(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဓါတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 05, 2018


ဘားအံ နိုဝင်ဘာ ၂
 ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဓါတ်ပုံပြိုင်ပွဲဆုချီးမြှင့်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်က ဘားအံမြို့ Community Centre ခန်းမ၌ ကျင်းပသည်။
 အဆိုပါဓါတ်ပုံပြိုင်ပွဲကို (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် မဂ္ဂဇင်း၊ ပြက္ခဒိန်များတွင် ထည့်သွင်း အသုံးပြုနိုင်ရန်၊ ပြည်နယ်အတွင်း ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် အထင်ကရအလှအပများ၊ သဘာဝရှုမျှော်ခင်းများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ အေးချမ်းသာယာမှုများ၊ ချစ်စဖွယ်တိုင်းရင်းသားတို့၏ လူနေမှုဘဝပုံစံနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ကရင်ပြည်နယ်ဓါတ်ပုံ အသင်းမှ အသင်းဝင်များ ဖော်ညွှန်းရိုက်ကူးထားသည့် ဓါတ်ပုံပေါင်း ၁၀၂ ပုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
 ဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးတေဇထွဋ်လှိုင်ထွေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်ခင်စောလင်းက ဓါတ်ပုံပြိုင်ပွဲ ကျင်းပဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြေကြားကာ ကရင်ပြည်နယ်ဓါတ်ပုံအသင်းဥက္ကဋ္ဌ ဦးတင်ထွဋ်နိုင်က ဆုရွေးချယ်မှုစနစ်အား ရှင်းလင်းပြောကြားသည်။
 ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် တာဝန်ရှိသူများက ဓါတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဓါတ်ပုံလက်ရာများနှင့် ဆုရရှိသည့်ဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြသည်။
 ကရင်ပြည်နယ်ဓါတ်ပုံအသင်းကို ဓါတ်ပုံပညာဖြင့် ကရင်ပြည်နယ်၏ သဘာဝအလှအပများ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ပွဲတော်များ၊ ကိုးကွယ်ယုံကြည်မှုနှင့် လူနေမှုဘဝများကို ဖော်ထုတ်ပြသနိုင်ရန်၊ ပြည်နယ်၏ဖွံဖြိုးတိုးတက်မှုကို ကူညီဆောင်ရွက်ပေးနိုင်ရန်၊ ဓါတ်ပုံပညာတိုးတက်ပြန့်ပွားစေရန်အတွက် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ကနာယက အဖွဲ့ဝင်(၅)ဦး၊ EC အဖွဲ့ ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ဓါတ်ပုံအသင်းသား ၁၁၀ ဦးခန့်ဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။