ကမ္ဘာ့ အကြီးဆုံး စည်တော်ကြီး ထားရှိမည့်နေရာ ဒေသနှင့် ပတ်သက်၍ သီတဂူ ဆရာတော် ကြီး ဩဝါဒ ခံယူမည်


Ministry of Information/ အင်းတော် / December 28, 2018
image_latest


အင်းတော် ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကုန်း ကျေးရွာတွင် ထုလုပ်ခဲ့သည့် ကမ္ဘာ့ အကြီးဆုံး စည်တော်ကြီး ထားရှိမည့် နေရာဒေသနှင့် ပတ်သက်၍ သီတဂူ ဆရာတော်ကြီး ဩဝါဒ ခံယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြောသည်။

အဆိုပါ မြန်မာ့ အကြီးဆုံး စည်တော်ကြီးကို အင်းတော်မြို့နယ် လက်ပံကုန်း ကျေးရွာရှိ ''ဆရာပွဲ'' မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းတွင် ထွင်းထုပြုလုပ်ခဲ့ပြီး ပြီးစီးခဲ့မှု အခြေအနေ များကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင့်နှင့် အတူ တာဝန်ရှိသူများသည် သွားရောက် လေ့လာကြည့် ရှု့ခဲ့ကြောင်း သိရသည်။

''သီတဂူ ဆရာတော် ကြီးနဲ့ တိုင်ပင်ပြီး ဩဝါဒ ခံယူနေပါတယ်၊ ဒီစည်တော်ကြီးက ကမ္ဘာမှာလည်း အကြီးဆုံး စည်တော်ကြီးဆိုတော့ သူ့ကို ထိုက်တန်သလို ကောင်းကောင်းမွန်မွန် ထားဖို့၊ လုပ်တဲ့သူတွေကတော့ ကျွန်တော်တို့ကို လှူဒါန်းပေးပြီး ကြိုက်သလို လုပ်ပါလို့ ပြောတယ်။ ဒါပေမယ့် ဒါက သာသနာနဲ့ ဆိုင်တဲ့ စည်တော်ကြီးမို့ သီတဂူ ဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ဆိုတာကို ဩဝါဒခံယူမယ်။ အမှား မခံနိုင်ဘူးလေ'' ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြောသည်။

အဆိုပါ မြန်မာ့အကြီးဆုံး စည်တော်ကြီးကို ထွင်းထုခဲ့သည့် အသားမှာ ကုက္ကိုသား ဖြစ်ပြီး အင်းတော်မြို့ သင်္ချိုင်းရှင်းလင်းရာမှ ရရှိခြင်းဖြစ်ကြောင်းနှင့် စည်တော်ကြီး ထွင်းထု ပြုလုပ်မှုကို ယခု နှစ် ဖေဖော်ဝါရီလက ၁၂ ရက်နေ့က စတင် ပြုလုပ် ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း စည်တော်ကြီး ထွင်းထုခဲ့သည့် ''ဆရာပွဲ'' မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းမှ ဦးကျော်ညွန့်က ပြောပြသည်။

ကုက္ကိုသားဖြင့် ပြုလုပ်ခဲ့သည့် စည်တော်ကြီးမှာ အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မ၊ စည်တော် မျက်နှာဝ အကျယ် ၅၄ လက်မရှိပြီး စည်တော်မျက်နှာပြင်အတွက် ကျွဲသားရေ နှစ်ချပ်နှင့် စည်တော်စည်ကျစ် ကြိုးအတွက် နွားသားရေ (၁၈)ချပ်ကို အသုံးပြုထားကြောင်း ''ဆရာပွဲ '' မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းမှ သိရသည်။

ထို့အပြင် စည်တော် အတွင်းပိုင်းကို ဘုရားဟော တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗာမဲ့ ဆရာတော်၏ ဂါထာတော်နှင့် လောကီ အစီအမံများ၊ စည်တော် အပြင်တွင် ဗုဒ္ဓဘုရားရှင်၏ ၁၀၈ ကွက်သော ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ ကြည်ညို ဖွယ်ရာဖြစ်အောင် ပြုလုပ် ဆောင်ရွက် ထားကြောင်း သိရသည်။

ကိုမင်း(အင်းတော်)