အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ကရင်ဘောလုံးအသင်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ချန်ပီယံဆုဖလားတက်ရောက်ချီးမြှင့်
အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ကရင်ဘောလုံးအသင်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ချန်ပီယံဆုဖလားတက်ရောက်ချီးမြှင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / December 02, 2019
ရန်ကုန်- နိုဝင်ဘာ(၂၈)
ရန်ကုန်တိုင်းဒေသကြီးတွင် MFF နှင့် 100PLUS Myanmar မှ ကြီးမှူးကျင်းပသည့် ပြည်နယ်နှင့်တိုင်း အသက် (၁၄)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို နိုဝင်ဘာ(၂၈)ရက်နေ့၊ မွန်းလွဲ(၃)နာရီခွဲက ကရင်အသင်းနှင့်မန္တလေးအသင်းတို့ ယှဉ်ပြိုင်ကြရာမှာ (၃)ဂိုး (၄)ဂိုးဖြင့် ကရင်ပြည်နယ်ကိုယ်စားပြုဘောလုံးအသင်းမှ အနိုင်ရဗိုလ်ဆွဲခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ချန်ပီယံ ဆုဖလား တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကရင်အသင်းသည် (၃)ဂိုးပြတ် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး ပထမပွဲစဉ်တွင်ပင် မန္တလေးအသင်း၏ ချေပဂိုးများ သွင်းယူမှုကြောင့် ဒုတိယပွဲစဉ် နောက်ဆုံးလက်ကျန်မိနစ်အထိ(၃)ဂိုးစီသရေဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ ပွဲပြီးခါနီးတွင် ကရင်အသင်းက (၁)ဂိုး ပြန်လည်သွင်းယူ အနိုင်ရယူခဲ့ခြင်းဖြစ်သည်။
ဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ပထမဆုရရှိသည့် ကရင်အသင်းအား ချန်ပီယံဆုဖလားကို ပေးအပ်ချီးမြှင့်ပြီး ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အကြံပေးဦးဘန်နီတင်အောင်နှင့်တာဝန်ရှိသူများက ပထမဆုရရှိသည့် ကရင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုကြေးငွေကျပ် ၂၅ သိန်း၊ ဒုတိယဆုရရှိသည့် မန္တလေးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၅ သိန်း၊ ပူးတွဲတတိယဆု ရရှိသည့် မွန်အသင်းနှင့် တနင်္သာရီအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၀ သိန်းစီနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် စောမိုးဇော်(ကရင်)အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်တစ်သိန်း၊ သွင်းဂိုးအများဆုံး ဆုရရှိသည့် အောင်ကောင်းမြတ် (မန္တလေး)အား ဆုတံဆိပ်နှင့် ဆုကြေး ငွေကျပ် တစ်သိန်းတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။