ကျေးလက်ဒေသဖွံ့ဖြိုးရေးစကားဝိုင်းကို ဘားအံမြို့နယ်ကော့ရင်းအထက်ကျေးရွာအုပ်စုတွင်ကျင်းပ
ကျေးလက်ဒေသဖွံ့ဖြိုးရေးစကားဝိုင်းကို ဘားအံမြို့နယ်ကော့ရင်းအထက်ကျေးရွာအုပ်စုတွင်ကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 01, 2018
ဘားအံ - စက်တင်ဘာ၂၉
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ရင်းအထက်ကျေးရွာအတွင်းရှိ ကျေးရွာ(၈)ရွာမှ ကျေးလက်နေပြည်သူများအား ကျေးလက်ဒေသ ဖွံ့ဖြိုးလုပ်ငန်းများတွင် အခက်အခဲနှင့်အကြံဉာဏ်ပေးဆွေးနွေးပြောကြားနိုင်ရန်အတွက် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျေးလက်စကားဝိုင်း(PUBLIC TALK)ကို စက်တင်ဘာလ၂၉ ရက်နေ့၊ နံနက်၉နာရီခွဲက ကော့ရင်းအထက်ကျေးရွာအုပ်စု ဥသျှစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဘက်စုံသုံးဓမ္မာရုံ၌ ကျင်းပသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်နိုင်တင့်က ကျေးလက်စာပေစကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စကားဝိုင်း၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က ကျေးရွာရှိ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးမှအစ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများမှတစ်ဆင့် တင်ပြတောင်းဆိုနိုင်ကြောင်းနှင့် လွှတ်တော်၏လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခြင်း၊ ဘားအံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ကျေးရွာရှိ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ပြည်နယ်အာမခံလုပ်ငန်းတာဝန်ခံ ဒေါ်မေကျော့ခိုင်က အာမခံလုပ်ငန်းနှင့်သက်ဆိုင်သော ကိစ္စရပ်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆဲင်ဇခုပ်က ရေကြီးနစ်မြုပ်လယ်ယာမြေများအား ပြန်လည်ပြုပြင်စိုက်ပျိုးကြရန် လိုအပ်သောမျိုးစပါးများ၊ ဓာတ်မြေဩဇာစနစ်တကျသုံးစွဲပုံများနှင့် စိုက်ပျိုးနည်းပညာဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးခင်မောင်ဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြစိမ်းရောင်ရန်ပုံငွေ ဆောင်ရွက်နိုင်သည့်အခြေအနေ၊ ရေရရှိရေး၊ မီးရရှိရေး၊ လမ်းနှင့်တံတားများဆောင်ရွက်ပေးနိုင် သည့် အခြေအနေများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောဖောင်ဟိက ကျွဲ၊ နွား၊ ကြက်၊ ဝက် စသော မွေးမြူရေးလုပ်ငန်းများအား စီးပွားဖြစ် မွေးမြူကြရန်နှင့် လိုအပ်သော မွေးမြူရေးနည်းပညာများ ဆေးဝါးများအား ကူညီထောက်ပံ့မည့် အခြေအနေများ၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးခင်ရွှေက ကျောင်းပညာရေးတွင် အခမဲ့ပညာရေးစနစ် ဆောင်ရွက်နေသည့်အခြေအနေများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေစင်ရတနာသိန်း က သွေးလွန်တုပ်ကွေးရောဂါ၏ အန္တရာယ်ကြီးမားပုံအကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းတွင် ကော့ရင်းအထက်ကျေးရွာအတွင်းရှိ ကျေးရွာ(၈)ရွာမှ ကျေးလက်နေပြည်သူ (၄၅၀)ဦးကျော် တက်ရောက်လာကြပြီး ဆွေးနွေးချက်များအား မိမ်တို့ကျေးရွာများတွင် ဖွံ့ဖြိုးရေးအတွက်လိုအပ်သော ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရေမီးလမ်းပန်းဆက်သွယ်ရေးကဏ္ဍများအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။




