမှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် ကဏ္ဍများကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

 “မူလကတည်းကရွေးချယ်ထားတဲ့ ကဏ္ဍတွေကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားပါမယ်။ အဲ့ဒါတွေက ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ၊ ရော်ဘာလုပ်ငန်းကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ ရရှိနိုင်ရေးကဏ္ဍ တို့ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးကပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ကဏ္ဍ၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍ သုံးခုကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားမည့် ကဏ္ဍများအဖြစ် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC) က ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှု ကဏ္ဍများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကာ အီးယူ၏အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် စီမံကိန်းတွင် ထောပတ်သီး၊ နာနတ်သီး၊ ကျွဲကောသီး၊ ကြက်သွန်ဖြူတို့ကို  ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်သွားရန် ပူးတွဲဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှသိရသည်။

သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေး တို့က ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ပသို့တင်ပို့ရောင်းချသော အဝတ်အထည်များ ထုတ်လုပ်ရောင်းချသည့် လှယဉ်မိုး ကုမ္ပဏီ လီမိတက်မှဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မိုးက အမျိုးသားပို့ကုန်မဟာဗျူဟာ၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES) ၂၀၂၀-၂၀၂၅ ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI) နှင့် ပူးပေါင်းကာ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ICT) ၏ နည်းပညာအကူအညီဖြင့် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးတို့အတွက် နိုင်ငံတော်ပို့ကုန် မဟာဗျူဟာကို ၂၀၁၃ ခုနှစ်က စတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန-ITC တို့ပူးပေါင်း၍ နည်းပညာဆိုင်ရာ အကူအညီများကို အခြေခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်