၂၀၁၈ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်ဆရာကြီး ဦးထွန်းအောင်ချိန်နှင့် အမျိုးသားစာပေဆုရ စာရေးဆရာများ၏ စကားသံများ
၂၀၁၈ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်ဆရာကြီး ဦးထွန်းအောင်ချိန်နှင့် အမျိုးသားစာပေဆုရ စာရေးဆရာများ၏ စကားသံများ
Ministry of Information/ နေပြည်တော် / November 14, 2019



၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရှင်များနှင့် အမျိုးသားစာပေဆုရရှိသူများ၊ စာပေ ဗိမာန်စာမူဆု ရရှိသည့် စာရေး ဆရာများ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ အဆိုပါဆုရရှိသည့် စာရေးဆရာများ၏ ဝမ်းသာပီတိစကားသံအချို့ကို မြန်မာ့အလင်းက တွေ့ဆုံမေးမြန်း သိရှိရသည်များ ဖော်ပြလိုက်ရပါသည်။
အမျိုးသားစာပေတစ်သက်တာဆု
စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်
တစ်သက်တာဆုရမယ်လို့ မထင်မှတ်ခဲ့ဘူး။ ပြီးတော့ မမျှော်လင့်ခဲ့ဘူး။ ကျွန်တော်က သမိုင်းဆရာပါ။ အခုလို တစ်သက်တာဆု ရရှိမှုအပေါ်ဝမ်းသာပါတယ်။ မောင်ရင် မောင် မမယ်မစာအုပ်ကို အင်္ဂလိပ်လို ဘာသာပြန်ခဲ့တယ်။ နိုင်ငံတော်က ဆုပေးခဲ့ဖူးတယ်။ သမိုင်းနဲ့ ပတ်သက်ရင် ပုဂံခေတ်ကနေ ကိုလိုနီခေတ်ထိ အကုန်လေ့လာရေးသား တယ်။ ဆောင်းပါးပေါင်းချုပ် လေးအုပ်နဲ့ ဘာသာပြန် ငါးအုပ်ရေးခဲ့တယ်။ ရေးခဲ့တဲ့ စာအုပ်တွေအားလုံးက မှတ်မှတ်ရရတွေချည်းပါပဲ။ ဆရာဝန်တင်ရွှေဆုနဲ့ ထွန်းဖောင်ဒေးရှင်းဆုကို ရဖူးတယ်။ နိုင်ငံတော်က အခုလို တစ်သက်တာဆု ပေးတဲ့အပေါ် မမျှော်လင့်ထားတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူတယ်။
၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဂုဏ်ထူး နဲ့ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ကို ဝန်ကြီးချုပ် ဦးနုက အပ်နှင်းတယ်။ ဆက်ပြီး နိုင်ငံခြားဟားဗတ်တက္ကသိုလ်မှာ ပညာဆက် သင်ကြားပြီး မဟာဝိဇ္ဇာ အောင်ခဲ့တယ်။ ရန်ကုန်မှာ ဘွဲ့ရပြီးတော့ ၁၉၅၄-၁၉၉၃ ခုနှစ်အထိ အငြိမ်းစားယူတဲ့ အထိ ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မော်လမြိုင် ကောလိပ်မှာ ကျောင်းဆရာတာဝန် ထမ်းဆောင်ခဲ့ တယ်။ သား တစ်ဦး၊ သမီး နှစ်ဦးနဲ့ မြေး လေးဦးရှိပါတယ်။
အောင်မြင့်ဦး (မဟာဝိဇ္ဇာ) (နိုင်ငံရေးစာပေဆု)
