အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန Website www.nam.gov.mm ၌ အမျိုးသားရေးရာတန်ဖိုးနှင့် သမိုင်းတန်ဖိုးရှိ မော်ကွန်း/ မှတ်တမ်း e-Resources များအား (၉-၆-၂၀၂၀) ရက်နေ့မှ စတင်၍ Online အသုံးပြု ရှာဖွေခြင်းဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပြီဖြစ်
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန Website www.nam.gov.mm ၌ အမျိုးသားရေးရာတန်ဖိုးနှင့် သမိုင်းတန်ဖိုးရှိ မော်ကွန်း/ မှတ်တမ်း e-Resources များအား (၉-၆-၂၀၂၀) ရက်နေ့မှ စတင်၍ Online အသုံးပြု ရှာဖွေခြင်းဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပြီဖြစ်
Ministry of Planning and Finance/ National Archives of Myanmar, Nay Pyi Taw / June 08, 2020

အများပြည်သူအနေဖြင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ Website ဖြစ် သည့် www.nam.gov.mm တွင်မော်ကွန်းတိုက်ပိုင်စာရင်းဝင် မော်ကွန်းမှတ်တမ်း e-Resources များ ကို ၉-၆-၂၀၂၀ ရက်နေ့မှ စတင်၍ Online အသုံးပြု ရှာဖွေခြင်း ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနရှိ စုဆောင်းထားသော မော်ကွန်းမှတ်တမ်း သတင်းအချက်အလက်များကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာန Website Homepage ရှိ Online အသုံးပြု ရှာဖွေနိုင်မည့် (Discover Archives) တွင် အချိန်တိုအတွင်း လျှင်မြန်လွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်ပါသည်။
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ www.nam.gov.mm Home Page ရှိ Discover Archives ၌ လွတ်လပ်ရေး မရမီခေတ် (၁၈၂၄ - ၁၉၄၈) မော်ကွန်းများအား National Archives Information System (NAIS Database) ဖြင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်၍ စာဖတ်သူများအနေဖြင့် Archives Online တွင် ဝင်ရောက်ရှာဖွေ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ မော်ကွန်းမှတ်တမ်း အထောက်အထားများအား Download ရယူ ဆောင်ရွက်လိုပါက Online Register ပြုလုပ်ပြီး e-Payment စနစ် အသုံးပြု၍ ဤဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်ရန် မလိုအပ်ဘဲ Online ဖြင့် Download ရယူ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တွင် စုဆောင်းထားသည့် မော်ကွန်းမှတ်တမ်းများမှာ မော်ကွန်းအုပ်စု (၂၉) အုပ်စုနှင့် ခေတ်အဆက်ဆက်အစိုးရ ထုတ်ဝေသော ပုံနှိပ်မော်ကွန်းတို့ဖြစ်ပြီး အကြောင်းအရာများ အနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှု၊ ချမှတ်ခဲ့သော မူဝါဒများ၊ မူဝါဒကို အကောင်အထည်ဖော်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတော်၏ ပိုင်ဆိုင်မှု များဖြစ်သည့် နယ်နမိတ်စာချုပ်များ၊ လွတ်လပ်ရေး ရယူရန်အတွက် လက်မှတ်ရေးထိုးခဲ့သော စာချုပ် စာတမ်းများ၊ ပြည်ပနိုင်ငံများနှင့်သံတမန်ဆက်သွယ် ဆောင်ရွက်ခြင်းဆိုင်ရာ ကြေညာချက်များ၊ စီမံကိန်းလုပ်ငန်းများနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပချုပ်ဆိုသော စာချုပ်စာတမ်း/ စာချွန်လွှာများ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ပြန်တမ်း၊ အရေးကြီး အစည်းအဝေးမှတ်တမ်းများ၊ ပြည်နယ်တိုင်းများရဲ့ Gazetteers များ၊ အစီရင်ခံစာများ၊ စီမံကိန်း၊ စီမံချက်၊ ကိန်းဂဏန်း စာရင်းအင်းများစသဖြင့် မော်ကွန်း/မှတ်တမ်းများ ဖြစ်ပြီး၊ အကျုံးဝင် ကာလ အနေဖြင့် ဗြိတိသျှအုပ်ချုပ်ရေးကာလမှ ယနေ့အထိ (၁၈၂၄-၂၀၂၀ ပြည့်နှစ်) ဖြစ်ပြီး နိုင်ငံတော်၏ သမိုင်းစာမျက်နှာတွင် အထင်ကရမော်ကွန်း မှတ်တမ်းများ ဖြစ်ပါသည်။
အထက်ဖော်ပြပါ မော်ကွန်းမှတ်တမ်းများကို ဒစ်ဂျစ်တယ်ပုံစံ၊ မိုက်ခရိုဖလင်များ၊ မိုက်ကရို ဖစ်(ချ်)များ၊ ကက်ဆက်တိပ်ခွေများ၊ နှုတ်ပြောသမိုင်းများ (Oral History)၊ ဗွီဒီယိုအခွေများ၊ စီဒီများ၊ ဓါတ်ပြားများ၊ ဆလိုက်ဖလင်များ၊ ရုပ်ရှင်ဖလင်များနှင့် ဓါတ်ပုံများကို စက္ကူမဟုတ်သည့် မှတ်တမ်း မော်ကွန်းများအဖြစ် ထိန်းသိမ်းထားပါသည်။ အဆိုပါ မှတ်တမ်းမော်ကွန်းများအား ရှာဖွေဖတ်ရှု လေ့လာလိုပါက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်ရှာဖွေ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
