၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် မြန်မာငွေ ကျပ် သန်း ၅၉၄၅၉ ဒသမ ၈၀ တန်ဖိုးရှိ ကျောက်စိမ်း အတွဲ ၃၄၉၁ တွဲနှင့် ငွေကျပ် သန်း ၃၆ ဒသမ ၉၂ တန်ဖိုးရှိ ကျောက်မျက်အတွဲ ၉ တွဲ ရောင်းချခဲ့ရ
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် မြန်မာငွေ ကျပ် သန်း ၅၉၄၅၉ ဒသမ ၈၀ တန်ဖိုးရှိ ကျောက်စိမ်း အတွဲ ၃၄၉၁ တွဲနှင့် ငွေကျပ် သန်း ၃၆ ဒသမ ၉၂ တန်ဖိုးရှိ ကျောက်မျက်အတွဲ ၉ တွဲ ရောင်းချခဲ့ရ
Ministry of Information/ နေပြည်တော် / January 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ စတင်ပြသရောင်းချခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက် ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသည် ယနေ့ ညနေပိုင်းတွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ယနေ့ပြပွဲ ဆဋ္ဌမနေ့ ကျင်းပသည့် နံနက်ပိုင်းမှစ၍ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း တင်ဒါအောင်မြင်သူများစာရင်း စောင့်မျှော်သူများဖြင့် စည်ကား လျက်ရှိသည်။
ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၀၁) မှ (၃၆၉၅) တွဲအထိ ကျောက်စိမ်း အတွဲ (၁၁၉၅) တွဲမှ တင်ဒါ အောင်မြင်သူများစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာငွေ ကျပ် ( ၁၇၀၇၃၆၈၇၀၆၀ ) တန်ဖိုးရှိ ကျောက်စိမ်း အတွဲ (၁၁၄၁) တွဲကို ရောင်းချခဲ့ရသည်။
ရတနာကုန်သည် ကိုရန်အောင် က မဏိရတနာကျောက်စိမ်းဝင်းမှာ ကျင်းပတဲ့ ပြသရောင်းချပွဲတိုင်းမှာ လွတ်လွတ် လပ်လပ်ကြည့်ရှု လေ့လာ ခွင့်ရတယ်၊ ဝယ်ယူမယ့်သူ စိတ်ကြိုက်တင်ဒါတင်သွင်းလို့ရတယ်၊ အိတ်ဖွင့် တင်ဒါစနစ်ဖြစ်လို့လဲ စိတ်ချမ်းသာတယ်၊ ကျောက်စိမ်းအတွဲ တွေရဲ့ကြမ်းခင်းဈေးက ၁၀ သိန်းလို့ သတ်မှတ်ထားပေမယ့် တင်ဒါ အောင်မြင်တဲ့ဈေးနှုန်း တွေကိုလေ့လာကြည့်မယ်ဆိုရင် ယူရိုငွေနဲ့ပြသ ရောင်းချပွဲတွေလိုပဲ ဈေးနှုန်းတွေမြင့်မြင့်မားမားနဲ့ရောင်းချနေရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဟု ပြောသည်။
ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင်၊ ဒုတိယ အထွေထွေ မန်နေဂျာ ဦးနိုင်ဇော်ဦး၊ ဒုတိယအထွေထွေမန်နေဂျာ ဦးလှအောင်၊ လက်ထောက်မန်နေဂျာ ဦးကျော်ဦးလွင် နှင့် မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအတွင်း တွဲဖက်အတွင်းရေးမှူး ဦးသောင်းကြည် တို့ ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ သတင်းစာ ရှင်း လင်းပွဲကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင် က မြန်မာကျပ်ငွေနဲ့ပြသ ရောင်းချတဲ့ ဒီပွဲကို ရတနာကုန်သည် ၂၀၂၃ ဦး တက်ရောက်ခဲ့ပါတယ်၊ ပြပွဲမှာ ကျောက်စိမ်းအတွဲ ၃၆၉၅ တွဲနဲ့ကျောက်မျက်အတွဲ ၂၈၆ တွဲ ပြသခဲ့ပြီး မြန်မာငွေ ကျပ် သန်း ၅၉၄၅၉ ဒသမ ၈၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းအတွဲ ၃၄၉၁ တွဲနဲ့ ငွေကျပ်သန်း ၃၆ ဒသမ ၉၂ တန်ဖိုးရှိတဲ့ ကျောက်မျက်အတွဲ ၉ တွဲရောင်းချခဲ့ရ ပါတယ်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ယခုကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက် ရတနာများ မြန်မာ ကျပ်ငွေဖြင့်ရောင်းချပွဲတွင် တန်ဖိုးအမြင့်ဆုံး အဖြစ် အလေးချိန် ၅၈၀ ကီလိုရှိ ကျောက်စိမ်း တွဲ အမှတ် ၁၄၆၉ ကို မြန်မာငွေကျပ်သိန်း ၅၈၀၀ ဖြင့် ရောင်းချခဲ့ရကြောင်းသိရသည်။
မင်းမင်းဇော်(ကလေး၀)