“ခွန်အားများနဲ့နေ့သစ်ဆီ” တရုတ်ရုပ်သံ ဇာတ်လမ်းတွဲ မိတ်ဆက်အခမ်းအနား ကျင်းပ
“ခွန်အားများနဲ့နေ့သစ်ဆီ” တရုတ်ရုပ်သံ ဇာတ်လမ်းတွဲ မိတ်ဆက်အခမ်းအနား ကျင်းပ
Ministry of Information/ နေပြည်တော် / December 21, 2019
ရန်ကုန် ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် Sky Net မီဒီယာတို့ ပူးပေါင်းဆောင်ရွက်သည့် “ခွန်အားများနဲ့နေ့သစ်ဆီ” တရုတ်ရုပ်သံ ဇာတ်လမ်းတွဲ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Wyndam Grand Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင် နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ဒါရိုက်တာများ၊ အနုပညာရှင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က အမှတ်တရစကားများ ပြောကြားကြသည်။
ထို့နောက် “ခွန်အားများနဲ့နေ့သစ်ဆီ” တရုတ်ရုပ်သံဇာတ်လမ်းတွဲအား နမူနာ မိတ်ဆက်ပြသခြင်း၊ နောက်ခံစကားပြော ကြားပုံကို လက်တွေ့ပြသခြင်း၊ အဆိုတော် ဆိုဖီယာအဲဗရက်စ် က နောက်ခံဇာတ်ဝင်တေးသီချင်း ဖျော်ဖြေခြင်းနှင့် ဒါရိုက်တာ Mr. Zhao Bao Gang အဆိုပါဇာတ်လမ်းတွဲ ရိုက်ကူးခြင်းနှင့် စပ်လျဉ်း၍ အတွေ့အကြုံ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြသည်။
“မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ နှစ် (၇၀) ပြည့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို ဇာတ်လမ်းတွဲတွေကတစ်ဆင့် သိရှိဖို့ မြန်မာပြည်မှာ ပြသနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်းက နှစ်နိုင်ငံအတွက် ဝမ်းသာစရာ ကောင်းပါတယ်။ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်တွေအတွက် များစွာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
“ရုပ်ရှင် ရုပ်သံဇာတ်လမ်းတွဲတွေကို နောက်ခံစကားပြောကြားခြင်းက ပြောဆိုသူတွေရဲ့ ခံစားသက်ဝင်မှုအပေါ် အချိန်ကိုက် ပြောဆိုမှုတွေကြောင့် ပိုပြီး ထိရောက်အောင်မြင်တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ ဒါကို ဥပဒေအဖြစ် ပြဋ္ဌာန်းထားပြီး နိုင်ငံခြားသားတွေ နားလည် အောင် လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။ အဲဒီကနေ ယဉ်ကျေးမှုဖလှယ်တာတွေ၊ ချစ်ခင် ရင်းနှီးမှု တွေ ပိုမိုရရှိ တိုးပွားစေပါတယ်”ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြောသည်။
ယခုမိတ်ဆက်သည့် “ခွန်အားများနဲ့နေ့သစ်ဆီ” တရုတ်ရုပ်သံ ဇာတ်လမ်းတွဲသည် ခေတ်တစ်ခေတ် အတွင်းရှိ လူငယ်များ၏ ဘဝစိန်ခေါ်မှုများကို ကြိုးစား ရင်ဆိုင် ရုန်းကန်ခြင်း၊ ဘဝတစ်လျှောက် ကြုံတွေ့ရသည့် ချစ်ခြင်း၊ မုန်းခြင်းနှင့် သနား ကရုဏာသက်စရာ စသည့် စိတ်ခံစားမှုများ၊ လောကဓံတရားများကို ရဲရဲရင်ဆိုင်ဖြေရှင်းကြသည့် ဘ၀ဖြတ်သန်းမှုများကို ဖော်ကျူးထားသည့် အပြုသဘောဆောင်သည့် လူငယ်ဇာတ်လမ်းတွဲတစ်ခုဖြစ်ကြောင်း သိရသည်။
နောက်ခံမြန်မာစကားပြောသူများအဖြစ် ဇေယျ၊ ကျော်ကျော်၊ သီရိရှင်းသန့်၊ ဆုမြတ်နိုးဦး စသည့် မြန်မာအနုပညာရှင်များဖြင့် ပါဝင်သရုပ်ထားကြသည်။ အဆိုပါဇာတ်လမ်းတွဲကို လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ Sky Net ရုပ်မြင်သံကြား World Drama ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမေးမြန်း - မွန်းဦးနဒီ
ဓာတ်ပုံ - ဇော်မင်းလတ်