ဒုတိယကမ္ဘာစစ်ပြီးခေတ်မှာ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကိုကြည့်ရင် ဖဆပလ အခန်း ကဏ္ဍကို တွေ့ရမယ်။ ပြီးတော့ အဓိကအုပ်စုသုံးခုက ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီနဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဆို ပြီး ရှိတယ်။ အဲဒီထဲမှာ ကျမ်းအထောက်အထားမရှိတာ တစ်ခုက ပြည်သူ့ရဲဘော်ဖြစ်နေတယ်။ စာတိုပေတိုပဲ ရှိတယ်။ ခိုင်ခိုင်မာမာ သမိုင်းစာအုပ်စာပေ မရှိခဲ့ဘူး။ ဒါဟာ စာအုပ်ကို ရေးသားလိုတဲ့ ရည်ရွယ်ချက်တစ်ခုပါ။ နိုင်ငံရေး အမြင်နဲ့ နိုင်ငံရေး အသိကို လူငယ်တွေ အမြင်မပြတ်စေချင် ဘူး။ ဒါမှ နိုင်ငံမှာ လိုအပ်တဲ့ကွက်လပ်တွေကို ဖြည့်ပေးနိုင် မှာပါ။ တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ ပြည်သူ့ရဲဘော် ကြီးတွေထဲမှာ အသက်(၉၉)နှစ်နဲ့ တစ်ဦးတည်းသာ ကျန်ရှိ တဲ့ ပြည်သူ့ရဲဘော် ဗိုလ်သန်းညွန့်(ရွှေဘို)ကို ဂုဏ်ပြုတာ လည်း ပါပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ထူထောင်ခဲ့တဲ့အဖွဲ့အစည်းလည်း ဖြစ်တာကြောင့် သမိုင်း မှာ တင်ကျန်စေလိုတဲ့အတွက် ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်ကို လေးနှစ်အချိန်ယူပြီး ရေးခဲ့ရတာပါ။
ကျွန်တော်ဒီဆုရတဲ့အတွက် အတိုင်းမသိ ဝမ်းသာ တယ်။ ကျွန်တော်က စာရေးသူပါပဲ။ တကယ်တမ်း ဆုရရှိသူ ဟာ ကျွန်တော်မဟုတ်ပါဘူး။ ပြည်သူ့ရဲဘော်ဟောင်းကြီး တွေပါ။ သူတို့ကျေးဇူးကြောင့် သမိုင်းကိုသိရှိပြီး ရေးသား နိုင်ခဲ့တာပါ။ နိုင်ငံတော်က ဂုဏ်ပြုမှုအပေါ်မှာလည်း မဖော် ပြနိုင်အောင် ဝမ်းသာရပါတယ်။ ၁၉၈၄ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရတယ်။ ၁၉၈၅ ခုနှစ်မှာ ဝိဇ္ဇာဂုဏ်ထူး ဘွဲ့ရတယ်။ မြစ်ကြီးနားနဲ့ မုံရွာဒီဂရီကောလိပ်တွေမှာ နည်းပြအဖြစ် တာဝန်ထမ်း ဆောင်တယ်။ ၁၉၉၇ ခုနှစ်မှာ ပြည်သူ့ရဲဘော်သမိုင်း (၁၉၄၅-၁၉၆၄)ကျမ်းနဲ့ မဟာဝိဇ္ဇာ ဘွဲ့ကို ရခဲ့တယ်။ သမိုင်းနဲ့ နိုင်ငံရေးဆောင်းပါး ၆၀၀ ကျော်ရေးသားခဲ့တယ်။ ညီအစ်ကိုမောင်နှမ ခြောက်ဦးမှာ ကျွန်တော်က အကြီးဆုံးပါ။ နိုင်ငံရေးစာပေကို အလေးထား ပြီး အခုလိုနိုင်ငံတော်က ဆုချီးမြှင့်မှုအပေါ် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ပြောင်းလဲဖို့ဆိုရာမှာ လူတွေရဲ့ နိုင်ငံရေး အသိနဲ့ နိုင်ငံရေးအမြင်ဟာ အရေးကြီးပါတယ်။
မြ၀င်း(ဒဿန) (သုတပဒေသာ-ဝိဇ္ဇာ ဆု)
