မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ရရှိတော့မည်ဖြစ်


Mandalay Region Government/ Mandalay / September 26, 2018


ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်ခဲ့သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (၃၀%) ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်ခြင်းနှင့် လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ရက် မွန်းလွဲ ၂နာရီက ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အမှတ်(၁၄) ရေတွန်းစက်ရုံ၌ ကျင်းပသည်။

            ရှေးဦးစွာ ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr.Ichiro Maruyama ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး၊ Jica- မြန်မာရုံးမှ ဌာနေကိုယ်စားလှယ်ကြီး Mr. Masayuki karasawa တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ဝန်ကြီးချုပ်နှင့် ဂျပန်နိုင်ငံ သံအမတ်ကြီးတို့မှ ရေတွန်းစက် ပန့်မော်တာအား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ ရေတွန်းစက်ရုံနှင့် ရေလှောင်ကန်တို့အား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

            ထို့နောက်မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မှ အဖွင့်အမှာစကား ပြောကြားရာ " မန္တလေး- ပြည်ကြီးတံခွန်မြို့နယ် လူဦးရေ၏ ၃၀%ဖြစ်သော ရပ်ကွက်ငါးခုကို ရေဖြန့်ဝေပေးနိုင် ခြင်းအပေါ် ကျေနပ်ပီတိဖြစ်ရပါတယ်၊ ပထမဆုံးအနေနဲ့ မြို့တော်နေပြည်သူများနှင့် မန္တလေးပြည်သူလူထု ကိုယ်စား၊ ဂျပန်ပြည်သူများနှင့် အစိုးရမှ ထောက်ပံ့ငွေ ပံ့ပိုးခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါတယ်၊ ကျွန်တော်တို့ ဂျပန်နှင့်မြန်မာ ချစ်ကြည်ရင်းနှီးမှုဟာ နှစ်ပေါင်းကြာရှည်ခဲ့ပြီ ဖြစ်ပါတယ်၊ နောက်ထပ်လည်း ဆက်လက်ကြာရှည်ဖို့ ကျွန်တော်တို့ အစိုးရခြင်း ဆောင်ရွက်နေတာတွေ ရှိသလို အရပ်ဘက်အဖွဲ့အစည်းများ၊ ပါတီများနဲ့လည်း ဆောင်ရွက်နေတာတွေ ရှိပါတယ်၊ ဒါကြောင့်မို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးဟာ ဆက်လက် တည်တံ့ခိုင်မြဲဖို့ လိုပါတယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံများဟာ ဖွံ့ဖြိုးဆဲနိုင်ငံများကို အကူအညီပေးနေတာတွေ ရှိပါတယ်၊ JICAဟာ မန္တလေးမြို့မှာ သူတို့နဲ့ပတ်သပ်တဲ့ လုပ်ငန်းတော်တော်များများရှိပါတယ်၊ ဒီလုပ်ငန်းတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ လိုပါတယ်၊ ဒီရေတွန်းစက်ရုံကြီးကို ကြည့်လိုက်တဲ့အခါ အလွန်ကိုသန့်ရှင်း ပါတယ်၊ သတ်ရပ်ပါတယ်၊ စက်ရဲ့အရည်အသွေးကို ကြည့်လိုက်တာနဲ့ သိပါတယ်၊ ရေကိုသန့်စင်အောင် ကလိုရင်းကို ပေးနေတာ တွေ့ရတဲ့အတွက် ဘာပဲပြောပြော ပြည်သူလူထုအတွက် ယုံကြည်စိတ်ချရတဲ့ သောက်သုံးရေကို ရရှိတယ်ဆိုတာ အလွန်ကျေနပ်စရာ ကောင်းပါတယ်၊ ဒီစက်ရုံက ရေကိုသောက်သုံးခွင့် ရရှိတဲ့ ပြည်သူတွေ အနေနဲ့လည်း ရရှိတဲ့အခွင့်အရေးကို အကျိုးရှိရှိအသုံးချဖို့လိုပါတယ်၊ ဒီစက်ရုံကြီး ရေရှည်တည်တံ့ဖို့ အားလုံးဝိုင်းဝန်းထိန်းသိမ်းလိမ့်မယ်လို့ ယုံကြည်ပါကြောင်း "ပြောကြားခဲ့သည်။

            ဆက်လက်၍ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr.Ichiro Maruyama နှင့် JICA-မြန်မာရုံးမှ ဌာနေကိုယ်စားလှယ်ကြီး Mr. Masayuki karasawaတို့မှ အမှာစကားများ အသီးသီးပြောကြားပြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ဂျပန်နိုင်ငံ တိုကျိုအင်ဂျင်နီယာ အတိုင်ပင်ခံ ကုမ္ပဏီ၏ ကိုယ်စားလှယ်နှင့် တိုဘီရှီးမားကော်ပိုရေးရှင်းမှ ကိုယ်စားလှယ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍၊ တိုဘီရှီးမားကော်ပိုရေးရှင်း၏ စီမံကိန်းမံနေဂျာ Mr.Urakawaမှ လုပ်ငန်းလွှဲပြောင်းမှု အထိန်းအမှတ် သော့သေတ္တာအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်သန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

            အဆိုပါစီမံကိန်းအား ၃.၆.၂၀၁၅မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၈ခုနှစ် စက်တင်ဘာတွင် အပြီးဆောင်ရွက်နိုင်ခဲ့ပြီး၊ ရေတွန်းစက်ရုံမှ တစ်နာရီလျှင် ရေဂါလံ(၃၅၀၀၀)ခန့် ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ၊ (က)ရပ်ကွက်၊ (ဃ)ရပ်ကွက်၊ (င)ရပ်ကွက်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ သင်ပန်းကုန်းရပ်ကွက်တို့ရှိ ပြည်သူများသန့်ရှင်းသော သောက်သုံးရေများ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။