ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် (၁၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတတ်ရောက်
ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် (၁၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတတ်ရောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 23, 2018
ဘားအံ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မိုးကယ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတေဇိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုပြီး ကထိန်လျာ ဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ကြွရောက်တော်မူကြသော မြို့ပေါ်ကျောင်းတိုက် ၅၀ မှ ထေကြီးဝါကြီး ဆရာတော် ၅၀ ပါးနှင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှ သင်တန်းသား ၁၃ ပါး စုစုပေါင်း ဆရာတော်သံဃာတော် ၆၃ ပါးတို့အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နေ့ဆွမ်းဆက်ကပ်လှူးဒါန်းခဲ့ကြသည်။
(၁၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများမှ ငွေသားတန်ဖိုး ၁၇၂၅၂၃၀၀ ကျပ်၊ ပစ္စည်းတန်ဖိုး ၈၄၂၀၄၀၀ ကျပ် စုစုပေါင်း တန်ဖိုးငွေကျပ် ၂၅၆၇၂၇၀၀ (နှစ်ရာငါးဆယ်ခြောက်သိန်းခုနှစ်သောင်း နှစ်ထောင် ခုနှစ်ရာကျပ်)တန်ဖိုးရှိ ကထိန်လျာဉာတ်သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ပါဝင်သော ပဒေသာပင် ၆၁ ပင်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ ဘားအံမြို့အတွင်းနှင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းအထိ လှည့်လည်၍ ယနေ့တွင် စုပေါင်းမဟာဘုံကထိန်သင်္ကန်းကို ဆက်ကပ်လှူဒါန်းကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။