၂၀၁၄ ခုနှစ်က မိုးဦးလေဦး ကဗျာများ စာအုပ်နဲ့ အမျိုးသားစာပေဆုကို မောင်လင်းကြည် ကလောင်အမည် နဲ့ အမျိုးသားစာပေဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာမို့ အခုဒုတိယအကြိမ် အမျိုးသားစာပေဆု ရရှိခြင်းဖြစ်ပါတယ်။ အခုဒီစာအုပ်ကို ရေးဖြစ်တာက မြန်မာတွေမှာ ကိုယ်ပိုင် ရသစာတွေရှိတယ်ဆိုတာ ဖော်ပြချင်လို့၊ ရသပညာဆိုတာ အနုပညာဒဿနလို့ ပြောလို့ရတာပေါ့။ မြန်မာစာပေမှာ ဆရာဇော်ဂျီက ရသကို ရေးသားခဲ့တဲ့ ဆရာကြီးတွေထဲ မှာ တစ်ဦးဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရသပညာတွေရှိသလို၊ ရေးဖွဲ့ဖော်ပြကြသလို မြန်မာရသပညာကိုလည်း ဖော်ကျူး ချင်လို့ ဒီစာအုပ်ကို ရေးဖြစ်တာဖြစ်ပါတယ်။
ဆရာမြဝင်း(ဒဿန)၏ အမည်အရင်းမှာ ဦးမြ၀င်း ဖြစ်ပြီး မြင်ခြံခရိုင် တောင်သာမြို့နယ် ရသစ်ရွာတွင် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် မွေးခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ မဟာဝိဇ္ဇာ(ဒဿန) ဘွဲ့ရရှိခဲ့ပြီး တက္ကသိုလ် နည်းပြရာထူးမှ ပါမောက္ခချုပ်ရာထူးအထိ တာ၀န်ထမ်း ဆောင်ခဲ့သည်။ ပါမောက္ခချုပ်ရာထူးဖြင့် ပြည်တက္ကသိုလ်မှ ၂၀၀၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
ဆရာသည် ၁၉၇၂ ခုနှစ်မှစတင်၍ ကဗျာများ စတင် ရေးသားခဲ့ပြီး ကဗျာစာအုပ် နှစ်အုပ်အပါအ၀င် လုံးချင်းစာအုပ်ပေါင်း ၂၅ အုပ် ရေးသားခဲ့ပြီးဖြစ်သည်။ ယခုအခါ ဇနီးဒေါ်ပြုံးခင်၊ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကား ပြီး ပြည်မြို့ ပြည်သာယာရပ်၊ အမှတ် ၂၀ ကိုးသောင်း တိုးချဲ့(၁)လမ်းတွင် နေထိုင်ကာ စာများ ရေးသားလျက်ရှိ သည်။
မြစ်ကျိုးအင်း (ဝတ္ထုတိုဆု)
မျှော်လင့်ခြင်းကိုမျှားတဲ့ ညနေ ဝတ္ထုတိုစာအုပ်မှာ စုစုပေါင်း ၁၆ ပုဒ်ပါဝင်ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်ရတာ တစ်ခုရှိပါတယ်။ စာအုပ်ထဲပါတဲ့ ဝတ္ထုတို ၁၆ ပုဒ်မှာ ၁၅ ပုဒ်က ကျွန်တော် Blogger ဘဝနဲ့ နိုင်ငံခြားမှာရေးထားတဲ့ ဝတ္ထုတိုတွေပါ။ ဟိုးအရင် ကတည်းက ရေးထားဖူးပြီး ကျွန်တော့် Blog မှာတင်ခဲ့တာ တွေပေါ့။ Blog ပေါ်မှာ ရေးကြတာအများစုက အပျော်တမ်း စိတ်အပန်းဖြေရေးကြတာများတယ်။ မိသားစုနဲ့ အဝေးမှာ အလုပ်လုပ်နေကြရင်း အလွမ်းပြေရေးကြတာ များပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတည်းက ကျွန်တော် သေသေချာချာ အားစိုက်ပြီးရေးခဲ့တာတွေရဲ့ အသီးအပွင့်ကို အခုခံစားခွင့် ရတာဆိုတော့ စိတ်ထဲတော်တော်လေး ကျေနပ်ပျော်ရွှင် မိပါတယ်။
ကျွန်တော်က ဝတ္ထုတိုပဲ အရေးများပါတယ်။ ရေးတဲ့ အခါလည်း အကြောင်းအရာတစ်ခုခု၊ လွဲချော်နေတဲ့စနစ် တစ်ခုခု၊ ထိထိရှရှဖြစ်စရာ မြင်ကွင်းတစ်ခုခုကို စိတ်ထဲမှာ အစအဆုံး ဇာတ်အိမ်တည်ပြီးမှ တစ်ခါတည်း ချရေးဖြစ်ခဲ့ တာချည်းပါပဲ။ မြင်တွေ့ရသမျှ မြင်ကွင်းတွေကို စိတ်နှလုံး သားထဲအထိ ခံစားမိအောင်ကြည့်ပြီး ရေးဖြစ်တာများ တယ်။ ဒါကြောင့် မြင်ကွင်းစုံ၊ အကြောင်းအရာစုံ ရေးဖြစ်ခဲ့ တယ်။
