ပြည်သူများအားလုံး ကောင်းမွန်စွာ အိပ်စက်အနားယူပြီး အပူအပင်ကင်းစွာ နိုးထနိုင်သည့် အချိန်ရောက်သည်အထိ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရမည်


Mandalay Region Government/ Mandalay / October 02, 2018


 မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဝတ်စုံကို မြင်လိုက်တာနဲ့ တပြိုင်နက်ထဲ ငါတို့ဘ၀ လုံခြုံပြီလို့ ပြည်သူတွေယူဆတဲ့အထိ ကြိုစားဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ အကြိမ်ပေါင်းများစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဇွဲ၊ လုံ့လမလျှော့ဘဲ စေတနာ၊ ရိုးသားမှု၊ ကျင့်ဝတ်များ မဖောက်ဖျက်ပဲ ထိန်းသိမ်းကာ ပြည်သူတွေ အားလုံး ညမှာ ကောင်းမွန်စွာအိပ်စက်အနားယူပြီး အပူအပင်ကင်းစွာ နိုးထနိုင်သည့်အချိန် ရောက်သည်အထိ လုံခြုံရေး၊ တရားဥပေဒစိုးမိုးရေးလုပ်ငန်းများ ကို  ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈ နာရီက တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ပြောကြားခဲ့သည်။

 အဆိုပါ (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ကြသည်။

 (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် "မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖြတ်သန်းခဲ့တဲ့ ကာလကို ကြည့်မယ်ဆိုရင် လုပ်ငန်းအောင်မြင်တာတွေရှိသလို ပြည်သူတွေနဲ့ သဟဇာတမဖြစ်တာလည်းရှိမယ်။ ဖြတ်သန်းခဲ့တဲ့သမိုင်းတစ်လျှောက် ယနေ့ရောက်ရှိ နေတဲ့ ခေတ်ကိုတော့ မျက်ခြေမပျက်ဖို့ အရေးကြီးပါတယ်။ ဒီနေ့ဟာဒီမိုကရေစီကိုသွားနေတဲ့ ခေတ်ကာလဖြစ်ပါတယ်။ ကမ္ဘာကြီးကလည်း ဒီမိုကရေစီကို တောင်းဆိုနေပါပြီ။ ဒီမိုကရေစီကသာလျှင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်တာပါ။ ဒီမိုကရေစီကသာလျှင် အခြေခံ လူအခွင့်အရေးများကို ဖော် ဆောင်ပေးနိုင်တာဖြစ်ပါတယ်။ ကမ္ဘာသူကမ္ဘာသားအားလုံးက ဒီမိုကရေစီကိုတောင်းဆိုနေပြီး ကျွန်တော်တို့လည်း ဒီမိုကရေစီနဲ့အညီ ပြုမူကျင့်ကြံ နေထိုင် ရမှာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်တိုင်က ပြောင်းလဲနေပြီဖြစ်ပါတယ်။ ပြည်သူကိုဗဟိုပြုနေတဲ့ ရဲတပ်ဖွဲ့ကြီးဖြစ်လာပါပြီ။ ဒါကို မျက်ခြေမပျက်ကြဖို့လိုပါ တယ်။ ပြည်သူကိုပဲမျက်နှာမူပြီး ပြည်သူ့အကျိုးကိုပဲ ဖော်ဆောင်ပေးကြရမှာဖြစ်ပါတယ် "ဟု ပြောကြားသည်။

 ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က"မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ကိုက ပြည်တွင်းလုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လူမှုဘ၀၊ ပုဂ္ဂိုလ်ရေးဘဝကို အကာအကွယ်ပေးနိုင်တာ ပြည်တွင်းလုံခြုံရေး ဖြစ်ပါတယ်။ ယနေ့လိုခေတ်ကြီးမှာ ပြည်တွင်းလုံခြုံ ရေးဟာ အလွန်ပဲခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးဟာ ရွာကြီးဖြစ်သွားပြီ နယ်ခြားမရှိတော့ဘူး၊ ရာဇဝတ်မှုတွေကလည်း နယ်စပ်ဖြတ်ကျော်တဲ့ မှုခင်းတွေ ဖြစ်လာတယ်။ အဲ့လိုအခြေအနေမှာ ကျွန်တော်တို့ ခေတ်နောက်ကျကျန်ခဲ့လို့ ခေတ်မီနည်းပညာတွေ မတတ်ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ဘယ်လိုလုပ်အကာအကွယ်ပေးမလဲ။ ပြည်တွင်းလုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေး အလွန်အရေးကြီးပါတယ်။ ရဲတပ်ဖွဲ့မှာ ခေတ်မီနည်း ပညာတွေ ပြည့်စုံနေမှဖြစ်မှာ။ ခေတ်မီနည်းပညာတွေကို ကျွမ်းကျင်နေတဲ့ ရဲတပ်ဖွဲ့ကြီးဖြစ်နေရမှာပါ။ ခေတ်မီနည်းပညာတွေနဲ့ပဲ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသား တွေကို မကြာခင်ကာကွယ်စောင့်ရှောက်ရတော့မယ့် ကာလကိုရောက်ရှိနေပါပြီ။ ဒါတွေကတော့ ဘယ်သူ့တာဝန်လဲဆိုတော့ အဓိက Key Player ဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တစ်ခုတည်း ဆောင်ရွက်လို့ရပြီလားလို့ မေးစရာရှိပါတယ်။ မဖြစ်ပါဘူး။ အားလုံးပါဝင်ရမှာပါ။ အစိုးရလည်းပါ မယ်။ အရပ်ဘက် အဖွဲ့အစည်းတွေလည်းပါမယ်၊ ဒါမှသာလျှင် ယနေ့ခေတ်တွင် ဖြစ်ပျက်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှာပါ"ဟု ထပ်လောင်း ပြောကြားခဲ့သည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦးမှ (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးမှပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားပြီး  ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက် နိုင်မှု အကောင်းဆုံးဆု ရရှိသူများနှင့် ပညာရည်ချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြသည်။

 ဆက်လက်ပြီး (၅၄)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ပြသပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ခန်းမအတွင်း ခင်းကျင်း ပြသထားသော ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြခန်းများအား လေ့လာကြည့်ရှုခဲ့ကြသည်။