စာအုပ်ထုတ်ဖြစ်ခဲ့တာကတော့ ၂၀၁၈ ရွှေအမြုတေ စာပေဆုရပြီးချိန်မှာ ထုတ်ဝေသူမဟာစာပေက ကမ်းလှမ်း တာရယ်၊ ကျွန်တော့်ရဲ့ စာပေဖခင်ဖြစ်တဲ့ ဆရာ ဦးဝင်းငြိမ်း ကလည်း စာအုပ်ထုတ်သင့်ပြီဆိုပြီး အကြံပြုတာရယ် ကြောင့်ပါ။ ဆရာ့ကိုရော ထုတ်ဝေသူကိုပါ ကျေးဇူးတင် ပါတယ်။
ဝတ္ထုတိုတွေအပေါ် ခံယူချက်အမြင်ကို ပြောရရင် ကျွန်တော်ဝတ္ထုတိုတွေကို သိပ်ချစ်ပါတယ်။ ကျွန်တော့် စာအုပ်စင်ပေါ်က ၉၅ ရာခိုင်နှုန်းသော စာအုပ်တွေဟာ ဝတ္ထုတိုပေါင်းချုပ်တွေပါပဲ။ ဝတ္ထုတိုတွေကို ဖတ်ရတာလည်း ကြိုက်တယ်။ အားရတယ်။ ဝတ္ထုတိုကောင်းတစ်ပုဒ် ရေးပြီးသွားတိုင်းလည်း သိပ်အားရကျေနပ်မိတယ်။
ဝတ္ထုတိုဆိုတာ ကန့်သတ်ထားတဲ့ စာမျက်နှာပေါ်မှာ အကန့်အသတ်မရှိတဲ့ ဇာတ်အိမ်တွေ အတွေးတွေကို ကျစ်ကျစ်လျစ်လျစ် ဖြန့်ခင်းပြရတာကြောင့် စိန်ခေါ်မှု တစ်ခုပါပဲ။ စာလုံးရေနည်း နည်းနဲ့ စာဖတ်သူရင်ကို ပြင်းပြင်း ရှရှ ထိစေဖို့ အားထုတ်ရတာကြောင့် ဝတ္ထုတိုတွေကို သိပ်ကြိုက်မိပါတယ်။ ရှေ့လျှောက်လည်း ဝတ္ထုတိုကောင်း တွေကို များများရေးနိုင်အောင် ကြိုးစားသွားပါ့မယ်။
စာရေးဆရာ မြစ်ကျိုးအင်း၏ အမည်ရင်းမှာ မောင်သက်ပိုင်စိုး ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးစိုးလင်းနှင့် မိခင် ဒေါ်ကြည်ကြည်ဝင်းတို့မှ ၁၉၈၁ ခုနှစ်တွင် သန်လျင်မြို့ ၌ မွေးဖွားခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ မြစ်ကျိုးအင်းအမည်ဖြင့် Blog ပေါ်တွင် ဝတ္ထုတိုများရေးကာ Blogger တစ်ဦး ဖြစ်လာ ခဲ့သည်။
၂၀၁၁ ခုနှစ် မေလထုတ် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း တွင် ကမ္ဘာပျက်ခြင်း ဝတ္ထုတိုဖြင့် ပုံနှိပ်စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
စာပေနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် အကောင်းဆုံး ရသစာပေ Blog အကယ်ဒမီဆု( Myanmar Blog Academy Award) ဆုကိုရရှိခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ရွှေအမြုတေဝတ္ထုရှည်စာပေဆုကို ကြံဖတ်များဝတ္ထုရှည်ဖြင့် ဆုရရှိခဲ့သည်။
လက်ရှိတွင် သန်လျင်မြို့၌ နေထိုင်ရင်း ရွှေအမြုတေ မဂ္ဂဇင်းတွင် ဝတ္ထုတိုများ ဆက်လက်ရေး သားနေဆဲ ဖြစ်သည်။
သန်းထိုက်၊ သန်းဝင်း၊ အာကာလင်း
ဓာတ်ပုံ-သန်းစိုး၊ တင်စိုး
